brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လူခြောက် လေးက စီးပွားတက်စေသလား။

လူခြောက် လေးမွေးပြီဆိုရင် မိဘတွေက စီးပွားတက်တယ်။ ဒီကလေးက အိပ်မက်ပေးတယ်။ အသက်ရှိနေတဲ့ ကလေးလိုပဲ ကျွေးရတယ်။ အဝတ်အစားတွေ ဆင်ပေးရတယ်။ အရွယ်ရောက်လာရင် အိမ်ထောင်ထောင်တောင် ချပေးရတယ်တဲ့။ ဒါကတော့ လောကီထဲက အယူတွေပေါ့။

လူခြောက် လေးက စီးပွားတက်စေသလား။

သိပ္ပံပညာမှာတော့ လူခြောက်လေးတွေ ဘယ်လိုဖြစ်လာတယ်ဆိုတာက သိပ်စိတ်ဝင်စားစရာ ကောင်းပါတယ်။

လူခြောက်လေးက ဘယ်ကဖြစ်လာတာလဲ။

လူခြောက်ဆိုတာက ပြောရမယ်ဆိုရင် သန္ဓေသားလေးက မိခင်ရဲ့ ဝမ်းထဲမှာတင် ဆုံးသွားတာပါ။ ကိုယ်ဝန်ပတ် ၂၀ကျော်ကနေ မမွေးမချင်း မိခင်ရဲ့ ဝမ်းထဲမှာ ဆုံးသွားတာတွေ အကုန်လုံးအကျုံးဝင်ပါတယ်။

အရင်ကတော့ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ကောင်းကောင်း မရကြလို့ အမေ့ဗိုက်ထဲမှာတင် ဆုံးသွားတဲ့ကလေးတွေ များပါတယ်။ ဒီတော့ လူခြောက်လေးတွေလည်း များပါတယ်။ ခုနောက်ပိုင်းတော့ ကိုယ်ဝန်စောစောအပ်ကြတဲ့ မိခင်တွေ များလာကြတော့ ဒီလိုမျိုးဆုံးတာတွေ နည်းသွားပါပြီ။ ဒီတော့ လူခြောက်လေးတွေလည်း အတွေ့ရနည်းသွားတာပေါ့။ ဒါပေမယ့် ရှိတော့ရှိနေပါသေးတယ်။

လူခြောက် ဖြစ်ပေါ်ပုံအဆင့်ဆင့်

ဗိုက်ထဲက ကလေးလေး ဆုံးသွားတဲ့အခါ ပြင်ပကလူတွေ ဆုံးသလိုပဲ ပုပ်သွားတတ်ပါတယ်။ သူပုပ်တာက အချိန်နဲ့အမျှ အဆင့်ဆင့် ဖြစ်ပေါ်နေပါတယ်။

ပုပ်ခြင်းအဆင့် 0

သေဆုံးပြီးကြာချိန်- < ၈နာရီ

လက္ခဏာများ- အရေပြားတွေနီပြီး အပူလောင်တာနဲ့ ဆင်တူပါတယ်။

ပုပ်ခြင်းအဆင့် I

သေဆုံးပြီးကြာချိန်- > ၈နာရီ

လက္ခဏာများ-အရေပြားလေးတွေ အဖက်လန်လာပါပြီ။

ပုပ်ခြင်းအဆင့် II

သေဆုံးပြီးကြာချိန်- ၂-၇ရက်

လက္ခဏာများ –အဖက်လန်တာတွေ ပိုသိသာလာပါပြီ။

-ဗိုက်နဲ့ ရင်ဘတ်တွေမှာ သွေးရောင်တွေနဲ့ နီရဲနေတတ်ပါပြီ။

ပုပ်ခြင်းအဆင့် III

သေဆုံးပြီးကြာချိန်- >= ၈ရက်

လက္ခဏာများ –အသည်းက ဝါနေပါပြီ။

-ကလေးရဲ့ ကိုယ်တွင်းအရည်တွေ နောက်နေပါပြီ။

-ခြောက်ပြီး မာသွားပါပြီ။ (လူခြောက်လေး ဖြစ်သွားပါပြီ။)

အမေတွေက ကလေးဗိုက်ထဲမှာ ဆုံးသွားတာကို ချက်ချင်းသိချင်မှ သိမှာပါ။ ၁ပတ်လောက်ကြာမှ သိလို့ မွေးထုတ်လိုက်ရပြီဆိုရင် လူခြောက်လေးဖြစ်နေပါပြီ။

လူခြောက် လေးအဖြစ် မွေးလာတာ ဘာကြောင့်လဲ။

လူခြောက်လေး ဖြစ်သွားတယ်ဆိုတာက ကလေးက ဗိုက်ထဲမှာတင် ဆုံးပါးသွားလို့ပါ။ ဒီလိုဆုံးရတဲ့ အကြောင်းရင်းတွေကတော့

  • အချင်း ဒါမှမဟုတ် ချက်ကြိုးမှာ ပြဿနာတစ်ခုခုရှိနေတာ (ဒီတော့ ကလေးဆီကို လိုအပ်တဲ့ အာဟာရတွေ၊ အောက်ဆီဂျင်တွေ မရဘဲ ဆုံးသွားတာပါ။)
  • ကိုယ်ဝန်ဆိပ်တက်တာ
  • အရေပြားလေးဖက်နာရှိတာ (ဒါရှိရင် ဖြစ်ကို ဖြစ်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဖြစ်နိုင်ခြေများစေပါတယ်။)
  • ဟေမိုဖီးလီးယားလိုမျိုး သွေးမတိတ်ပြဿနာရှိရင်လည်း ဖြစ်နိုင်ခြေများပါတယ်။
  • တချို့ရောဂါတွေဖြစ်တဲ့ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သိုင်းရွိုက်ရောဂါနဲ့ ပိုးဝင်တာတွေကလည်း ကလေးကို ဗိုက်ထဲမှာတင် ဆုံးသွားစေနိုင်ပါတယ်။
  • မိခင်က ကိုယ်ဝန်ကြီးနဲ့ အရက်သောက်မယ်။ ဆေးလိပ်သောက်မယ်။ မူးယစ်ဆေးတွေ သုံးမယ်ဆိုရင်လည်း ဖြစ်တတ်ပါတယ်။
  • ကိုယ်ဝန်ပတ် ၂၄ပတ်နဲ့ ၂၇ပတ်ကြားမှာ ပိုးဝင်ကူးစက်ခံရမယ်ဆိုရင်လည်း ကလေးသေဆုံးနိုင်ခြေများပါတယ်။ ပိုးတွေကတော့ အများကြီးပါပဲ။ မိန်းမကိုယ်ကနေ သားအိမ်ကို တက်လာတဲ့ ပိုးတွေလည်း ပါပါတယ်။ တုပ်ကွေးလို ဗိုင်းရပ်စ်တွေ၊ ဂျိုက်သိုး၊ ရေယုန် စတာတွေလည်း ပါပါတယ်။ တချို့ပိုးတွေက အကူးခံရပြီး ကလေးသာ ဆုံးသွားပေမယ့် လက္ခဏာမပြတာလည်း ရှိနိုင်ပါတယ်။
  • ကားတိုက်ခံရတာလိုမျိုး ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေကလည်း ကလေးကို သေဆုံးစေနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်ချိန်မှာ Intrahepatic cholestasis ဆိုတဲ့ အသည်းရောဂါကြောင့်လည်း ကလေးက ဗိုက်ထဲမှာတင် ဆုံးသွားတတ်ပါတယ်။ ဒီရောဂါက သိသာတဲ့ လက္ခဏာက ပြင်းပြင်းထန်ထန် ယားယံတာပဲ ဖြစ်ပါတယ်။

ဒီလိုအကြောင်းအရင်းတွေ ရှိပေမယ့် ဗိုက်ထဲမှာတင် ဆုံးသွားတဲ့ ကလေး ၃ယောက်မှာ ၁ယောက်က အကြောင်းအရင်းမရှိဘဲ ဆုံးသွားတာပဲ ဖြစ်ပါတယ်။

ကလေးက ဗိုက်ထဲမှာ ဆုံးသွားပြီးရင် ဘာဆက်လုပ်ရမလဲ။

များသောအားဖြင့်တော့ ကလေးက ဗိုက်ထဲမှာ သိပ်မလှုပ်တော့ဘူးဆိုပြီး စမ်းလိုက်မှ သတိထားမိတာ များပါတယ်။ ပိုသေချာချင်ရင်တော့ အယ်ထွာဆောင်းရိုက်ပြီး အတည်ပြုရပါတယ်။

ကလေးလေးက ဆုံးသွားပြီ။ မွေးဖို့ရက်ကလည်း လိုသေးတယ်ဆိုရင်တော့ ရွေးချယ်စရာ ၃ခုရှိပါတယ်။

  • ဆေးသွင်းပြီး မွေးလိုက်တာ

မွေးမယ့်ရက်က လိုသေးတယ်ဆိုပေမယ့် အချိန်ကြာကြာစောင့်လို့တော့ မရပါဘူး။ အထူးသဖြင့် မိခင်က ကိုယ်ဝန်ဆိပ်တက်နေတာ၊ ပိုးဝင်နေတာ၊ ရေမြွာပေါက်သွားတာ၊ သွေးရောဂါတွေ ရှိနေရင် ပိုပြီးမြန်မြန်မွေးသင့်ပါတယ်။

ဒါကြောင့် သောက်ဆေးတွေ၊ အကြောဆေးတွေ၊ မိန်းမကိုယ်ထည့် ဆေးတောင့်တွေကို သုံးပြီး ဗိုက်နာလာအောင်၊ မွေးသွားအောင် လှုံ့ဆော်ပေးရပါတယ်။

  • မွေးရမယ့် ရက်အထိ စောင့်လိုက်တာ

လစေ့ဖို့ သိပ်မလိုတော့ရင် မွေးရမယ့်အထိ စောင့်ချင်စောင့်နိုင်ပါတယ်။ မွေးရမယ့်ရက်ရောက်ရင် သဘာဝအတိုင်း ဗိုက်နာပြီး မွေးသွားမှာပါ။ ဒါပေမယ့် တစ်ခုရှိတာက ကလေးက ရက်ကြာလာလေလေ အထဲမှာ ပျက်စီးလာလေလေပါ။ မွေးလာတဲ့အခါ ပုံပျက်ပန်းပျက် ဖြစ်နေနိုင်ပါတယ်။

နောက်တစ်ချက်က ကြာကြာထားရင် မိခင်ရဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ လေ့လာချက်တွေအရ သေဆုံးပြီးသားကလေးကို မွေးရတဲ့ မိခင်တွေကသာမန်ကိုယ်ဝန်ဆောင်တွေထက် သွေးဆိပ်သင့်နိုင်ခြေ ၁၄ဆ၊ ကျောက်ကပ်ပျက်စီးနိုင်ခြေ ၁၃ဆနဲ့ နှလုံးထိခိုက်နိုင်ခြေ ၁၀ဆပိုများနိုင်ပါတယ်။

ဒါကြောင့် စောစောမွေးလိုက်တာ ပိုသင့်တော်ပါတယ်။ တချို့မိခင်တွေကျတော့လည်း ကလေးက ဆုံးသွားတာကို သတိမထားမိဘဲ လစေ့လို့ မွေးလိုက်မှ လူခြောက်လေးဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

  • ခွဲမွေးတာ

ဒါကတော့ ပုံမှန်အားဖြင့် ရွေးလေ့မရှိပါဘူး။ ကလေးလည်း အဖက်မတင်ဘဲ ခွဲကြောင်းပဲ အဖက်တင်ခဲ့လို့ပါ။ ရိုးရိုးမွေးတာထက်လည်း အန္တရာယ်များပါတယ်။

အနှစ်ချုပ်

လူခြောက်လေးဆိုတာ ဆေးပညာအရတော့ ကလေးက ဗိုက်ထဲမှာ ဆုံးသွားပြီး ပုပ်သွားတာပဲ ဖြစ်ပါတယ်။ ဒီကနေမှ ခြောက်ပြီး မွေးလာတာပါ။ ဗိုက်ထဲမှာ ကလေးလေး ဆုံးသွားပြီဆိုရင်တော့ မြန်မြန်မွေးထုတ်လိုက်တာက မိခင်ကိုပါ အန္တရာယ်ကင်းစေပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/09/2022 ဖြစ်ပါသည်။