backup og meta

ကိုယ်ဝန်ဆောင်ချိန်မှာ လက်သည်းခြေသည်းတွေ ဘယ်လို ပြောင်းလဲလာသလဲ!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန်မှာ လက်သည်းခြေသည်းတွေ ဘယ်လို ပြောင်းလဲလာသလဲ!

    ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို အချက်တွေက လက်သည်းခြေသည်းတွေကို ပြောင်းလဲမှု ဖြစ်စေတာလဲ။ လက်သည်းခြေသည်းတွေ ကျန်းမာဖို့ ဘယ်လိုစောင့်ရှောက်ရမလဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ လက်သည်းခြေသည်းတွေ ဘယ်လို ပြောင်းလဲလာသလဲ ဆိုတာလိုမျိုး ကိုယ်ဝန်ဆောင်မေမေတိုင်း သိထားဖို့ လိုမယ့် အချက်လေးတွေကို ဒီနေရာကနေ မျှဝေပေးလိုက်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ လက်သည်းခြေသည်းတွေ ဘယ်လို ပြောင်းလဲလာသလဲ

    ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်အပြင် ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေလည်း အရှည်မြန်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာတချို့မေမေတွေက ဆံပင်တွေ သန်လာတယ်လို့ ပြောကြပါတယ်။ ဒါက အချက်နှစ်ချက်ကြောင့်ပါ။

    ပထမတစ်ချက်က အီစထရိုဂျင်တွေ တက်လာတဲ့အတွက် ပုံမှန်ဆံပင်ကျွတ်တဲ့နှုန်းက နှေးသွားတာပါ။ နောက်တစ်ချက်က အမျိုးသားဟော်မုန်း အန်ဒရိုဂျင်တွေ များလာတဲ့အတွက် ဆံပင်တွေ ရှည်တာ မြန်လာတာကြောင့်ပါ။ ဒီနှစ်ချက်ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်ထူလာတာပါ။

    နောက်ထပ် တွေ့ရနိုင်တာက လက်သည်းခြေသည်းတွေ မာကျောလာတာပါ။ ဒီလို ဖြစ်ရတာက ကိုယ်ဝန်ဆောင်နေချိန်မှာ ကိုယ်တွင်းမှာ အန်ဒရိုဂျင် ဟော်မုန်းတွေ များလာတာကြောင့်ပါ။ တချို့မေမေတွေမှာတော့ လက်သည်းခြေသည်းတွေ ပျော့ပျောင်းလာတာ၊ ကြွပ်ဆတ်လာတာတွေကိုလည်း တွေ့ရနိုင်ပါတယ်။

    ဒီလိုမျိုး လက်သည်းပြောင်းလဲမှုတွေထဲမှာ ခံစားရနိုင်သေးတာ တစ်ခုက အရှည်မြန်တာပါ။ ဒါကြောင့် နဂိုတည်းက လက်သည်းခြေသည်းကို ထောင့်တွေပါ ညှပ်တားတဲ့ ကိုယ်ဝန်ဆောင်တွေမှာ ခြေစွယ်လက်စွယ် ငုပ်တာ မကြာခဏ ဖြစ်တတ်ပါတယ်။

    ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ခြေသည်းလက်သည်းတွေ ပြောင်းလဲတာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်စေဖို့အတွက်သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

     ကိုယ်ဝန်ဆောင်ချိန်မှာ လက်သည်းခြေသည်းတွေ ပြောင်းလဲလာရခြင်း အကြောင်း

    ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တွင်း ဟော်မုန်းတွေ ပြောင်းလဲလာတာကြောင့် ပုံမှန်အချိန်တွေထက် လက်သည်းတွေက ကျိုးပဲ့လွယ်နိုင်သလို လက်သည်းတွေ ကွဲတာမျိုးကို ခံစားရနိုင်ခြေလည်း ပုံမှန်ထက် ပိုများနေနိုင်ပါတယ်။ လက်သည်းတွေမှာ အစင်းကြောင်းထင်တာ၊ အရောင်ပြောင်းတာမျိုးလည်း ခံစားရနိုင်ပါတယ်။

    ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ ဟော်မုန်းအပြောင်းအလဲတွေကြောင့်အပြင် နောက်ထပ် အကြောင်းတစ်ခုကတော့ နေ့စဉ် စားသုံးမှုမှာ biotin ပါဝင်မှု နည်းတာကြောင့်ပါ။ Biotin ဆိုတာက ဗီတာမင် ​B အုပ်စုဝင်ဖြစ်ပြီး လက်သည်းတွေကို သန်မာမာကြောစေပါတယ်။ ဒီအာဟာရဓာတ်က လက်သည်းတွေကိုတင် ကျန်းမာစေတာ မဟုတ်ဘဲ ဆံသားကို ထူထဲစေပြီး အသားအရေ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ Biotin ကို အခွံမာသီးတွေ၊ ဥအမျိုးမျိုး၊ အုတ်ဂျုံ၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ငှက်ပျောသီး၊ နှံစားသီးနှံတွေကနေ ရရှိနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ လက်သည်းခြေသည်းတွေ ကျန်းမာစေဖို့ ဘယ်လို စောင့်ရှောက်ရမလဲ။

    ကိုယ်ဝန်ဆောင်ချိန်မှာ လက်သည်းခြေသည်းတွေ ထိခိုက်တာမျိုး မဖြစ်စေဖို့ မဖြစ်ခင်က ကြိုတင်ကာကွယ်ထားလိုက်တာ နည်းလမ်းကောင်းတွေပါ။ ဘယ်လို နည်းလမ်းတွေကို လိုက်နာရမလဲဆိုတော့

    • လက်သည်း မကိုက်ပါနဲ့လက်သည်းကိုက်တာက လက်သည်းတွေကို ထိခိုက်စေနိုင်သလို ပိုးဝင်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ လက်သည်း ထိခိုက်မှု မရှိစေဖို့ဆိုရင် လက်သည်းကိုက်တတ်တဲ့ အကျင့်ကို ဖျောက်ပါ။
    • သန့်ရှင်း ခြောက်သွေ့အောင် ထားပါ – ရေက လက်သည်းတွေကို ပျော့စေပါတယ်။ ဒီလို လက်သည်းတွေ ပျော့စေတာက လက်သည်းတွေကို ကျိုးပဲ့လွယ်စေနိုင်ပါတယ်။ ဒါကြောင့် လက်သည်းခြေသည်းတွေကို သန့်ရှင်း ခြောက်သွေ့အောင် ထားဖို့ လိုပါမယ်။
    • လက်သည်း တိုတို ညှပ်ထားပါ – လက်သည်း တိုတို ညှပ်ထားတာက လက်သည်းတွေ ကျိုးပဲ့တာ ကွဲအက်တာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ညှပ်တဲ့အခါမှာလည်း လက်စွယ်ခြေစွယ် မငုပ်အောင် အတွင်းထဲထိ ညှပ်တာကို ရှောင်ပါ။
    • အစိုဓာတ် ထိန်းခရင်မ် လိမ်းပါ – လက်သည်းလေးတွေကို အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးတာက လက်သည်းလေးတွေကို ခြောက်သွေ့ကွဲအက်တာ၊ ထိခိုက်ကျိုးပဲ့မှုတွေကနေ သက်သာစေမှာပါ။
    • လက်အိတ်စွပ်ပါ – လက်သည်းတွေ ထိခိုက်မှု နည်းစေဖို့အတွက် ပန်းကန်ဆေးတာ၊ အဝတ်လျှော်တာ နဲ့ အိမ်အလုပ်တွေ လုပ်တဲ့အခါမျိုးမှာ သားရေလက်အိတ် စွပ်ထားပေးပါ။
    • လက်သည်း ညှိပါ – လက်သည်းကို ပိုးမဝင်စေချင်ဘူး။ ကျန်းမာချင်တယ်ဆိုရင် လက်သည်းကို တံစဉ်းလေး သုံးပြီး ညင်ညင်သာသာလေး လက်သည်း ညှိပေးပါ။ ဒီလို လုပ်ပေးတာက လက်သည်း ထိခိုက်နိုင်ခြေကို လျှော့ချလိုက်တာပါပဲ။
    • ခြေစွယ် လက်စွယ်ငုပ်နေရင် မဖော်လိုက်ပါနဲ့ – ခြေစွယ် လက်စွယ် ငုပ်နေပြီဆိုရင် ကိုယ်တိုင် ဖော်လိုက်တာမျိုး မလုပ်ပါနဲ့။ မလိုအပ်ဘဲ ပိုးဝင်ကူးစက်တာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ ဒါကြောင့် လက်စွယ်ခြေစွယ် ငုပ်ပြီဆိုရင် ဆရာဝန်နဲ့ သွားပြကြည့်ဖို့ အကြံပြုချင်ပါတယ်။
    • လက်သည်းညှပ်ကို မျှဝေမသုံးပါနဲ့ – လက်သည်းညှပ်ရင်းက ပိုးဝင်ကူးစက်တာမျီုး မဖြစ်စေဖို့အတွက် လက်သည်းညှပ်တဲ့ ကိရိယာတွေကို ကိုင်ပိုင်ထားရှိပါ။ သီးသန့်ထားဖို့ မလွယ်ကူဘူးဆိုရင် အသုံးမပြုခင်မှာ အရက်ပြန်နဲ့ ပိုးသတ်ပါ။
    • လက်သည်းကို ထောင့်ကျကျလေး ညှပ်ပါ – လက်သည်းညှပ်တဲ့အခါ လက်သည်းအစွန်းလေးတွေကို ဝိုင်းနေအောင် ညှပ်တာက ခြေစွယ်လက်စွယ် ငုပ်နိုင်ခြေ ပိုများတာကြောင့် လေးထောင့် ကျကျလေးပဲ ညှပ်ပါ။
    • အရောင်ပြောင်းနေလား ဂရုစိုက်ပါ –  လက်သည်းမှာ မှိုပိုးတွေ၊ ဘက်တီးရီးယားတွေ ကူးစက်ခံရတဲ့အခါ အရောင်ပြောင်းတာမျိုးတွေ ရှိပါတယ်။ ဒီလိုမျိုး လက်သည်းခြေသည်းတွေ အရောင်ပြောင်းနေပြီဆိုရင် ဆရာဝန်နဲ့ သေချာပြဖို့ လိုပါမယ်။
    • အာဟာရပြည့်ဝအောင် စားသောက်ပါ − လက်သည်းကျန်းမာစေဖို့ လိုအပ်တဲ့ biotinနဲ့ သံဓာတ်တွေ ပြည့်ဝစေဖို့ အာဟာရပြည့်အောင် စားဖို့ လိုပါတယ်။

    ကဲ ….. ကိုယ်ဝန်ဆောင်ချိန်မှာ လက်သည်းခြေသည်းလေးတွေ ပြောင်းလဲလာတာကို အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေနဲ့ ဂရုစိုက်လိုက်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement