ဝမ်းပျက်ဝမ်းလျှော ဖြစ်နေပြီဆိုရင် အစားအစာတွေကို တစ်ခါတည်း အများကြီး စားလိုက်တာ၊ တဝ စားလိုက်တာမျိုးတွေ မလုပ်ပါနဲ့။ နည်းနည်းချင်းစီ အကြိမ်ရေများများ စားပေးပါ။ ဒီလို စားပေးတဲ့အခါမှာလည်း အစားအစာတွေထဲမှာ
- ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အာလူး၊ ကန်စွန်းဥ စတာတွေ
- ဓာတ်ဆားဓာတ်ပါတဲ့ ဓာတ်ဆားရည်နဲ့ အုန်းစိမ်းရည် စတာတွေ
- နူးအိနေအောင် သေချာချက်ထားတဲ့ အသီးအရွက်တွေ
- ပရိုတင်း ကြွယ်ဝတဲ့ အရေခွံမပါတဲ့ ကြက်သားစတာမျိုးတွေ ကျွေးပေးလို့ ရပါတယ်။ ဒါတွေအပြင် ထမင်း၊ ပေါင်မုန့်ကြမ်း မီးကင်ထားတာတွေကိုလည်း ပြင်ဆင်ပေးလို့ ရပါတယ်။
ဒီနေရာမှာ သတိထားရမှာက အဆီများတာတွေ၊ စပ်တာတွေ၊ အချိုကဲတာတွေကို မစားမိဖို့ပါ။ နောက်ပြီး ဝမ်းလျှောနေချိန်မှာ အသီးအရွက်တွေ အများကြီးစားတာကို ခဏရှောင်ထားပါ။ လေပွစေပြီး အစာခြေစနစ်ကို ဝန်ပိစေလို့ပါ။ သက်သာသွားရင် ပြန်စားလို့ ရပါပြီ။
Probioticsကို ဆေးအနေနဲ့ သောက်ပေးလို့ ရသလို probiotic ကြွယ်ဝတဲ့ အစားအစာတွေကို စားပေးလို့လည်း ရပါတယ်။ ဒီလိုစားပေးတာက အစာခြေစနစ်ထဲက အကျိုးပြုဘက်တီးရီးယားလေးတွေကို ကျန်းမာစေပြီး ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေမှာပါ။ ဒိန်ချဉ်ဆိုရင် အလွယ်တကူရပြီး Probiotics ကြွယ်ဝတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ့် အချက်တစ်ခုက လုံလောက်ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိဖို့နဲ့ သက်တောင့်သက်သာလေး အနားယူပေးဖို့ပါ။ ဒီတော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပြီဆိုရင် ခန္ဓာကိုယ်မှာ အင်အားပြည့်ဝပြီး မိခင်ရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် သက်သောင့်သက်သာလေး နားပေးပါ။
ကိုယ်ဝန်ဆောင်မေမေ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ စိုးရိမ်စရာလား!
များသောအားဖြင့်ကတော့ ကိုယ်ဝန်ဆောင်မေမေ ဝမ်းပျက်ဝမ်းလျှောဖြစ်တာက များသောအားဖြင့်
ဆရာဝန်နဲ့ကုသမှု ခံယူစရာမလိုဘဲ နေအိမ်မှာပဲ အပေါ်ကပြောခဲ့တဲ့နည်းလမ်းလေးတွေကို လိုက်နာပြီး သက်သာအောင် လုပ်လို့ ရပါတယ်။ တကယ်လို့ ဝမ်းပျက်တာက ၂ ရက်ထက်ပိုပြီး ကြာနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။ ဒီအချက်အပြင်
- ဝမ်းသွားရာမှာ သွေးပါလာမယ်
- အဖျားဝင်မယ်
- ရေဓာတ်ခမ်းတဲ့ လက္ခဏာတွေ ဖြစ်ကြတဲ့ ရေအရမ်းဆာတာ၊ ခံတွင်းခြောက်တာတွေ ဖြစ်မယ်
- ဆီးအရောင်ရင့်မယ်
- ဆီးသွားနည်းလာမယ်
- ခေါင်းကိုက်မယ်
- မူးဝေမယ်
- ခေါင်းထဲက ပေါ့ပေါ့ကြီးနဲ့ မူးမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး သွားပြဖို့ လိုပါမယ်။
ဝမ်းပျက်တာ အပါအဝင် အစာခြေစနစ် ပြဿနာ တော်တော်များများက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အစာခြေစနစ် ပြဿနာပါ။ ကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲတာ၊ စားသောက်မှုပုံစံ ပြောင်းလဲတာ၊ ဆေးဝါးအသစ်တွေ၊ ကိုယ်ဝန်ဆောင် ဗီတာမင်တွေ၊ စိတ်ဖိစီးမှုတွေများတာတွေက ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းပျက်တာကို ဖြစ်စေနိုင်ပါတယ်။ အချို့သော အခြေအနေတွေမှာတော့ အစားအသောက် သန့်ရှင်းမှု၊ လက်သန့်ရှင်းမှု အားနည်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းပျက်တာက သူ့အလိုလို သက်သာသွားလေ့ ရှိပေမယ့် အချိန်ကြာလာမယ်ဆိုရင်တော့ ကိုယ်တွင်းမှာ ရေဓာတ်ဆုံးရှုံးမှု ဖြစ်ပြီး ဗိုက်ထဲက ဘေဘီလေးကို ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဝမ်းပျက်နေပြီဆိုရင် ရေအပါအဝင် ရေဓာတ်ပြည့်ဝစေမယ့် အရည်တွေကို များများသောက်ဖို့ လိုပါမယ်။
နောက်တစ်ခုရှိတာက ကိုယ်ဝန်ဆောင်ကာလ တတိယ ၃ လပတ်မှာ ဝမ်းပျက်တာက ဘေဘီလေးကို မီးဖွားဖို့ ခန္ဓာကိုယ်က ပြင်ဆင်နေမှု တစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ မွေးရက်နီးလာတဲ့အခါ သားအိမ်ခေါင်းလွယ်လွယ်ကူကူပွင့်စေဖို့ prostaglandins လို့ ခေါ်တဲ့ ဟော်မုန်း ထွက်လာပါတယ်။ ဒီဟော်မုန်းက အူလမ်းကြောင်း လှုပ်ရှားမှုကိုလည်း ကောင်းစေတာကြောင့် ဝမ်းပျော့ပျော့သွားတာကိုလည်း ဖြစ်စေပါတယ်။ ဒါကို ဘေဘီလေး မမွေးဖွားခင် ရက်အနည်းငယ်အလိုမှာ ခံစားရနိုင်ပြီး မေမေ တစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။