backup og meta

လိင်မှုဘဝ ချောမွေ့စေဖို့ သုံးလေ့ရှိတဲ့ ချောဆီရဲ့ ဘေးထွက်ဆိုးကျိုး အချို့

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 07/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်မှုဘဝ ချောမွေ့စေဖို့ သုံးလေ့ရှိတဲ့ ချောဆီရဲ့ ဘေးထွက်ဆိုးကျိုး အချို့

    ချောဆီဆိုတာက လိင်မှုဘဝကို ချောမွေ့စေဖို့ ထောက်ကူပေးနိုင်တဲ့ အရာတစ်ခုပေါ့။ ချောဆီဆိုတာက လိင်မှုဘဝကို ချောမွေ့စေတယ် ဆိုပေမယ့် ဘေးထွက်ဆိုးကျိုး အနည်းငယ်တော့ ရှိပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ လိင်မှုဘဝ ချောမွေ့စေဖို့ သုံးလေ့ရှိတဲ့ ချောဆီရဲ့ ဘေးထွက်ဆိုးကျိုး အချို့ က ဘာတွေများဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ 

    ချောဆီက လိင်မှုဘဝကို ဘယ်လိုထောက်ပံ့ပေးသလဲ!

    ချောဆီဆိုတာက လိင်ဆက်ဆံမှုမှာ ထိခိုက်ပွန်းပဲ့နိုင်ခြေ နည်းစေသလို နှစ်ကိုယ်ကြားဆက်ဆံရေးကို သာယာကြည်နူးဖွယ်ဖြစ်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ အစိုဓာတ် ထိန်းပေးနိုင်တာပါ။ ချောဆီက အခုလို ကောင်းကျိုးလေးတွေ ပေးနိုင်တယ်ဆိုပေမယ့် အသင့်တော်ဆုံးဖြစ်မှာကို ရွေးချယ်ဖို့ လိုပါမယ်။

    ချောဆီတွေမှာ ရေကို အခြေပြုပြီး ထုတ်တားတဲ့ ချောဆီ၊ ဆီကို အခြေခံပြီး ထုတ်ထားတဲ့ ချောဆီနဲ့ ဆီလီကွန်ကို အခြေခံပြီး ထုတ်ထားတဲ့ ချောဆီဆိုပြီး အမျိုးမျိုးရှိပါတယ်။ ဒီလို ချောဆီတွေထဲကမှ အသင့်တော်ဆုံး ဖြစ်မှာကို သေချာလေး ရွေးချယ်မိဖို့ လိုပါမယ်။ ရေကို အခြေခံပြီး ထုတ်ထားတဲ့ ချောဆီကတော့ အသုံးအများဆုံး ဖြစ်ပါတယ်။

    လိင်မှုဘဝ ချောမွေ့စေဖို့ သုံးလေ့ရှိတဲ့ ချောဆီရဲ့ ဘေးထွက်ဆိုးကျိုး အချို့

    လိင်မှုဘဝ ချောမွေ့စေဖို့ သုံးလေ့ရှိတဲ့ ချောဆီရဲ့ ဘေးထွက်ဆိုးကျိုး အချို့ကတော့ – 

  • အရေပြားကို ယားယံစေတာ 
  • ချောဆီတွေမှာ အနံ့တွေနဲ့ အရောင်တွေ ပါဝင်နေတတ်ပြီး ဒီပါဝင်နေမှုတွေက အရေပြားကို ယားယံတာ၊ ကျိန်းစပ်စပ်ဖြစ်တာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ၂၀၂၃ ခုနှစ်က လေ့လာမှုတွေအရတော့ ချောဆီတွေမှာ ထည့်သွင်း ထုတ်လုပ်လာကြတဲ့ အရသာတွေနဲ့ ပူနွေးမှုကို ခံစားရစေတဲ့ အရာတွေက အရေပြားကို ယားယံပြီး ဓာတ်မတည့်မှုတွေကို ခံစားရစေတာပါ။ ဒါကြောင့် ချောဆီ ရွေးချယ်တဲ့အခါ  hypoallergenic ဖြစ်ပြီး အနံ့ မပါတာမျိုးကို ရွေးချယ်ပေးပါ။

    • မှိုပိုးဝင်ရောက် ကူးစက်တာ

    အချို့သော ချောဆီတွေက မိန်းမကိုယ်ရဲ့ pH ဟန်ချက်ကို ပျက်စေပြီး မှိုပိုးကူးစက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ချောဆီတွေမှာ ပါတဲ့ အလှဆီ၊ parabens တို့လိုမျိုး ဓာတုပစ္စည်းတွေက မိန်းမကိုယ်မှာ မှိုပိုး ဝင်ရောက်ကူးစက်တာကို ဖြစ်စေနိုင်ပါတယ်။ ။ ဒါကြောင့် မှိုပိုး ဝင်ရောက်ကူးစက်ခံရလေ့ ရှိတဲ့ အမျိုးသမီးတွေ အနေနဲ့ ရေအခြေခံပြီး ထုတ်ထားတဲ့ ချောဆီတွေနဲ့ ဆီလီကွန် အခြေပြုပြီး ထုတ်ထားတဲ့ ချောဆီမျိုးကို သုံးပေးပါ။ 

  • မျိုးမအောင်တာမျိုး ဖြစ်စေတာ
  • လေ့လာမှုတွေအရ သိရတာက ချောဆီသုံးတာက မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်တယ်ဆိုတာပါ။ အလှဆီ ပါဝင်နေတဲ့ ချောဆီက သုက်ပိုးလေးတွေရဲ့ လှုပ်ရှားနိုင်စွမ်းကို ထိခိုက်စေနိုင်ပြီး မျိုးအောင်နိုင်ခြေကို ထိခိုက်စေနိုင်ပါတယ်။

    ဒါကြောင့် ကလေးလိုချင်တဲ့ စုံတွဲတွေ အနေနဲ့ sperm friendly, fertility friendly လို့ရေးထားတဲ့ ချောဆီကို သုံးပါ။ Hydroxyethylcellulose-base နဲ့ လုပ်ထားတာတွေကတော့ သုက်ကောင်လေးတွေနဲ့ လှုပ်ရှားမှုကို မထိခိုက်စေပါဘူး။

    • ဓာတ်မတည့်တာမျိုး ဖြစ်စေတာ

    ချောဆီတွေမှာ ပါဝင်နေတဲ့ အချို့သော ပါဝင်ပစ္စည်းတွေက ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါတယ်။ ချောဆီမှာပါတဲ့ တာရှည်ခံစေဖို့နဲ့ အနံ့မွှေးစေဖို့ သုံးကြတဲ့ အမွှေးရနံ့တွေကလည်း ဓာတ်မတည့်တာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ချောဆီကို မဝယ်ယူခင်မှာ သေချာလေး စစ်ဆေးဖို့ လိုပါမယ်။ 

    • ခြောက်သွေ့တာ

    ချောဆီတွေက စိုစွတ်ပြီး ချောမွေ့စေဖို့ သုံးကြတယ်။ စိတ်လှုပ်ရှားစရာကောင်းပြီး သာယာကြည်နူးဖွယ်ရာ ဆက်ဆံရေးကို ရရှိစေဖို့ သုံးကြတယ် ဆိုပေမယ့်အလွန်အကျွံသုံးမယ် မကြာခဏ သုံးနေမယ်ဆိုရင်တော့ မိန်းမကိုယ်ရဲ့ အစိုဓာတ်ကို ဟန်ချက်ပျက်စေပြီး ခြောက်သွေ့တာကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုမျိုး မျိုးပွားအင်္ဂါ တဝိုက် ခြောက်သွေ့တာက နေရထိုင်ရတာကို မသက်မသာ ဖြစ်စေနိုင်ပါတယ်။  

    ချောဆီက တူနှစ်ကိုယ်ကြားက ဆက်ဆံရေးကို သာယာကြည်နူးဖွယ် ဖြစ်စေဖို့ ထောက်ကူပေးနိုင်တယ်ဆိုပေမယ့် အသုံးမတတ်ရင်တော့ အခုလို ဘေးထွက်ဆိုးကျိုးလေးတွေကို ခံစားရနိုင်ပါတယ် ဆိုတာ သတိချပ်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 07/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement