home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ဝန်ဆောင် မေမေတို့ ပန်းနာရင်ကျပ် ဖြစ်နေတဲ့အခါ

ကိုယ်ဝန်ဆောင် မေမေတို့ ပန်းနာရင်ကျပ် ဖြစ်နေတဲ့အခါ

ပန်းနာရင်ကျပ်ဆိုတာ ဒီအတိုင်းတောင် အသက်ရှူရခက်၊မောကျပ်တဲ့ဝေဒနာတွေခံစားရတာ၊ မပေါ့မပါးနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်ရင် ဘယ်လောက်ပင်ပန်းလိုက်မလဲ။ ဒါကို ကုသမှုသေချာမခံယူဘဲပေါ့ပေါ့ဆဆနေတဲ့အခါ လက္ခဏာပိုဆိုးလာခဲ့ရင်

  • ကိုယ်ဝန်ကြောင့်ပျို့အန်ခြင်း ပိုဆိုးလာမယ်
  • သွေးဆင်းမယ်
  • အချင်းနဲ့ပတ်သက်တဲ့ပြဿနာတွေရှိလာမယ်(ဥပမာ အချင်းဆီသွေးမရောက်ခြင်း)
  • သွေးတိုးလာမယ်
  • လမစေ့ဘဲမွေးလာနိုင်တယ်
  • မွေးဖွားရခက်မယ်။

ကလေးဟာ အမိဝမ်းထဲမှာ ကျန်းကျန်းမာမာနဲ့ဖွံ့ဖြိုးနိုင်ဖို့ အောက်ဆီဂျင်အမြဲရနေဖို့ကို အားထားနေရပါတယ်။ မိခင်လောင်းမှာ ပန်းနာရင်ကျပ်မကုသထားရင်(ရောဂါမထိန်းထားရင်) ကလေးကိုထောက်ပံ့ပေးဖို့ သွေးထဲမှာ အောက်ဆီဂျင်အလုံအလောက်မရှိနိုင်ပါဘူး။ ဒီလိုနဲ့ မွေးလာတဲ့အခါ ကလေးမှာ ကိုယ်အလေးချိန်(၅.၅ပေါင်အောက်) နည်းစေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလအတွင်း ပန်းနာရင်ကျပ်ကြောင့် ဘာလို့စိုးရိမ်ရတာလဲ

ကိုယ်ဝန်ဆောင်ချိန်မှာ ပန်းနာရင်ကျပ်ဝေဒနာကို ကုသမှုသေချာခံယူပြီး ရောဂါထိန်းချုပ်နိုင်ပြီဆိုရင်တော့ နောက်ဆက်တွဲပြဿနာတွေ မရှိသလောက်နည်းစေပါလိမ့်မယ်။ စိုးရိမ်စရာမလိုပါဘူး။ ဒါပေမယ့် ရောဂါကိုပေါ့ဆလို့ လက္ခဏာပြင်းထန်လာပြီဆိုရင် အောက်ပါဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ် –

  • သွေးတိုးကြောင့် ကိုယ်ဝန်မှာပြဿနာဖြစ်လာနိုင်တယ်၊ တခြားကိုယ်တွင်းအင်္ဂါစနစ်ကိုထိခိုက်လာတဲ့လက္ခဏာတွေဖြစ်လာမယ်( ဥပမာ ကျောက်ကပ်ထိခိုက်ခြင်း၊ ကိုယ်ဝန်ဆိပ်တက်ခြင်း)
  • သန္ဓေသားဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေတယ်
  • လမစေ့ဘဲ ကလေးမွေးဖွားလာနိုင်တယ်
  • ခွဲမွေးဖို့လိုအပ်လာနိုင်တယ်။
  • အဆိုးဆုံးကိစ္စတွေမှာဆိုရင် ကလေးရဲ့ အသက်အန္တရာယ်ကိုပါစိုးရိမ်ရနိုင်ပါတယ်။

ပန်းနာရင်ကျပ်ဆေးတွေသောက်လို့ဖြစ်ပါ့မလား

ဆေးတိုင်းကတော့ သူ့သက်ရောက်မှုနဲ့သူရှိတတ်ကြပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ လိုအပ်လို့ဆေးပေးရပြီဆိုရင် ဆရာဝန်က သင့်လျော်သလို ဘေးကင်းလောက်မယ့် သောက်သုံးသင့်တဲ့ပမာဏတော့ ညွှန်ပေးမှာဖြစ်ပါတယ်။ ကုသမှုမခံယူဘဲ အန္တရာယ်ဖြစ်လာပြီး ကလေးကိုပါထိခိုက်စေမှာနဲ့စာရင် ညွှန်ကြားချက်အတိုင်းဆေးသောက်တာကပိုဘေးကင်းပါတယ်။ အမြန်သက်သာစေတဲ့ ရှူဆေး(inhaler)တွေကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ သုံးဖို့ဘေးကင်းစိတ်ချရတယ်လို့ ကျန်းမာရေးပညာရှင်တွေက ယုံကြည်ကြပါတယ်။ Inhaler တွေက အဆုတ်ကိုတိုက်ရိုက်ရောက်မှာဖြစ်လို့ သွေးကြောထဲ အနည်းငယ်သာစုပ်ယူမိမှာဖြစ်တာကြောင့် ကလေးဆီကို မရောက်နိုင်ပါဘူး။

ကလေးရော ကိုယ်ပါကျန်းမာဖို့အတွက် အရေးကြီးတာက –

  • ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာပါ။ ညွှန်ကြားတဲ့အတိုင်းဆေးသောက်ပါ။ ကိုယ့်သဘောနဲ့ကိုယ်မရပ်ပါနဲ့၊ ပိုမသောက်ပါနဲ့။
  • သတိထားပြီး လှုပ်ရှားပြုမူပါ။ အထူးသဖြင့် သိပ်လှုပ်ရှားမိလို့ ပန်းနာရင်ကျပ်ထပြီး ကျပ်လာတာဖြစ်ဖူးသူဖြစ်ရင် ပိုသတိထားပါ။
  • ထူးခြားလာတဲ့လက္ခဏာတွေကို မပေါ့ဆမိပါစေနဲ့။ ကုသမှုပြီးဆုံးသွားတဲ့အခါ အသက်ရှူရခက်လာတာ၊ ကလေးမလှုပ်တော့တာ၊ အရင်လို မကန်တော့တာ စတဲ့ လက္ခဏာတွေသတိထားမိရင် ဆရာဝန်ပြန်ပြဖို့ မနှောင့်နှေးပါနဲ့။

နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်မလာအောင် ဘယ်လိုကာကွယ်ရမလဲ

မိခင်လောင်းတွေအနေနဲ့ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်တာက ကလေးကို အကောင်းဆုံးစောင့်ရှောက်ရာရောက်ပါတယ်။ ဒါ့ကြောင့် ကိုယ့်မှာ ပန်းနာရင်ကျပ်ရှိနေရင် –

ဆရာဝန်နဲ့ ရက်ချိန်းမှန်မှန်ပြပါ။

ရက်ချိန်းတွေမှန်အောင်ပြပြီး ကိုယ့်မှာဖြစ်တဲ့ဝေဒနာပြောပြ၊ ကိုယ်သိချင်တာမေးပါ။

ပေးထားတဲ့ဆေးကို ညွှန်ကြားချက်အတိုင်းသောက်ပါ။

ကိုယ်သောက်နေရတဲ့ဆေးတွေနဲ့ပတ်သက်ပြီး စိုးရိမ်တာတစ်ခုခုရှိရင် ဆရာဝန်နဲ့မတိုင်ပင်ဘဲ အပြောင်းအလဲမလုပ်ပါနဲ့။ ကိုယ့်သဘောနဲ့ကိုယ်ဆေးကိုမရပ်ပါနဲ့။

ဆေးလိပ်မသောက်ပါနဲ့။

ဆေးလိပ်သောက်တတ်သူဖြစ်ရင် ဆရာဝန်ကဆေးလိပ်ဖြတ်ခိုင်းပါလိမ့်မယ်။ဆေးလိပ်သောက်ခြင်းက ပန်းနာရင်ကျပ်ကိုပိုဆိုးစေနိုင်တဲ့အပြင် ကိုယ်တိုင်နဲ့ကလေးအတွက်လည်းတခြားကျန်းမာရေးပြဿနာတွေရှိလာစေနိုင်ပါတယ်။

ရင်ကျပ်စေတဲ့ အရာတွေကို သတိထားပြီးရှောင်ပါ။

ပန်းနာရင်ကျပ်ကို ပိုဆိုးစေနိုင်တဲ့အရာတွေက တစ်ယောက်နဲ့တစ်ယောက်မှာ မတူကြပါဘူး။ အအေးမိတုပ်ကွေးကြောင့် ပိုဆိုးလေ့ရှိပေမယ့်ဆေးလိပ်ငွေ့၊ အမှုန်တွေ၊ ဝတ်မှုန်၊ ဖုန်မှုန့် တို့လို ဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေလည်း ပါဝင်နိုင်ပါတယ်။ အဲဒါတွေကိုရှောင်မယ်ဆိုရင် ပန်းနာရင်ကျပ်ခံစားရတာနည်းပြီး ဆေးသိပ်မကူရတော့ဘူးပေါ့။

စားချဉ့်ရည်ပြန်တက်ခြင်း (GERD) မဖြစ်အောင် ထိန်းပါ။

အစာခြေရည်ပြန်ဆန်တက်ခြင်းနဲ့ရင်ပူခြင်းဖြစ်စေတဲ့ နာတာရှည်အစာခြေစနစ်ရောဂါတစ်မျိုးပါ။ သူ့ကြောင့် ပန်းနာရင်ကျပ်ကိုပိုဆိုးစေနိုင်ပါတယ်။ (GERD)ဖြစ်တတ်တယ်ဆိုရင် အိပ်တဲ့အခါ ခေါင်းအုံးကိုမြှင့်ထားဖို့၊ အစားကိုနည်းနည်းချင်းအကြိမ်ရေခွဲစားဖို့၊ အစာစားပြီး ၃ နာရီအတွင်း လှဲမအိပ်ဖို့၊ ရင်ပူစေမယ့် အစားအစာတွေကိုရှောင်ဖို့ သိထားသင့်ပါတယ်။

အရေးကြီးလာတဲ့လက္ခဏာတွေကို သိထားသင့်တယ်။

ချောင်းဆိုးတာ၊ ရင်ထဲကျပ်နေတာ၊ အသက်ရှူုမဝတော့တာ၊ အသက်ရှူသံတရွှီရွှီမြည်လာတာလိုမျိုး ပန်းနာရင်ကျပ်ပိုဆိုးလာပြီဆိုတဲ့လက္ခဏာတွေကိုစောစောသိထားဖို့ အရေးကြီးပါတယ်။ လိုအပ်လာရင် ဆရာဝန်အမြန်ဆုံးပြနိုင်ဖို့လိုပါတယ်။

Omega – 3 Fatty acidsသောက်ပါ။

သုတေသနတွေအရ ကိုယ်ဝန်ဆောင်ချိန်အတွင်း မိခင်က Omega – 3 fatty acids သောက်သုံးရင်မွေးလာတဲ့ကလေးမှာ ပန်းနာရင်ကျပ်ဖြစ်နိုင်ခြေ သိသိသာသာလျော့နည်းစေတယ်လို့ ဆိုကြပါတယ်။ Omega-3 ကိုသောက်ခြင်းအားဖြင့် ငါးသိပ်မစားတဲ့ မိခင်လောင်းတွေအတွက် လိုအပ်တဲ့အာဟာရဓါတ်ကို ရရှိစေမှာဖြစ်ပါတယ်။

Omega-3 က မိခင်နို့အတွက်လည်း အထောက်အကူပြုသလို လမစေ့ဘဲမွေးဖွားခြင်းကိုကာကွယ်ပေးပြီး သန္ဓေသားရဲ့ဦးနှောက်၊ အာရုံကြောစနစ်နဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့အတွက် ကောင်းကျိုးပြုတယ်လို့သိရပါတယ်။ ကလေးမှာ ဓာတ်မတည့်မှုတွေရှိလာနိုင်ခြေနည်းပါးစေပြီး မိခင်အတွက်လည်း ကိုယ်ဝန်ဆိပ်တက်ခြင်းဖြစ်နိုင်ခြေနည်းစေတယ်၊ ကလေးမွေးပြီးနောက်ပိုင်းဖြစ်တတ်တဲ့ စိတ်ကျရောဂါကို ကာကွယ်ပေးပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။