backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

3

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုယ်ဝန်ပျက်ကျပြီး ဘယ်အချိန်အထိ နှစ်ကြောင်းပေါ် နေမှာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ဝန်ပျက်ကျပြီး ဘယ်အချိန်အထိ နှစ်ကြောင်းပေါ် နေမှာလဲ

ကိုယ်ဝန်ပျက်ကျ ဒါမှမဟုတ် ဖျက်ချထားတဲ့ အမျိုးသမီးတွေက ဆီးပြန်စစ်ကြည့်တဲ့အခါ နှစ်ကြောင်းပေါ် နေတာကို သတိထားမိကြပါတယ်။ ဒီအခါမှာ သူတို့ရဲ့ ကိုယ်ဝန်က တကယ်ရော ပျက်ကျတာ ဟုတ်ရဲ့လား။  အထဲမှာ တစ်ခုခုများ ဖြစ်နေသလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ သူတို့မေးကြတာကတော့ ကိုယ်ဝန်ပျက်ကျပြီး ဘယ်အချိန်အထိ နှစ်ကြောင်းပေါ် နေမှာလဲ ဆိုတာပါ။

ကိုယ်ဝန်ဆောင်ဟော်မုန်းဆိုတာ

hCGလို့ ခေါ်တဲ့ Human chorionic gonadotropin ကို ကိုယ်ဝန်ဆောင်ဟော်မုန်းလို့ အလွယ်ခေါ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အချင်းကနေ ထွက်တာ ဖြစ်ပါတယ်။ ကိုယ်ဝန်အပြင် တခြား အခြေအနေတွေမှာလည်း ထွက်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်လို့ ယူဆရင်တော့ hCGကို စစ်ပြီး ရှိမရှိ ပြောလေ့ရှိပါတယ်။

အိမ်သုံး ဆီးစစ်တံနဲ့ ကိုယ်ဝန်စစ်တယ်ဆိုတာကလည်း ဆီးထဲက hCGကို စစ်တာ ဖြစ်ပါတယ်။ hCGက ဆီးထဲမှာရော သွေးထဲမှာပါ ရှိပါတယ်။ သွေးထဲမှာ စောပေါ်ပြီး ဆီးထဲမှာတော့ အနည်းငယ် နောက်ကျပြီးမှ ပေါ်ပါတယ်။

hCG ဟော်မုန်းက ကိုယ်ဝန်စရှိရှိချင်းမှာဆိုရင် ၁-၂ရက်ခြားလောက်မှာ ၂ဆဆီ တက်တတ်ပါတယ်။ ဒီလိုမျိုး ၈ပတ်လောက်ထိ တက်တတ်ပါတယ်။ ကိုယ်ဝန် ၈ပတ်ကနေ ၁၁လောက်မှာ အမြင့်ဆုံးရောက်ပြီး ၁၆ပတ်ပတ်လောက်ဆိုရင်တော့ ပမာဏ ငြိမ်သွားပါတယ်။

ကိုယ်ဝန်ပျက်ကျပြီး ဘယ်အချိန်အထိ နှစ်ကြောင်းပေါ် နေမှာလဲ

ကိုယ်ဝန်ပျက်ကျပြီးပေမယ့် ဆီးစစ်တဲ့အခါ နှစ်ကြောင်း ပေါ်နေတာကို တွေ့ရတတ်ပါတယ်။ တကယ်တော့ ဒါက ပုံမှန်ပါပဲ။ ကိုယ်ဝန်ပျက်ကျထားသည်ဖြစ်စေ၊ ကိုယ်ဝန်ဖျက်ချထားသည်ဖြစ်စေ ဆီးထဲမှာ hCGက ရက်ပိုင်း  ဒါမှမဟုတ် တချို့တွေမှာ ၁လလောက်အထိ တက်နေနိုင်ပါတယ်။

ဘယ်လောက်ကြာကြာ တက်မလဲဆိုတာကတော့ ကိုယ်ဝန်ဘယ်လောက်နဲ့ ပျက်ကျထားလဲပေါ် မူတည်ပါတယ်။ ကိုယ်ထဲမှာ hCG ပမာဏ များနေလေလေ ပြန်ကျဖို့ အချိန်ယူရလေလေ ဖြစ်ပါတယ်။ တချို့တွေမှာဆိုရင် ကိုယ်ဝန်‌ဆောင်ဟော်မုန်း အကြွင်းအကျန်တွေကြောင့် ဆီးစစ်တဲ့အခါ နှစ်ကြောင်းပေါ်တာတင်မကဘဲ ကိုယ်ဝန်ရှိသလို ပျို့အန်တာ၊ ရင်သားတင်းတာတွေလည်း ဖြစ်တတ်ပါတယ်။

ကိုယ်ဝန်ပျက်ကျပြီး နှစ်ကြောင်းပေါ် နေရင် ဘာဖြစ်တတ်သလဲ

ကိုယ်ဝန်ပျက်ကျပြီး ၁လ၊ ၁လကျော်ကြာတာတောင် ဆီးစစ်တိုင်းမှာ နှစ်ကြောင်းပေါ်နေရင် ဖြစ်နိုင်တာတွေက

  • နောက်ထပ် ကိုယ်ဝန်ထပ်ရသွားတာ

ကိုယ်ဝန်ပျက်ကျပြီး ရာသီပြန်လာပြီဆိုရင် ကိုယ်ဝန်ရနိုင်ခြေ ရှိပါတယ်။ ဒါပေမဲ့ ရာသီလာတယ်ဆိုတာ သားဥကြွေပြီးမှ လာတာဆိုတော့ ကိုယ်မသိလိုက်ခင်မှာပဲ ကိုယ်ဝန်ရှိသွားနိုင်ပါတယ်။

ဒါကြောင့် ရှေ့ကိုယ်ဝန်ပျက်တာနဲ့ နောက်ကိုယ်ဝန်ရတာနဲ့ ဆက်ပြီး hCGတွေ တက်နေနိုင်ပါတယ်။

  • ကိုယ်ဝန်အကြွင်းအကျန်တွေ ကျန်သေးတာ

ကိုယ်ဝန်ပျက်တာဖြစ်ဖြစ်၊ ဖျက်တာဖြစ်ဖြစ် အထဲမှာရှိတဲ့ ကိုယ်ဝန်အကြွင်းအကျန်တွေ မကုန်စင်ခဲ့ရင် hCG ဆက်တက်နိုင်ပါတယ်။ ဒါကြောင့် သားအိမ်ခြစ်ရတာပါ။

သားအိမ်ခြစ်ပြီးတာကလည်း မကုန်စင်ရင် hCGတက်နိုင်တာကြောင့် ၁လကျော်တာတောင် နှစ်ကြောင်းပေါ်နေသေးရင် အထဲမှာ ကျန်မကျန် ပြန်စစ်သင့်ပါတယ်။

  • တခြားရောဂါ တစ်ခုခုရှိနေတာ

hCGက ကိုယ်ဝန်အပြင် တခြားသော အခြေအနေတွေမှာလည်း တက်နိုင်ပါတယ်။ ဥပမာ

  • သားဥပြွန်မှာ သန္ဓေတည်တာ
  • စပျစ်သီးကိုယ်ဝန်
  • အချင်းတစ်ရှူးတွေ ပုံမှန်မဟုတ်ဘဲ ပွားနေတာ
  • ကင်ဆာရောဂါ (ဥပမာ သားဥအိမ်၊ ရင်သား၊ အဆုတ်၊ ကျောက်ကပ်၊ ပီကျူထရီ) စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
  • ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသသင့်သလဲ

    အများစုကတော့ ကိုယ်ဝန်ပျက်ကျပြီး ၁၂ရက်နေ ၁၆ရက်လောက်ဆို ဆီးစစ်ရင် နှစ်ကြောင်း မပေါ် တော့ပါဘူး။ ဒါပေမယ့် ကိုယ်ဝန်လပေါ်မူတည်ပြီး ဒီထက်စောတာ၊ နောက်ကျတာ ဖြစ်တတ်ပါတယ်။ တစ်လကျော်လို့မှ ကိုယ်ဝန်ပျက်ကျပြီး နှစ်ကြောင်းပေါ် သေးတယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသပြီး တိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement