backup og meta

ဆောင်းပါး ကူညီပံ့ပိုးသူ May May Club

ကိုယ်ဝန်ဆောင်မေမေ နဲ့ တုပ်ကွေးကာကွယ်ဆေး

တုပ်ကွေးက ပုံမှန် သူတွေမှာတောင် တော်တော်လေး ခံစားရခက်တာပါ။ ဒီလို ခံစားရခက်တဲ့ ဝေဒနာကို ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရတာကြောင့် ကိုယ်ခံအား နည်းနေတဲ့ မေမေတွေမှာဆိုရင် ပိုပြီး ပြင်းထန်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မေမေ နဲ့ တုပ်ကွေးကာကွယ်ဆေး

ဒါကြောင့်လည်း ကိုယ်ဝန်ဆောင်မေမေတွေကို တုပ်ကွေး ကာကွယ်ဆေးတွေ ကြိုတင် ထိုးနှံခိုင်းတာပါ။ ဒါမှလည်း တုပ်ကွေးကြောင့် မဖြစ်မှာလေ။ ကိုယ်ဝန်ဆောင် မေမေ တုပ်ကွေး မဖြစ်တာက အကောင်းဆုံးပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေး ဖြစ်နိုင်ခြေ များသလား!

ကိုယ်ဝန်ဆောင်တွေက တုပ်ကွေးဖြစ်နိုင်ခြေ များပါတယ်။ အကြောင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားက ပုံမှန်ထက် နည်းနေတာကြောင့် ဖျားနာလွယ်သလို အအေးမိ တုပ်ကွေးဖြစ်နိုင်ခြေကလည်း အခြားသူတွေထက် ပိုများနေပါတယ်။

သာမန်ချိန်မှာ ဖျားနာတာလောက်ကို သိပ်ခံစားရတာမျိုး မရှိပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာတော့ သာမန် ဖျားနာမှုကနေ ပြန်လည် ကျန်းမာလာဖို့ တော်တော်လေး အချိန်ပေးရပါတယ်။ အကြောင်းရင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်က ပြင်ပပစ္စည်းလို့ ဆိုရမယ့် ဘေဘီလေးကို လက်ခံနိုင်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်တွေက ကိုယ်ခံအား တုံ့ပြန်မှုကို အဆင့်နှိမ့်ထားတာကြောင့်ပါ။

တုပ်ကွေးဆိုတာက ကူးစက်မြန်ပြီး ပြင်းထန်တဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ ဒီလို ပြင်းထန်တဲ့ ဗိုင်းရပ်စ်ကို အားနည်းနေတဲ့ ကိုယ်ခံအားက ခုခံ တုံ့ပြန်နိုင်စွမ်း နည်းနေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေး ကူးစက်ခံရလွယ်သလို ပိုပြီးလည်း ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။

တကယ်လို့ ကိုယ်ဝန်လည်း ဆောင်နေမယ်။ ဆီးချို၊ သွေးတိုးလိုမျိုး ရောဂါအခံတွေလည်း ရှိမယ်ဆိုရင် ပိုပြင်းထန်နိုင်ပါတယ်။

တုပ်ကွေးဖြစ်ပြီဆိုရင် ဘယ်လိုတွေ ခံစားရနိုင်လဲ!

တုပ်ကွေး လက္ခဏာတွေက အစပျိုးချိန် သိပ်မကြာလိုက်ဘဲ ချက်ချင်းဆိုသလို ခံစားရတာပါ။ တကယ်လို့ တုပ်ကွေးခံစားရမယ်ဆိုရင်

  • အဖျားက ၃၈ ဒီဂရီစင်တီဂရိတ် နဲ့ အထက် ဖြစ်မယ်။
  • ချမ်းတုန်မယ်။ အဖျားတက်မယ်။
  • ကြွက်သားတွေ၊ အဆစ်တွေ နာကျင် ကိုက်ခဲမယ်။
  • အိပ်လို့မရဖြစ်မယ်။
  • အရမ်းပင်ပန်းနေမယ်။
  • ခေါင်းကိုက်မယ်။
  • လည်ချောင်းနာမယ်
  • ရင်ဘတ်အောင့်တဲ့အထိ ချောင်းတွေဆိုးမယ်။
  • အစားစားချင်စိတ် မရှိဖြစ်မယ်။
  • ဗိုက်အောင့်မယ် စတာတွေ ခံစားရနိုင်ပါတယ်။

တုပ်ကွေး နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်လဲ !

ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေး ဖြစ်မယ်ဆိုရင် ကိုယ်ဝန်ဆောင် မိခင်ကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။ မွေးဖွားမလာသေးတဲ့ ဗိုက်ထဲက ဘေဘီလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေး ဖြစ်တာက

  • လမစေ့ဘဲ မွေးဖွားတာ
  • ပေါင်မပြည့်ဘဲ မွေးဖွားတာတွေ ဖြစ်နိုင်ပါတယ်။ အဆိုးဆုံးအနေနဲ့ ကလေးအသေမွေးတာမျိုး ခံစားရနိုင်ပါတယ်။

မေမေတွေအနေနဲ့လည်း ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေအနေနဲ့

ကိုယ်ဝန်ဆောင်မေမေ နဲ့ တုပ်ကွေးကာကွယ်ဆေး

ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေး ကာကွယ်ဆေး ထိုးလိုက်တာက မေမေကိုရော ဘေဘီလေးကိုပါ တုပ်ကွေးကနေ ကာကွယ်ပြီးသား ဖြစ်မှာပါ။ တုပ်ကွေးကာကွယ်ဆေးက လက်မောင်းမှာ ထိုးနှံရမှာဖြစ်ပြီး ဆေးအာနိသင်ကတော့ ဆေးထိုးပြီး ၂ ပတ်ကနေ စပြီး ရရှိမှာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေး ကာကွယ်ဆေး ထိုးလိုက်တာက ချက်ကြိုးကနေတဆင့် ဘေဘီလေးဆီ ရောက်ရှိသွားပြီး ဘေဘီလေးကို မွေးပြီး ၆လအထိ တုပ်ကွေးကာကွယ်နိုင်မယ့် ကိုယ်ခံအားကို ရရှိစေမှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေးကာကွယ်ဆေး ထိုးနှံတာက တုပ်ကွေးကြောင့် ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုး ကူးစက်တာတွေကို လျှော့ချပေးနိုင်မှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးတာ ကိုယ်ဝန်ဆောင်မိခင်တွေကို တုပ်ကွေးကြောင့် ခံစားရတဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကြောင့် ဆေးရုံတက်ရောက် ကုသရနိုင်ခြေကို ၄၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက တုပ်ကွေး ကာကွယ်ဆေး ထိုးထားမယ်ဆိုရင် ဘေဘီလေး မွေးဖွားပြီး အစောပိုင်းကာလတွေမှာလည်း တုပ်ကွေးကြောင့် ဖျားနာတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကလေးက အရမ်းငယ်နေချိန်မှာ ကာကွယ်ဆေးထိုးဖို့ မဖြစ်နိုင်သေးတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ကာကွယ်ဆေး ထိုးထားလိုက်တာ ပိုကောင်းပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေး ကာကွယ်ဆေး ထိုးထားတာက မေမေရော ဘေဘီလေးအတွက်ပါ များသောအားဖြင့် ဘေးကင်းပါတယ်။ မြန်မာနိုင်ငံမှာ ထိုးနေကျ တုပ်ကွေးကာကွယ်ဆေးတွေက ပိုးအသေကို သုံးထားတာဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်တွေ ထိုးလို့ရပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေးကာကွယ်ဆေး ထိုးပေးထားတာက ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေးကြောင့် ပြင်းပြင်းထန်ထန် ဖျားနာတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို ဖျားနာမှုကြောင့် ကလေးမှာ မွေးရာချို့ယွင်းမှု ဖြစ်တာ ကလေးကျန်းမာရေး ထိခိုက်တာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဘယ်အချိန်မှာ တုပ်ကွေးကာကွယ်ဆေးထိုးရမလဲ။

ကိုယ်ဝန်ဘယ်နှလမှာလဲ ဖြစ်ဖြစ် တုပ်ကွေးကာကွယ်ဆေး ထိုးလို့ရပါတယ်။ လနုလို့၊ လရင့်လို့ ဆိုတာ မရှိပါဘူး။ ဆေးအာနိသင်နဲ့ ကာကွယ်မှု ရဖို့အတွက်  တုပ်ကွေးရာသီမစခင်မှာ ထိုးထားရမှာပါ။ မြန်မာနိုင်ငံမှာဆိုရင်တော့ မိုးမဝင်ခင် ဧပြီလလောက်ဆို ဆေးတွေ ရောက်ပါပြီ။ အဲ့ဒီအချိန်လောက်တည်းက ထိုးထားပါ။

တုပ်ကွေးကာကွယ်ဆေးက ဘေးထွက်ဆိုးကျိုး ရှိနိုင်မလား ……

ကာကွယ်ဆေးထိုးပြီး တစ်ရက် ဒါမှမဟုတ် ၂ ရက်လောက်မှာတော့ ခေါင်းကိုက်တာ၊ ကြွက်သားတွေနာတာ၊ အဖျား နည်းနည်း ရှိတာ၊ ပင်ပန်းတာမျိုးခံစားရတာ၊ ဆေးထိုးတဲ့နေရာက နာတာမျိုးကိုပဲ ခံစားရနိုင်ပါတယ်။ အခြား ကြီးကြီးမားမား ခံစားရတာမျိုး မရှိပါဘူး။

တုပ်ကွေး ဖြစ်လာခဲ့ရင်

တကယ်လို့ ကိုယ်ဝန်ဆောင်မေမေ အနေနဲ့ တုပ်ကွေး ကူးစက်ခံရမယ်ဆိုရင် သက်သာစေဖို့

  • ပြည့်ပြည့်ဝဝ အနားယူပါ။
  • နွေးနွေးထွေးထွေး နေပါ
  • ရေများများ သောက်ပါ။
  • ဆရာဝန်နဲ့ ပြသပြီး လိုအပ်တဲ့ ကုသမှု ခံယူပါ။

တုပ်ကွေး မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ …..

တုပ်ကွေး မဖြစ်အောင် ကာကွယ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းကတော့ ကာကွယ်ဆေး ထိုးတာပါ။ နှာချေ၊ ချောင်းဆိုးနေသူတွေနဲ့ ခပ်ဝေးဝေးနေပါ။ ဖျားနာသူတွေနဲ့ ထိတွေ့မှု မရှိအောင် ဂရုပြုပါ။

တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ။ အသုံးအဆောင်တွေကို ပိုးသတ် သန့်စင်ပါ။ အာဟာရပြည့်ဝ မျှတအောင် စားသုံးပေးပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ တုပ်ကွေးဖြစ်တာက မေမေရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်တာကြောင့် ကြိုတင်ကာကွယ် စေချင်ပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Flu & Pregnancy https://www.cdc.gov/flu/highrisk/pregnant.htm Accessed Date 15 October 2021

Flu and pregnancy https://www.nct.org.uk/pregnancy/worries-and-discomforts/symptoms-watch-out-for/flu-and-pregnancy Accessed Date 15 October 2021

Influenza (Flu) Vaccine and Pregnancy https://www.cdc.gov/vaccines/pregnancy/hcp-toolkit/flu-vaccine-pregnancy.html#:~:text=Flu%20vaccination%20is%20safe%20during%20pregnancy.&text=Pregnant%20women%20should%20get%20a,given%20to%20women%20during%20pregnancy. Accessed Date 27 January 2023

Is it safe to get a flu shot during pregnancy? https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/expert-answers/influenza/faq-20058522 Accessed Date 27 January 2023

Vaxigrip tetra https://www.news-medical.net/drugs/Vaxigrip-Tetra.aspx#415794-title Accessed Date 27 January 2023

The Flu Jab in Pregnancy https://www.nhs.uk/pregnancy/keeping-well/flu-jab/#:~:text=The%20best%20time%20to%20have,best%20to%20get%20it%20earlier. Accessed Date 27 January 2023

ယခုပုံစံ

18/04/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကျန်းမာပျော်ရွှင်တဲ့ ကိုယ်ဝန်ဆောင်ကာလလေး ဖြစ်စေဖို့

ကိုယ်ဝန်ဆောင်ချိန်မှာ ကြက်သွန်ဖြူ စားပေးသင့်တဲ့ အကြောင်းအရင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/04/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement