ကိုယ်ဝန်ဆိပ်တက်ခြင်းရောဂါတွေဖြစ်တဲ့ preeclampsia, eclampsia နဲ့ HELLP syndrome သုံးမျိုး ကိုဘယ်လိုခွဲခြားသတ်မှတ်မလဲ။

    ကိုယ်ဝန်ဆိပ်တက်ခြင်းရောဂါတွေဖြစ်တဲ့ preeclampsia, eclampsia နဲ့ HELLP syndrome သုံးမျိုး ကိုဘယ်လိုခွဲခြားသတ်မှတ်မလဲ။

    ဆရာဝန်အနေနဲ့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ သွေးပေါင်ချိန်နဲ့ ဆီးတို့ကို ဆေးခန်းလာတိုင်း လိုအပ်သလို စစ်ဆေးသင့်ပါတယ်။ တကယ်လို့ သွေးပေါင်ချိန်က 140/90 ဒါမှမဟုတ် အဲဒီထက်များနေမယ်ဆိုရင် (အထူးသဖြင့် ကိုယ်ဝန် အပတ်၂၀မှာဆိုရင်) ဆရာဝန်ဟာ ကိုယ်ဝန်ဆောင်မိခင်ကို ဓာတ်ခွဲခန်း စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်စေမှာဖြစ်ပြီး မူမမှန်တာတွေကို စစ်ဆေးစေမှာဖြစ်ပါတယ်။

    ဥပမာ – proteinuria လိုခေါ်တဲ့ ဆီးထဲမှာပရိုတိန်းဓာတ် ပါဝင်မှုကို စစ်ဆေးမှာဖြစ်ပါတယ်။

    Gestational hypertension (ကိုယ်ဝန်ဆောင်သွေးတိုးခြင်း) ယခင်ကသွေးပေါင်ချိန်ပုံမှန်ရှိတဲ့ အမျိုးသမီးဟာ ကိုယ်ဝန်ဆောင်ပြီး ကိုယ်ဝန်အပတ် ၂၀ မှာစကာ သွေးတိုးလာခြင်းကိုခေါ်ပါတယ်။ Gestational hypertension မှာ ကိုယ်ဝန်ဆောင်မိခင်က သွေးတိုးရှိနေပေမယ့် သူတို့ရဲ့ဆီးထဲမှာ ပရိုတိန်းဓာတ် လုံးဝမပါဝင်ပါဘူး။ Gestational hypertension က preeclampsia ဆိုတဲ့ အကြိုကိုယ်ဝန်ဆိပ်တက်ခြင်း ဆီ ပြောင်းလဲသွားနိုင်ပါတယ်။

    ရောဂါမရင့်သေးတဲ့ preeclampsia ရဲ့ လက္ခဏာတွေကတော့

    • Systolic blood pressure (အပေါ်သွေး) က 140 mmHg ဒါမှမဟုတ် အဲဒီထက်မြင့်နေပြီး diastolic pressure (အောက်သွေး) က 90 mmHg ဒါမှမဟုတ် အဲဒီထက်မြင့်နေပါလိမ့်မယ်။
    • ၂၄ နာရီအတွင်းရရှိထားတဲ့ ဆီးထဲမှာ ပရိုတိန်းဓာတ် 0.3 grams ဒါမှမဟုတ် အဲဒီထက်များနေပါလိမ့်မယ်။

    ရောဂါရင့်သွားတဲ့ preeclampsia ကတော့

    • ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ အနည်းဆုံး ခြောက်နာရီခွာတိုင်းတဲ့အခါ အပေါ်သွေးက 160 mmHg ထက်မြင့်မယ် ဒါမှမဟုတ် အောက်သွေးက 110 mmHg ထက်မြင့်နေမယ်ဆိုရင် ဖြစ်နိုင်ပါပြီ။
    • နှစ်ဆယ့်လေးနာရီအတွင်း တိုင်းထားတဲ့ ဆီးနမူနာတွေမှာ ပရိုတိန်းဓာတ်က 5 gram ထက်ပိုမို ပါဝင်နေတယ် ဒါမှမဟုတ် လေးနာရီခြားပြီး တိုင်းထားတဲ့ ဆီးနမူနာ နှစ်ခုအတွင်းမှာ ပရိုတိန်း 3 grams ထက်ပိုပါနေရင်ဖြစ်နိုင်ပါတယ်။
    • ကိုယ်အလေးချိန်အရမ်းတက်လာခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ဖောရောင်ခြင်း တို့ဖြစ်ရင်လည်း ဖြစ်လာနိုင်ပါတယ်။

    Eclampsia ကိုယ်ဝန်ဆိပ်တက်ခြင်းဆိုတာကတော့ Preeclampsia ရှိနေတဲ့ ကိုယ်ဝန်ဆောင်မှာ တက်ခြင်း ပါဖြစ်လာရင် ဖြစ်ပါတယ်။

    ဆရာဝန်အနေနဲ့ မိခင်နဲ့ ဗိုက်ထဲကကလေး ကျန်းမာဖို့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်စေမှာပါ။

    • သွေးစစ်ခြင်းက ကိုယ်ဝန်ဆောင်မိခင်ရဲ့ အသည်းနဲ့ ကျောက်ကပ် အလုပ်ကောင်းစွာ လုပ်မလုပ်သိစေပါတယ်။
    • သွေးစစ်ခြင်းကပဲ ကိုယ်ဝန်ဆောင်မိခင်ရဲ့ သွေးခဲမခဲ အခြေအနေကို သိနိုင်ပါတယ်။
    • ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကိုယ်ထဲက သွေးနီဥ အရေအတွက်ကို သွေးစစ်ခြင်းမှ သိနိုင်ပါတယ်။
    • ကိုယ်ဝန်ဆောင်စဉ်လရင့်လာတာနဲ့အမျှ ကိုယ်အလေးချိန် စစ်ဆေးခြင်း။
    • ကလေးငယ်ရဲ့ အရွယ်အစားကိုသိနိုင်ဖို့ အာထရာဆောင်း ရိုက်ခြင်း။
    • ကလေးငယ်ရဲ့ နှလုံးခုန်နှုန်းကိုစမ်းသပ်ခြင်း။
    • ကိုယ်ဝန်ဆောင်မိခင်ရဲ့ မျက်နှာ လက် ခြေထောက် ဖောရောင်ခြင်း၊ အသည်းကြီးခြင်း၊ဗိုက်နာခြင်း ရှိမရှိ စစ်ဆေးခြင်း။

    HELLP syndrome ကတော့ ဓာတ်ခွဲခန်းစစ်ဆေးချက်တွေအရ သွေးနီဥပျက်စီးခြင်း၊ အသည်း အင်ဇိုင်းများ မြင့်တက်လာခြင်း၊ သွေးခဲခြင်းကိုဖြစ်စေတဲ့သွေးမွှားဥနည်းလာခြင်း စတဲ့လက္ခဏာတွေ ရှိပါတယ်။ ဆီးထဲမှာတော့ ပရိုတိန်းဓာတ် မြင့်ချင်လည်းမြင့်မယ်။ မမြင့်တာလည်းဖြစ်နိုင်တယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Saudan, P., Brown, M. A., Buddle, M. L., Jones, M. (1998). Does gestational hypertension
    become pre-eclampsia? British Journal of Obstetrics and Gynaecology 105, 1177–1184.

    Sibai, B. M. (2012). Hypertension. In S. G. Gabbe, J. R. Niebyl, J. L. Simpson, & M. B.
    Landon (Eds.),Obstetrics: Normal and problem pregnancies (6th ed.). Philadelphia:
    Saunders.

    Haram, K., Svendsen, E., & Abildgaard, U. (2009). The HELLP syndrome: Clinical issues
    and management. A Review. BMC Pregnancy and Childbirth, 9. doi:10.1186/1471-2393-9- 8. Retrieved July 11, 2012, from

    http://www.biomedcentral.com/content/pdf/1471-2393- 9-8.pdf

    စာရေးသူ ဓာတ်ပုံ
    Kyaw Thura Htun မှ ရေးသားသည်။ 23/09/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။