အသားအရေထိန်းပစ္စည်းတွေကြောင့် ကလေးမှာဓါတ်မတည့်မှုဖြစ်လာရင် ဘယ်လိုကုသစောင့်ရှောက်ပေးမလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အစားအစာနဲ့မတည့်လို့၊ ဆေးနဲ့မတည့်လို့၊ အင်းဆက်ကိုက်ခံရလို့၊ ပန်းဝတ်မှုန်ကြောင့်၊ တခြားအရာဝတ္ထုတွေကြောင့် စသည်ဖြင့် ဓါတ်မတည့်မှုအမျိုးမျိုးရှိနိုင်ပါတယ်။ ကလေးငယ်လေးတွေမှာ အရေပြားကနုနယ်လွန်းတာကြောင့် အရေပြားဓါတ်မတည့်မှုလည်းအဖြစ်များပါတယ်။ ဒါ့ကြောင့် လူကြီးတွေထက် ပိုဂရုစိုက်ပေးသင့်တာပါ။ ကိုယ်ခံစားနေရတာကိုသေချာလည်းမပြောပြတတ်တဲ့ ဘာမှမသိသေးတဲ့ အရွယ်မို့ မိဘတွေက သတိထားစောင့်ကြည့်ပေးရမှာပါ။

ကလေးတွေမှာ ဓါတ်မတည့်မှုဖြစ်လာရင် ဘယ်လိုသိနိုင်မလဲ

မပြင်းထန်တဲ့ လက္ခဏာတွေက –
  • အရေပြားယားယံလာမယ်
  • နီရဲလာမယ်
  • နည်းနည်းရောင်လာမယ်
  • နှာခေါင်းပိတ်မယ်၊နှာစေးမယ်
  • နှာချေနေမယ်
  • မျက်လုံးယားမယ်၊မျက်ရည်ကျမယ်
  • ခန္ဓါကိုယ်မှာ အနီဖုလေးတွေထွက်မယ်။ ကိုယ့်ကလေးမှာ ဒီလိုလက္ခဏာတွေဖြစ်နေသလား သတိထားကြည့်ပါ။ ကာလတိုအတွင်း ပျောက်ကင်းနိုင်လောက်တဲ့ အပျော့စားလက္ခဏာတွေဆိုပေမယ့် လက္ခဏာတာရှည်လာရင် ဆရာဝန်ပြဖို့ အရေးကြီးပါတယ်။
ပြင်းထန်လာရင်တော့ –

  • ပါးစပ် သို့မဟုတ် လျှာမှာရောင်ရမ်းလာမယ်
  • အစာနဲ့ရေ မျိုချရခက်၊ စကားပြောရခက်လာမယ်
  • ချွဲကျပ်သလို အသက်ရှူသံဖြစ်လာမယ်၊ အသက်ရှူရခက်လာမယ်
  • ဗိုက်အောင့်မယ်၊ မအီမသာဖြစ်မယ်၊ အန်မယ်၊ ဝမ်းသွားမယ်
  • မူးမယ်၊ သတိလစ်မယ်
  • သွေးခုန်နှုန်း သို့မဟုတ် နှလုံးခုန်မြန်လာမယ် စတဲ့ပြင်းထန်ဓါတ်မတည့်ခြင်းလက္ခဏာတွေဖြစ်လာရင်တော့ဆေးရုံ၊ဆေးခန်းချက်ချင်းပို့ပြီး ကုသမှုခံယူပါ

ကလေးတွေဆိုတာ ထိခိုက်လွယ်တဲ့ အသားအရေနုနုလေးတွေဖြစ်လို့ သူတို့နဲ့ထိတွေ့သမျှအရာအားလုံးကို အသားအရေနဲ့တည့်မတည့် မိဘတွေက သိထားသင့်ပါတယ်။ရေချိုးဆပ်ပြာ၊moisturizer ၊ baby oil ၊ခေါင်းလျှော်ရည်၊ပေါင်ဒါစတဲ့ skin care အသုံးအဆောင်တွေအပြင် သူတို့ရဲ့အဝတ်ကိုလျှော်တဲ့ ဆပ်ပြာတွေအထိ ဓါတ်မတည့်တာတွေရှိတတ်လို့ ကလေးမှာ လက္ခဏာတွေပေါ်လာရင် ဘာနဲ့မတည့်လို့ဖြစ်တာလဲဆိုတာ အရင်ရှာဖွေပါ။ ဒါမှ ထပ်မံထိတွေ့မှုကိုရှောင်ရှားနိုင်မှာဖြစ်သလို လက္ခဏာပိုမဆိုးလာစေဖို့ တားဆီးပြီးသားဖြစ်မှာပါ။

ဘယ်လိုသိနိုင်မလဲဆိုတော့ ဥပမာ ကလေးကိုရေချိုးပေးပြီးတဲ့အခါ၊ lotion လိမ်းပေးပြီးတဲ့အခါ၊ သို့မဟုတ်လျှော်ဖွပ်ပြီးသားအဝတ်ကို ဝတ်ပေးလိုက်တဲ့အခါ အရေပြားမှာ နီရဲလာတာ၊ လက္ခဏာပြလာတာမျိုးကို သတိထားမိနိုင်ပါတယ်။

လက္ခဏာတွေတွေ့ရပြီဆိုတာနဲ့ မသင်္ကာဖြစ်တဲ့lotion သို့မဟုတ် အဝတ်လျှော်ဆပ်ပြာကို တခြားအမျိုးအစားပြောင်းသုံးသင့်ပါတယ်။ ကလေးအနှီး သို့မဟုတ် အဝတ်အစားတွေကိုလျှော်တဲ့နေရာမှာ ပုံမှန်သုံးနေကျထက် ပိုပျော့တဲ့ဆပ်ပြာအမျိုးအစားကိုသုံးသင့်ပါတယ်။

ကလေးမှာဓါတ်မတည့်မှုဖြစ်လာရင် ဒါလေးတွေလုပ်ပေးပါ

ကလေးမှာ ဓါတ်မတည့်မှုဖြစ်လာရင်တော့အောက်ပါအချက်လေးတွေ လုပ်ပေးခြင်းအားဖြင့် ကလေးမှာခံစားနေရတဲ့ ဓါတ်မတည့်မှုလက္ခဏာတွေကို သက်သာစေမှာဖြစ်ပါတယ်။

(၁) ကလေးကိုနေအိမ်ထဲမှာပဲထားပါ

ကလေးမှာဖြစ်တဲ့ ဓါတ်မတည့်မှုကို သက်သာစေနိုင်မယ့် အကောင်းဆုံးနည်းလမ်းတစ်ခုက ကလေးကိုနေအိမ်ထဲမှာပဲနေစေတာပါ။ အပြင်ဘက်မှာက ဝတ်မှုန်လိုမျိုး ကလေးကို ဓါတ်မတည့်မှုဖြစ်စေတဲ့အရာမျိုးနဲ့ ထိတွေ့မိနိုင်တာကြောင့်ပါ။

(၂) ဆားရည်ကိုအသုံးပြုပေးပါ

ဓါတ်မတည့်မှုအရမ်းပြင်းထန်တဲ့အခါ ကလေးတွေမှာ အသက်ရှုရခက်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေကို သက်သာစေဖို့ဆိုရင် ကလေးရဲ့နှာခေါင်းထဲကို ဆားရည်အစက်ချပေးတာမျိုးလုပ်ပေးလို့ရပါတယ်။ဆေးဆိုင်တွေမှာsaline ဝယ်ယူလို့ရပေမယ့်ရေနွေးဆူဆူ ၈အောင်စထဲကို အိုင်အိုဒင်းမပါတဲ့ ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီးတော့ ကိုယ်တိုင်လုပ်လို့လည်းရပါတယ်။

(၃)ရေဓါတ်ပြည့်ဝအောင်ထားပါ

ဓါတ်မတည့်မှုကြောင့် ကလေးက နှာချေတာမျိုး ခံစားရတဲ့အခါရေငတ်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးလက်လှမ်းမီတဲ့နေရာမှာရေပုလင်းကို အပြည့်ဖြည့်ပြီးထားပေးရင်း ကလေးကိုလည်းရေသောက်ဖို့ သတိပေးပါ။

(၄) အနွေးဓါတ်ရအောင်ထားပေးပါ

ရေနွေးငွေ့က ကလေးရဲ့ ဓါတ်မတည့်မှုကို သက်သာစေနိုင်ပါတယ်။ ကလေးကိုရေနွေးနွေးလေးနဲ့ချိုးပေးလို့လည်းရပါတယ်။ရေနွေးအရမ်းမပူဖို့တော့ သတိထားပါ။

(၅)ရေခဲကပ်ပေးပါ

ကလေးရဲ့မျက်လုံးက ဓါတ်မတည့်မှုကြောင့်ယားယံတာမျိုးဖြစ်နိုင်ပါတယ်။ရေအေးဝတ်ကပ်ပေးတာဖြစ်ဖြစ်ရေခဲကို တဘက်ထဲထည့်ထုပ်ပြီးကပ်ပေးတာမျိုးဖြစ်ဖြစ်လုပ်ပေးရင် ယားယံတာသက်သာမှာပါ။

(၆) ကလေးကိုမျက်လုံးမပွတ်အောင် ဂရုစိုက်ပေးပါ

ကလေးကမျက်လုံးကို မပွတ်အောင်လည်းသတိထားပေးပါ။ မျက်လုံးကို ပွတ်တာက ယားယံတာကိုပိုဆိုးစေနိုင်လို့ပါ။

(၇) ပူပူစပ်စပ်လေးတွေကျွေးပေးပါ

ကလေးကအစပ်စားနိုင်တယ်ဆိုရင် ချင်း (ginger)၊ ပဲနံ့သာစေ့ (fenugreek)၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ထည့်ချက်ထားတဲ့ ပူပူစပ်စပ်စားစရာတစ်ခုခုလုပ်ပေးလိုက်ပါ။ ချွဲတွေကိုကျေစေနိုင်ပြီး နှာခေါင်းပွင့်သွားပါလိမ့်မယ်။

(၈)လေထုခြောက်သွေ့မှုမရှိအောင်လုပ်ဆောင်ပါ

လေထုထဲမှာ အစိုဓါတ်နည်းနည်းလောက်ရှိတာက ကလေးကို အသက်ရှုရလွယ်ကူစေပါတယ်။ တကယ်လို့များ အိမ်တွင်းလေထုကခြောက်သွေ့နေရင်စိုထိုင်းမှုထိန်းစက်လေးဖွင့်ပေးထားပါ။

(၉) တစ်ရှုးနုနုလေးဆောင်ထားပေးပါ

ကလေးရဲ့ ဓါတ်မတည့်မှုဆိုးလာတဲ့အခါ နှာခေါင်းကနှာချေရလွန်းတာ၊ နှာရည်ထွက်တာမျိုးတွေကြောင့် နှာခေါင်းကအထိမခံနိုင်လောက်နာလာတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးနှာချေတဲ့အခါဖြစ်ဖြစ် နှာရည်သုတ်ဖို့ဖြစ်ဖြစ် တစ်ရှုးနုနုလေးတွေဆောင်ထားပေးပါ။

(၁၀)petroleum jelly လူးပေးပါ

ကလေးနှာခေါင်းက နှာညှစ်ရလွန်းတာကြောင့် နီရဲပြီး အရေပြားခြောက်တာ၊ အသားနီလန်တာမျိုးဖြစ်နေမယ်ဆိုရင် နှာခေါင်းကိုpetroleum jellyလေးလူးပေးပါ။

(၁၁) ဆားရည်နဲ့ပလုတ်ကျင်းပါ

ကလေးက ဓါတ်မတည့်မှုကြောင့် လည်ချောင်းနာတာမျိုးခံစားရမယ်ဆိုရင် ဆားနဲ့ရေနွေးကို သမအေင်ရောပြီး ခပ်နွေးနွေးအနေအထားမှာ အာလုတ်ကျင်းပေးပါ။ လည်ချောင်းနာသက်သာစေပါတယ်။

(၁၂)ရေနွေးနွေးလေးသောက်ပေးပါ

ရေများများသောက်လေလေ လည်ချောင်းနာတာကို သက်သာစေလေလေပါ။ရေနွေးနွေလေးထဲကို ပျားရည်နဲ့သံပုရာရည်လေးညှစ်ထည့်ပြီးသောက်ပေးပါ။

(၁၃)ရေနွေးအိတ်ကပ်ပေးပါ

ကလေးကဓါတ်မတည့်မှုကြောင့် နှာခေါင်းပိတ်တာမျိုးဖြစ်မယ်ဆိုရင် နှာရိုးပေါ်မှာရေနွေးဝတ်ကပ်ပေးတာဖြစ်ဖြစ်ရေနွေးအိတ်လေးကပ်ပေးတာမျိုးဖြစ်ဖြစ်လုပ်ပေးပါ။ အနွေးဓါတ်က နှာခေါင်းပိတ်တာကို သက်သာစေပါတယ်။

(၁၄) ဓါတ်မတည့်မှုကို ပိုဆိုးစေနိုင်တဲ့ အစားအသောက်တွေကို မကျွေးမိအောင်သတိထားပါ

တကယ်လို့ ကလေးကragweed လို့သိကြတဲ့မြက်ပင်နဲ့ဓါတ်မတည့်ဘူးဆိုရင် ငှက်ပျောသီး၊ဖရဲသီး၊သခွားမွှေးသီး၊ ချာမိုမိုင်းလက်ဖက်ရည်၊နေကြာစေ့၊ သခွားသီးတွေနဲ့လည်း ဓါတ်မတည့်လောက်ပါဘူး။ ဒီအစားအစာတွေကိုလည်း ကလေးကိုမကျွေးမိအောင်သတိထားရပါမယ်။

အရမ်းပြင်းထန်လာရင်တော့ ဆရာဝန်နဲ့သွားရောက်ပြသဖို့လိုမှာပဲဖြစ်ပါတယ်။ မတော်တဆဆိုတာမျိုးကလည်း ကြိုမှန်းလို့မရတာမျိုးဆိုတော့ဖေဖေမေမေတွေအနေနဲ့ ရင်သွေးလေးမှာ ဓါတ်မတည့်တာမျိုးဖြစ်လာတဲ့အခါ အခုဖော်ပြခဲ့တဲ့နည်းလေးတွေအတိုင်းစောင့်ရှောက်ပေးနိုင်ကြပါစေကြောင်း။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဒီဇင်ဘာ 4, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဒီဇင်ဘာ 15, 2017

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။