ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို ဘယ်လို လျှော့ချမလဲ
ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို ဘယ်လို လျှော့ချမလဲ ဆိုတော့
- ကိုယ်ဝန်မဆောင်ခင်ကတည်းက ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းပါ
ကိုယ်ဝန်ဆောင်ဖို့ စတင်ပြင်ဆင်ချိန်က စလို့ ကျန်းမာတဲ့ ကိုယ်အလေးချိန် ရအောင် ထိန်းပေးပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာရော ကလေးမွေးဖွားပြီးချိန် အထိပါ ကိုယ်အလေးချိန်ကို ထိန်းထားတာက ကိုယ်ဝန်ဆောင်ဆီးချို ကင်းဝေးစွာနဲ့ ကိုယ်ဝန်ဆောင်နိုင်မယ့် နည်းလမ်း တစ်ခုပါ။
ကိုယ်အလေးချိန် အရမ်းများနေရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ကိုယ်ဝန်မဆောင်ခင်ကိုယ်အလေးချိန်ကို ထိထိရောက်ရောက် လျှော့ချပါ။ ကိုယ်အလေးချိန် များလေလေ ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်နိုင်ခြေ များလေလေပါ။
- ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပါ
အချိန်ရမယ်ဆိုရင် ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်ချိန်ကနေစလို့ ကိုယ်ဝန်ဆောင်နေစဉ်မှာရော ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်မယ့် လေ့ကျင့်ခန်းလေးတွေကို လုပ်ဆောင်ပေးပါ။ နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေသလို ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးပြီး ကိုယ်ဝန်ဆောင်ဆီးချို မဖြစ်အောင် ကာကွယ်နိုင်မှာပါ။
- သွေးတွင်းသကြားဓာတ် စစ်ဆေးပါ
ကိုယ်ဝန်အပ်တဲ့အခါ သွေးတွင်းသကြားဓာတ်ကို စစ်ဆေးပေးပါလိမ့်မယ်။ ရက်ချိန်းပြတဲ့အခါမှာလည်း လိုအပ်ရင် လိုအပ်သလို စစ်ဆေးပါလိမ့်မယ်။ ပုံမှန်စစ်လို့ သံသယရှိရင် သကြားရည်သောက်ပြီး စစ်တာတွေ လုပ်ဖို့ လိုပါတယ်။ ဆီးချိုရှိမှန်း စောစောသိတာကလည်း ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်ဖို့ ကာကွယ်ပေးနိုင်ပါတယ်။
- နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ်ပါအောင် စားသုံးပေးပါ
နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ် ပါဝင်စေဖို့အတွက် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဂျုံကြမ်းပေါင်မုန့်၊ အုတ်ဂျုံစတာတွေကို စားပေးဖို့ လိုပါမယ်။
အထူးသဖြင့် သကြား၊ အချိုရည်တွေ၊ အချိုပွဲမုန့်တွေကို လျှော့စားပါ။ ပြုပြင်ထားတဲ့ အစားအစာတွေ၊ အသင့်စား အစားအစာတွေကို လျှော့စားတာကလည်း ကိုယ်ဝန်ဆောင်ဆီးချို ဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ခုအထိလျှော့ချပေးနိုင်မှာပါ။
စကားလက်ဆောင်
ကိုယ်ဝန်ဆောင်ဆီးချိုဆိုတာ မဖြစ်ခင်ကာကွယ်တာ အကောင်းဆုံးဖြစ်မယ့် ကျန်းမာရေးပြဿနာ ဖြစ်တာကြောင့် နေ့စဉ်ဘဝမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးတာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊ သွေးတွင်းသကြားဓာတ်တွေကို ပုံမှန် စစ်ဆေးတာတွေ လုပ်ဆောင်ပေးပါ။ တစ်ပတ်ကို ၄ နာရီလောက် ကိုယ်လက်လှုပ်ရှားမှု ရှိနေခြင်းက ကိုယ်ဝန်ဆောင်ဆီးချိုဖြစ်နိုင်ခြေကို ထိရောက်တဲ့ အတိုင်းအတာ တစ်ရပ်အထိ လျှော့ချပေးနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။