home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မွေးကင်းစ သမီးမိန်းကလေးတွေ အူကျတာဖြစ်နိုင်လား ။။

မွေးကင်းစ သမီးမိန်းကလေးတွေ အူကျတာဖြစ်နိုင်လား ။။

အူကျတယ်ဆိုတဲ့ ပြဿနာကို လူတိုင်းကြားဖူးကြမှာပါ။ အသက်ကြီးတဲ့သူတွေနဲ့ အမျိုးသားတွေမှာ အများဆုံးဖြစ်တဲ့ ပြဿနာတစ်ခုလေ။ ဒီလို အူကျတဲ့ ပြဿနာက မွေးကင်းစအရွယ် ငယ်ငယ် သမီးမိန်းကလေးတွေမှာရော ဖြစ်နိုင်တယ်ဆိုရင် အံ့သြသွားမလား။ တကယ်တော့ အရွယ်ရော်ကတဲ့သူတွေထက်စာရင် မွေးကင်းစ ကလေးငယ်ငယ်လေးတွေက ပိုပြီး အူကျတာဖြစ်နိုင်ချေ ရှိပါတယ်။ ဒီတော့ ဒီ အူကျတဲ့ပြဿနာဟာ အသက်အရွယ်မရွေး ကျားမ မရွေး ဖြစ်နိုင်တဲ့ အရာတစ်ခုပါ။

အူကျတယ်ဆိုတာ ကိုယ်တွင်းက အားအနည်းဆုံး ကြွက်သားနေရာမှာကို တိုးပြီး အပေါ်ပိုင်းက ကလီစာတွေ အောက်ဘက်ကို ဆင်းလာတာလို့ အလွယ်ဆုံးမှတ်လို့ရပါတယ်။ ကလေးတွေမှာ အူကျတာ ၂ မျိုးရှိပါတယ်။

  • Inguinal Hernia – ပေါင်ခြံတစ်ဝိုက် အူကျခြင်း
  • Umbilical Hernia – ချက်တစ်ဝိုက် အူကျခြင်း ဆိုတဲ့၂ ခုပါ။

Inguinal Hernia – ပေါင်ခြံတစ်ဝိုက် အူကျခြင်း။

ပေါင်ခြံတစ်ဝိုက် အူကျတယ်ဆိုတာ ဗိုက်ထဲက အူအစိတ်အပိုင်းတစ်ခု၊ မိန်းကလေးတွေမှာဆို သားဥပြွန်နဲ့ သားဥအိမ်က အစိတ်အပိုင်းတို့က ဗိုက်နဲ့ပေါင်ခြံကြားက အပေါက်လေးကိုဖြတ်ပြီး ပေါင်နားကို ရောက်သွားကာ ချောင်းဆိုးတဲ့အခါ ၊ငိုတဲ့အခါ နဲ့ မတ်တပ်ရပ်လိုက်တဲ့အခါ ပေါင်နားမှာ ဖောင်းဖောင်းလာတာကို ပြောတာဖြစ်ပါတယ်။ ဒီနေရာမှာ အပြစ်အရှိဆုံးဆိုရင်တော့ peritoneal membrane လို့ခေါ်တဲ့ ဗိုက်အမြှေးပါးက ခေါက်နေပြီး အိတ်လိုဖြစ်နေတာကိုပြောရမှာပါ။ အိတ်လိုဖြစ်နေတဲ့အပြင် အပေါက်လေးကလည်းဖြစ်နေတော့ အပေါ်က ကလီစာတွေကျလာချင်စရာပဲပေါ့။

  • သားသားလေးတွေမှာဆို အူကျတာက ပေါင်ခြံနေရာတင်မဟုတ် ကပ္ပယ်အိတ်တွေထဲထိတောင် ရောက်တတ်ပြီး
  • မီးမီးလေးတွေမှာဆိုရင်တော့ ပေါင်ခြံနေရာရော၊ မိန်းမကိုယ်အပြင်နှုတ်ခမ်းသားဝမှာရော အူကျပြီး ဖောင်းနေတာ ရှိနေတတ်ပါတယ်။
  • ညာဘက်မှာဖြစ်တာပိုများပြီး ယောက်ျားလေးတွေမှာ ပိုအဖြစ်များက နေ့မစေ့ လမစေ့ဘဲ မွေးတဲ့ကလေးတွေမှာ ပိုအဖစ်များပါတယ်။ ဝှေးစေ့တစ်လုံးတည်းပါတဲ့ ကလေးတွေနဲ့ cystic fibrosis ပြဿနာရှိတဲ့ ကလေးတွေ ပိုအဖြစ်များပါတယ်။

Umbilical Hernias – ချက်တစ်ဝိုက် အူကျွံခြင်း ။

တစ်ချို့ကလေးတွေရဲ့ ဝမ်းဗိုက်ပတ်လည်က ကြွက်သားတွေ အားနည်းတဲ့အတွက်ကြောင့် အတွင်းက အူတွေ ချက်ပတ်လည်ကို ထွက်လာတဲ့ ပြဿနာကို Umbilical Hernias – ချက်တစ်ဝိုက် အူကျွံခြင်းလို့ ခေါ်ကြပါတယ်။ ကလေးငိုတဲ့အချိန် ၊ ချောင်းဆိုးတဲ့အချိန်တွေမှာ ဖောင်းဖောင်းတတ်လာပြီး ပေါင်မပြည့်ဘဲ မွေးလာတဲ့ မိန်းကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အရွယ်အစားအနေနဲ့က ၂ စင်တီမီတာကနေ ၅ စင်တီမီတာလောက်အထိရှိနိုင်ပါတယ်။ ကလေးတွေမှာ ဖြစ်တဲ့ Umbilical Hernias ရဲ့ ထူးခြားချက်ကတော့

  • လူကြီးမှာဖြစ်တဲ့ Umbilical Hernias လို အူပုပ်တာ အူညက်နေတာမျိုးတွေ မရှိတတ်ပါဘူး။
  • ဘယ်လောက်ပဲ ကြီးတဲံ Umbilical Hernias ဖြစ်နေပါစေ ကလေးအသက် ၂ နှစ်လောက်ဆို သူ့ဘာသာ ပြန်ပျောက်သွားတာများပါတယ်။ ဒါ့ကြောင် တစ်ချိုကကလေးတွေမှာ ခွဲစိတ်မှု ချက်ချင်းမလုပ်သေးဘဲ သူ့ဘာသာ ပြန်ပျောက်သွားမလားဆိုတာကို ကလေးအသက်၂ နှစ်လောက်အထိ စောင့်ကြည့်နေတတ်ကြပါတယ်။

ဘယ်လိုအချိန်မှာ အဖြစ်မနေခွဲစိတ်ဖို့လိုမှာလဲ။

ဖြစ်နေတဲ့ အူကျတာက အရမ်းကြီးတယ်၊ အသက် ၁ နှစ် ၂ နှစ်လောက်ရောက်ရင် ပိုပိုကြီးလာတယ်၊ အသက် ၅ နှစ်လောက်အထိ မပျောက်ဘဲ ဆက်ရှိနေတယ်၊ အူပိတ် အူညက်နေတဲ့ လက္ခဏာတေဖြစ်တဲ့ ဗိုက်ကြီးဖောင်းလာပြီး အထိမခ့နိုင်အောင် နာနေတာတွေအပြင် ကလေးက ဖျားမယ်၊ အန်မယ်၊ ဗိုက်အောင့်မယ် စတဲ့ ပြဿနာရှိရင် ဆရာဝန်ဆီချက်ချင်းသွားပြဖို့လိုအပ်ပြီး ခွဲစိတ်ဖို့ လိုမှာ ဖြစ်ပါတယ်။

သမီးမိန်းကလေးတွေမှာဆို အူမဟုတ်လဲ သားဥပြွန်ကျနေတာမျိုးလည်း ရှိနိုင်ပြီး သားဥပြွန်လိမ်သွားတာ၊ သားဥအိမ်ထိခိုက်သွားတာမျိုးတွေ ရှိနိုင်ပြီး သားဥအိမ်ထုတ်လိုက်ရတဲ့အထိ ပြင်းထန်ထိခိုက်သွားနိုင်တာကြောင့် ဒီလို အခြေအနေမျိုးဆို ခွဲစိတ်မှုချက်ချင်းလုပ်ဖို့ လိုအပ်ပါတယ်။

ကုသနည်း

inguinal hernia ပေါင်ခြံတစ်ဝိုက်အူကျတာကို သိပြီဆိုတာနဲ့ နောက်ပိုင်း အူပုတ်တာ၊ အူညက်တာတွေကို ကာကွယ်ဖို့ ခွဲစိတ်မှုလုပ်ဖို့လိုအပ်ပါတယ်။ ဆေးထိုးဆေးသောက်လုပ်လို့တော့ မရပါဘူး။

  • မေ့ဆေး၊ ထုံဆေးတစ်ခုခုအောက်မှာ ပေါင်ခြံနေရာကို ခွဲစိတ်ပြီး ကျနေတဲ့ အူတွေ၊ ကိုယ်တွင်းကလီစာတွေကို သူ့နေရာသူ ရောက်အောင် ပြန်ထားမယ်၊ ကြွက်သားအားနည်းလို့ ပွင့်သလိုဖြစ်နေတဲ့ အပေါက်ကလေးကိုပိတ်မယ်၊ ပြင်မယ်၊ ပြီးရင် အရေပြားကို ပြန်ပိတ်မယ် စတာပဲ ဖြစ်ပါတယ်။ တစ်ချို့ကလေးတွေကို ခွဲစိတ်မှု မလုပ်သေးဘဲစောင့်ကြည့်နေပေမယ့် တစ်ချို့ကလေးတွေအတွက်တော့ ချက်ချင်းခွဲစိတ်မှုလုပ်ကြပါတယ်။ ဒါကတော့ ကလေးအခြေအနေ ရောဂါအတိမ်အနက်နဲ့ ဆရာဝန်နဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေတဲ့ အရာပါ။

ခွဲစိတ်ပြီးနောက်ပိုင်း ကလေးကို ဘယ်လိုပြုစုရမှာလဲ ။

  • ကလေးကိုပုံမှန်အတိုင် းရေချိုးပေးလို့ရပါတယ်။ ပထမ ၃ ရက်လောက်ကိုတော့ အနာနဲ့ ရေပေးမထိပါနဲ့ဦး။
  • ပြီးရင်ခွဲစိတ်ထားတဲ့နေရာမှာ ကပ်ထားတဲ့ ပလာစတာဖြစ်ဖြစ် အနာထည့်ဆေးဖြစ်ဖြစ် အားလံးုကို ဘယ်လိုကိုင်တွယ်ရမလဲ အသုံးပြုရမလဲဆိုတာ ဆေးရုံက တာဝန်ရှိသူတွေကို တစ်ခုတည်းမေးခဲ့ပါ။
  • ချုပ်ရိုးက တော်တော်နဲ့မကျက်တာ၊ ပိုးဝင်ပြီး ရဲနေတာနဲ့ အရည်တွေထွက်နေတာမျိုးရှိခဲ့ရင် ဆရာဝန်ဆီချက်ချင်းပြန်သွားပါ။
  • ခွဲစိတ်ပြီးပြီးချင်း ၂ ရက်လောက်အထိ ဆေးရုံက ညွန်ကြားတဲ့အတိုင် းပါရာစီတမော် အကိုက်အခဲပျောက်ဆေးကို ၆ နာရီခြားတစ်ခါ တိုက်သင့်ပါတယ်။
  • အစားအသောက်အနေနဲ့ကတော့ နို့စို့ကလေးဆို နို့ပဲတိုက်ပါ။ ဖြည့်စွက်စာစားနေတဲ့ကလေးဆိုရင် ပုံမှန်စားနေကျတွေ အားလုံးစားလို့ရပါတယ် ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 08/12/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။