နှစ်ကိုယ်တူ သဘောမျှပြီး ချစ်ပွဲဝင်ကြရာမှာ ဘာလုပ်လုပ်တင့်တယ် ဆိုသလိုပါပဲ၊အားလုံး အဆင်ပြေ ပျော်ရွှင်ကြပါတယ်။ လိင်ဆက်ဆံရာမှာ အဓိက ကြောက်ကြတာက မလိုချင်တဲ့ ကိုယ်ဝန်ရှိလာမှာကို ဆိုပေမယ့် တကယ်တမ်း ကြောက်သင့်တာက လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ။ ဒီရောဂါတွေဟာ ဘက်တီးရီးယားတွေ၊ဗိုင်းရပ်စ်ပိုးမွှားတွေကြောင့် ဖြစ်ပေါ်လာနိုင်ပါတယ်။ ယေဘုယျအားဖြင့် ယောနိ၊စအို၊လိင်အင်္ဂါတွေရဲ့ အရေပြား စတဲ့ နေရာတွေကတဆင့် ရောဂါပိုးတွေ ကူးစက်တယ်ဆိုပေမယ့် ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းကနေတဆင့်လည်း ရောဂါတွေ ကူးစက်နိုင်ပါတယ်။ ယောနိ သို့မဟုတ် စအိုနဲ့ လိင်ဆက်ဆံသလောက် ကူးစက်နှုန်း မများသည့်တိုင် ကံကိုယုံပြီး ဆူးပုံသွားနင်းလို့ မရပါဘူး။ အများသိကြတဲ့အတိုင်း ကွန်ဒုံးစွပ်တာက အကောင်းဆုံးဆိုပေမယ့် ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါဒီလိုမျိုး ကွန်ဒုံးစွပ်ဖို့ကို အတော်များများက လက်ရှောင်ကြပါတယ်။ ဒါပေမယ့် အခြားသော ကာကွယ်စရာ နည်းလမ်းလေးတွေလည်း ရှိနေပါသေးတယ်။
၁။ လိင်အင်္ဂါတွေထဲက ထွက်တဲ့အရည်တွေ သင့်ပါးစပ်ထဲ မဝင်ပါစေနဲ့
မိန်းမကိုယ် (ယောနိ)ကထွက်တဲ့ အရည်ပဲဖြစ်ဖြစ်၊အမျိုးသားဆီက ထွက်တဲ့ သုတ်ရည်ပဲဖြစ်ဖြစ် ပါးစပ်ထဲ ဝင်မသွားဖို့ အထူးပဲ အရေးကြီးပါတယ်။ ကွန်ဒုံးကို တတ်နိုင်သမျှ အသုံးပြုသင့်သလို အထွတ်အထိပ် မရောက်ခင်အချိန် (သုတ်ရည်ပန်းမထုတ်ခင်အချိန်)မှာ အမျိုးသားရဲ့ လိင်တံကို ပါးစပ်ထဲက ထုတ်ဖို့ လိုအပ်ပါတယ်။ ဒီအရည်တွေထဲမှာ ရောဂါပိုးပေါင်းစုံ ပါဝင်လာနိုင်တဲ့အတွက် ဖြစ်ပါတယ်။
၂။ အနာရှိရင် ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ပါ။
မိန်းမကိုယ်၊လိင်တံ နဲ့ ပါးစပ်၊နှုတ်ခမ်း စတဲ့ နေရာတွေမှာ အနာအဆာတွေရှိနေရင် (အရေပြားပေါက်ပြဲခြင်း စသည်) ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ရှားရပါမယ်။ ဒီလို အခြေအနေမျိုးမှာ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရနိုင်ချေ ပိုများလို့ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အမြင်မှာ ပွန်းရာသေးသေးလေးတခုပေမယ့် ဘက်တီးရီးယားတွေ၊ဗိုင်းရပ်စ်တွေအတွက်တော့ အဝေးပြေးလမ်းမ အကျယ်ကြီး ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် သင် ဒါမှမဟုတ် သင့်အဖော်ရဲ့ အထက်ဖော်ပြပါ ခန္ဓါကိုယ်အစိတ်အပိုင်းတွေမှာ အရေပြားပေါက်ပြဲဒါဏ်ရာ၊အနာအဆာတွေ ရှိနေရင် ပါးစပ်နဲ့လိင်ဆက်ဆံခြင်းကို ရှောင်ကျဉ်ရပါမယ်။
၃။ ပါးစပ်နဲ့ လိင်မဆက်ဆံခင် သွားမတိုက်ပါနဲ့
ချစ်ရည်မလူးခင် ခံတွင်းနံ့ မွှေးမွှေးကြိုင်ကြိုင်လေး ဖြစ်နေအောင် သွားတိုက်တာ အပြစ်ကြီးတခု မဟုတ်ပေမယ့် ဒီလို သွားတိုက်ခြင်းအားဖြင့် သင့်သွားဖုံးတွေ၊နှုတ်ခမ်းတွေ ပွန်းသွား၊ပဲ့သွားနိုင်တာမို့ ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါ ရောဂါပိုးကူးစက်နိုင်ချေ ပိုများလာပါလိမ့်မယ်။ ဒါကြောင့် ဒီအချက်လေးဟာလည်း ဆင်ခြင်သင့်တဲ့ အချက်တချက်ပါ။
၄။ အကြမ်းပတမ်း မလုပ်ပါနဲ့
တချို့ကလည်း ကြမ်းကြမ်းတမ်းတမ်းမှ သဘောကျတတ်သူတွေပါ။ ဒါပေမယ့် ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါ ဒီလို အကြမ်းပတမ်း လုပ်ခြင်းအားဖြင့် လိင်အင်္ဂါတွေမှာပဲ ဖြစ်ဖြစ်၊ပါးစပ်တဝိုက်မှာပဲဖြစ်ဖြစ် ပွန်းပဲ့ဒါဏ်ရာတွေ ရသွားနိုင်တာမို့ ရောဂါပိုးတွေကို ဖိတ်ခေါ်နေသလို ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အေးအေးငြိမ့်ငြိမ့်နဲ့ပဲ ခရီးဆုံးကို အရောက်လှမ်းဖို့ အကြံပေးချင်ပါတယ်။
၅။ စအိုကို ရန်မရှာပါနဲ့
လူဆိုတဲ့ အမျိုးကလည်း ဘယ်အရာမဆို အဆန်းထွင်ချင်ကြပါတယ်။ ကိုယ့်ရဲ့ ဆက်ဆံဖော် သာယာမှုပိုရှိလေမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူ့ရဲ့ စအိုဝ ဒါမှမဟုတ် စအိုအတွင်းထဲကိုပါ လျှာဖျားလေးနဲ့ တို့ထိကစားတတ်ကြပါတယ်။ ဒါဟာ အင်မတန်အန္တရာယ်ရှိတဲ့ အပြုအမူပါ။ သိကြတဲ့အတိုင်း စအိုဆိုတာဟာ အစာဟောင်းတွေ စွန့်ထုတ်ရာနေရာဖြစ်တဲ့အပြင် ဘက်တီးရီးယားပိုးမွှားတွေလည်း ပျော်မြူးနေထိုင်လေ့ ရှိတတ်တာမို့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေသာမက အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေပါ အဆစ်ရသွားပါလိမ့်မယ်။
၆။ လည်ချောင်းအတွင်းနက်နက်ထိ ထိုးသွင်းခြင်းကို ရှောင်ကျဉ်ပါ
အမျိုးသားရဲ့ လိင်တံကို ပါးစပ်ထဲ ထည့်ပြီး ဆက်ဆံတဲ့အခါ အမျိုးသမီးရဲ့ လည်ချောင်းအတွင်းဖက်ကျကျထိ ထိုးသွင်းခြင်းကို ရှောင်ကျဉ်ရပါမယ်။ ဒီလိုမှမဟုတ်ရင် လိင်တံနဲ့ လည်ချောင်းအတွင်းသားတွေ ပွတ်တိုက်ပွန်းပဲ့လာနိုင်တာမို့ ရောဂါပိုးကူးစက်နိုင်ချေ ပိုများလာပါမယ်။
၇။ လိင်ဆက်ဆံဖော်ကို တတ်နိုင်သမျှ နည်းပါစေ
တယောက်တည်း ရှိရင်တော့ အကောင်းဆုံးပေါ့။ သင့်အဖော်နဲ့လည်း ဒီကိစ္စကို အသေအချာ ဆွေးနွေးပါ။ သူ/သူမမှာ အရင်က ဆက်ဆံဖော်တွေ ဘယ်နှယောက် ရှိခဲ့သလဲဆိုတာကို သိအောင်လုပ်ပါ။ သင်ကိုယ်တိုင်လည်း ရိုးရိုးသားသား အသိပေးပါ။ ဒါမှသာ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါပျံ့နှံ့နိုင်ချေ ဘယ်လောက်ရှိမလဲဆိုတာ မှန်းဆနိုင်ပါမယ်။
၈။ လိင်အင်္ဂါတွေကို ရေနဲ့သေချာဆေးကြောပါ
ပါးစပ်နဲ့ လိင်မဆက်ဆံခင်အချိန်မှာ သက်ဆိုင်ရာ လိင်အင်္ဂါတွေကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပါ။ အတွင်းပိုင်းမှာသာမက အပြင်ဖက်အရေပြားမှာလည်း ကူးစက်နိုင်တဲ့ ရောဂါတွေ အများကြီး ရှိနေပါတယ်။
၉။ အမျိုးသမီး သန့်စင်ဆေးရည်ကို အသုံးပြုပါ
အမျိုးသမီးတွေအနေနဲ့လည်း ပါးစပ်နဲ့ လိင်ဆက်ဆံခြင်းအမှု ခံယူပြီးတဲ့အခါ ပုံမှန်သုံးစွဲနေကျ အမျိုးသမီးသုံး သန့်စင်ဆေးရည်နဲ့ စင်ကြယ်အောင် ဆေးကြောသင့်ပါတယ်။ ဒါဆိုရင် ရှိနေနိုင်တဲ့ ရောဂါပိုးမွှားတွေကို အတိုင်းအတာတခုထိ ဖယ်ရှားရှင်းလင်းပေးမှာပါ။
နှစ်ဦးနှစ်ဖက်သာယာမှုအတွက်ပဲ ဖြစ်ဖြစ်၊အသစ်အဆန်း လုပ်ကြည့်ချင်လို့ပဲဖြစ်ဖြစ် ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါ အန္တရာယ်အကင်းဆုံး ဖြစ်နိုင်ဖို့အတွက် အထက်ပါ အချက်လေးတွေကို လိုက်နာပေးသင့်ပါတယ်။ နောက်ဆုံးတခေါက် ထပ်သတိပေးချင်တာက ဘယ်လို လိင်ဆက်ဆံမှုမျိုးပဲဖြစ်ဖြစ် မရှောင်နိုင်ရင် အကာအကွယ်ပစ္စည်း ကွန်ဒုံးကို သုံးစွဲဖို့ ဆိုတာပါပဲ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။