backup og meta

ကိုယ်ဝန်ဆောင်မေမေ ဝမ်းပျော့ဆေး သောက်လို့ရသလား!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Aye Thi Mon မှ ရေးသားသည်။ · 25/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်မေမေ ဝမ်းပျော့ဆေး သောက်လို့ရသလား!

    ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ မေမေအနေနဲ့ အစားအသောက် အနေအထိုင် အားလုံးကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီလို ဂရုစိုက်ရာမှာ မဖျားနာအောင် ဂရုစိုက်ရတာ မတည့်တာကို မစားမိအောင် ဂရုစိုက်ရတာအပြင် ဆေးတွေကိုလည်း ကလေးကို ထိခိုက်မှု မဖြစ်စေအောင် ထင်တိုင်း သောက်လို့မရတာတွေပါပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးတွေကိုသာ ထင်တိုင်းသောက်မရပေမယ့် နာမကျန်းမဖြစ်မှုတွေက မလာဘူးလားဆိုတော့ မဟုတ်ပါဘူး။ မခေါ်ဘဲကို သူ့အလိုလို ရောက်လာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတိုင်းလိုလို ခံစားရတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုကတော့ ဝမ်းချုပ်တာပါ။ ဒီလို ဝမ်းချုပ်တဲ့အခါ အတော်လေး ခံရခက်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ခေါင်းထဲရောက်လာတာက ဝမ်းပျော့ဆေး သောက်လို့ရမလားလို့ပေါ့။ ဒီလို စဉ်းစားနေတဲ့ မေမေတွေအတွက် ကိုယ်ဝန်ဆောင်မေမေ ဝမ်းပျော့ဆေး သောက်လို့ရသလား ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးချင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာ အဖြစ်များလား

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာက အဖြစ်များလား ဆိုတော့ အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်မေမေ ၃ ယောက်မှာ ၁ ယောက်က ဝမ်းချုပ်တာကို ခံစားရပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ကို အထောက်အကူဖြစ်စေဖို့အတွက် ကိုယ်တွင်းက ဟော်မုန်းပြောင်းလဲသွားတာက ဝမ်းချုပ်တာကို ဖြစ်စေတာပါ။ ကိုယ်ဝန်ဆောင်ကာလ ပထမ သုံးလပတ်လောက်မှာတင် စတင် ခံစားရသလို ကိုယ်ဝန် ၂ လ ၃ လလောက်အရောက်မှ ဝမ်းချုပ်တာကို စခံစားရတာမျိုးလည်း ရှိပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို မကြာခဏ ခံစားရနိုင်တာကတော့ ကိုယ်ဝန်ဆောင်ကာလရဲ့ တတိယသုံးလပတ်မှာပါ။ အကြောင်းကတော့ ဗိုက်ထဲက ဘေဘီလေးက ထွားလာတာကြောင့် မစင်အိမ်နဲ့ အူမကြီးအပေါ်မှာ ဖိအားများလာခြင်းကလည်း ဝမ်းချုပ်တာကို ဖြစ်စေနိုင်ပါတယ်။

    ဒီအချက်အပြင် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်းမှာ ပရိုဂျက်စတုန်းဟော်မုန်း များလာတာ၊ ကလေးက အချိန်နဲ့အမျှ ထွားလာတာ၊ ကိုယ်ဝန်ဆောင် ဖြည့်စွက်အာဟာရအနေနဲ့ သံဓာတ်အားဖြည့်ဆေးတွေ သောက်သုံးနေရတာ၊ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလာတာတွေက အူနဲ့ အစာဟောင်းအိမ်တို့ရဲ့ လုပ်ဆောင်နိုင်စွမ်းအပေါ် သက်ရောက်မှု ရှိလာပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို ခံစားရတာပါ။ ရေလုံလောက်အောင် မသောက်မိတာ၊ ကိုယ်လက်လှုပ်ရှားမှု နည်းတာတွေကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို ကိုယ်ဝန်ဆောင်ကာလ တလျှောက်လုံး ခံစားရနိုင်သလို ကလေးမွေးဖွားပြီးရင်လည်း ၃ လလောက်အထိ ခံစားရနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်မေမေ ဝမ်းပျော့ဆေး သောက်လို့ရသလား

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာက တော်တော်လေး စိတ်ညစ်စရာကောင်းတာကြောင့် ဒီဝေဒနာကို ကင်းဝေးစေဖို့ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းပျော့ဆေး သောက်လို့ရမလား၊ မေမေနဲ့ ဘေဘီလေးကို ထိခိုက်မှု ရှိစေနိုင်လား ဆိုတာကို မေးတတ်ကြပါတယ်။ များသောအားဖြင့်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းပျော့ဆေး တော်တော်များများကတော့ ဘေးကင်းပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တယ်ဆိုတာက ဝမ်းသွားတာ တစ်ပတ်ကို ၃ ကြိမ်ထက် နည်းနေတာပါ။ ဒီအခြေအနေက တော်တော်လေး မသက်မသာဖြစ်စေနိုင်ပါတယ်။  ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် ဝမ်းပျော့ဆေး သောက်ချင်တယ်ဆိုရင် အရင်ဆုံး ကိုယ့်ရဲ့ အိုဂျီနဲ့ တိုင်ပင်စေချင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ်ဝန်ဆောင်ချိန်မှာတော့

    • ဝမ်းပျော့ဆေးတွေ ဖြစ်တဲ့ Docusate sodium၊ Docusate calcium
    • အူထဲမှာ ရေစုပ်ပြီး ဝမ်းပမာဏကို များစေတဲ့ Psyllium၊ Polycarbophil
    • တခြားဆေးတွေအနေနဲ့ MOM (Milk of Magnesia)၊ Bisacodylနဲ့ Lactulose တို့ကို သောက်ပေးလို့ ရပါတယ်။

    တစ်ခုရှိတာက ဒီဆေးတွေက ရေတိုပဲ သောက်လို့ရပါတယ်။ မသောက်ခင်မှာ ဆေးအညွှန်းကို သေချာဖတ်ပါ။ သောက်လက်စဆေးတွေ ရှိတယ်ဆိုရင် သတိထားပါ။ ဆေးသောက်ပေမယ့် ဝမ်းမသွားဘူးဆိုရင် ဆက်မသောက်ဘဲ ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

    ဒီဆေးတွေကို ခန္ဓာကိုယ်က စုပ်ယူမှု နည်းတာကြောင့် မေမေရော ဖွံ့ဖြိုးနေတဲ့ ဘေဘီလေးရဲ့ ကြီးထွားမှုကိုပါ များသောအားဖြင့် မထိခိုက်စေပါဘူး။ သံဓာတ်အားဖြည့်ဆေး သောက်နေရမယ်ဆိုရင်တော့ ဆရာဝန်ကို သေချာလေး ပြောပြပြီး ဝမ်းမချုပ်အောင် ဘယ်လို နေထိုင်လို့ရမလဲဆိုတာကို မေးမြန်းပေးပါ။

    ဝမ်းပျော့ဆေး သောက်မယ်ဆိုရင် ဆရာဝန်ကို သေချာလေး တိုင်ပင်ပြီးမှ အသင့်တော်ဆုံး ဖြစ်မယ့် ဆေးကို ရွေးချယ်သောက်သုံးဖို့ လိုပါမယ်။

    စကားလက်ဆောင်

    ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာကို သက်သာစေဖို့ဆိုရင်တော့ နေ့စဉ်မှာ သောက်ရေ အပါအဝင် အရည်များများ သောက်ပေးပါ။ နေ့စဉ်မှာ လမ်းလျှောက်တာလိုမျိုး ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးပါ။ နေ့စဉ် စားသုံးမှုမှာလည်း အမျှင်ဓာတ် ကြွယ်ဝအောင် စားပေးပါ။ နေ့စဉ် စားသုံးမှုမှာ အသီးအနှံတွေ၊ အရည်ရွှမ်းတဲ့ သစ်သီးတွေ ပါဝင်အောင် စားသုံးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Aye Thi Mon မှ ရေးသားသည်။ · 25/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement