home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးသေးခံလောင်တာ နဲ့ ပတ်သက်ပြီးသိထားသင့်တဲ့အချက်များ

ကလေးသေးခံလောင်တာ နဲ့ ပတ်သက်ပြီးသိထားသင့်တဲ့အချက်များ

ကလေးသေးခံလောင်တာ (Diaper rash) ဆိုတာက ကလေးငယ်ကိုသေးခံဝတ်ပေးထားတဲ့နေရာမှာ အရေပြားနီမြန်းရောင်ရမ်းမှုဖြစ်တာကို ဆိုလိုတာပါ။ တစ်ခါတလေမှာသေးခံလောင်တာက ကလေးရဲ့အရေပြားက နီမြန်းရောင်ရမ်းပြီး ခပ်နွေးနွေးဖြစ်နေတတ်ပါတယ်။ ကလေးတစ်ယောက်နဲ့တစ်ယောက်မှာလည်း ခံစားရတဲ့အနေအထားချင်းမတူတတ်ပါဘူး။

အချို့ကလေးတွေမှာ ကလေးသေးခံလောင်တာ ရဲ႕ အနေအထားကတော်တော်လေးပြင်းထန်တတ်ပေမယ့် အချို့ကလေးငယ်တွေမှာတော့ သိပ်မပြင်းထန်တာမျိုးလည်းရှိပါတယ်။

ဘာကြောင့် ကလေးသေးခံလောင်တာ လဲ

စုပ်ယူမှုအားအရမ်းကောင်းပါတယ်ဆိုတဲ့သေးခံသုံးပေးမယ်ဆိုရင်တောင်မှသေးခံတွေကအကုန်လုံးကိုစုပ်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကလေးငယ်ရဲ့အရေပြား စိုစွတ်တာမျိုးက ဖြစ်နေစေဦးမှာပါပဲ။ ကလေးငယ်ရဲ့သေးခံထဲမှာ ဆီးတွေ၊ဝမ်းတွေရောသွားတဲ့အခါ ဒီအနေအထားက ဘက်တီးရီးယားတွေပေါက်ဖွားရှင်သန်ရလွယ်တဲ့ဝန်းကျင်တစ်ရပ်ဖြစ်သွားပါလိမ့်မယ်။ ဝမ်းခဏခဏသွားတဲ့ကလေးငယ်တွေနဲ့ ဝမ်းပျက်နေတဲ့ကလေးငယ်တွေမှာ သေးခံလောင်တဲ့ဝေဒနာကို ပိုခံစားရတာပါပဲ။

ဂရုတစိုက်နဲ့ မပြတ်တမ်းစောင့်ကြည့်ပြီးသေးခံလဲပေးနေတဲ့ မိဘတွေရဲ့ ကလေးငယ်တွေမှာလည်း သေးခံလောင်တဲ့ပြဿနာမရှိတာတော့မဟုတ်ပါဘူး။ ထိခိုက်တုံ့ပြန်လွယ်တဲ့အသားအရေက အရေပြားပြဿနာတွေကိုဖြစ်စေတဲ့ အဓိကတရားခံပါ။ အရေပြားကိုသေးခံနဲ့ ခဏခဏပွတ်တိုက်မိတာ၊ သေးခံမှာပါတဲ့ အမွှေးနံ့လိုမျိုး ဓါတုပစ္စည်းတွေ ဒါမှမဟုတ် ကလေးရဲ့အဝတ်အစားတွေကိုလျှော်တဲ့ဆပ်ပြာမှုန့်တွေလိုမျိုး ဓါတုပစ္စည်းတွေကြောင့် ကလေးရဲ့အရေပြားမျာ ဓါတ်မတည့်မှုတွေဖြစ်ရတာပါ။

သေးခံလောင်ခြင်းနဲ့ဆောင်ရန်၊ရှောင်ရန်များ

အချိန်အကြာကြီးမထားပါနဲ့

ကလေးကို ညစ်ပေနေတဲ့သေးခံကို အကြာကြီး မဝတ်ထားပေးမိပါစေနဲ့။ အရေပြားမှာ ဓါတ်မတည့်တာမျိုး၊ ထိခိုက်တာမျိုးတွေဖြစ်စေပြီးသေးခံလောင်တာကိုပါဖြစ်စေနိုင်တာကြောင့်ပါ။သေးခံလောင်တာကို သက်သာစေဖို့လုပ်ဆောင်သင့်တဲ့ ပထမဆုံးအချက်က သေးခံညစ်ပေနေတာတွေ့တိုင်း မြန်နိုင်သမျှမြန်မြန်လဲပေးဖို့ပါ။

သေးခံလဲပေးတိုင်း သန့်ရှင်းရေးလုပ်ပေးပါ

ကလေးကိုသေးခံလဲပေးတဲ့အခါတိုင်း ကလေးရေချိုးဆပ်ပြာရည်နဲ့ရေကိုသုံးပြီး ဆီးတွေနဲ့အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးပါ။ အရေပြားကို ပုံမှန် pH ပမာဏရရှိအောင်ထိန်းညှိပေးပါ။ ကလေးကိုသေးခံအသစ်လဲပေးဖို့အတွက် သန့်ရှင်းရေးလုပ်ပေးပြီးတိုင်းမှာခြောက်သွေ့အောင်သုတ်ပေးဖို့ကိုလည်းမေ့မထားသင့်ပါဘူး။

အရေပြားကို ထိခိုက်စေနိုင်တဲ့ ပစ္စည်းတွေမသုံးပါနဲ့

ကလေးမှာ အရေပြားဓါတ်မတည့်မှုဖြစ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ကလေးမှာအရေပြားဓါတ်မတည့်တာမျိုးဖြစ်တဲ့အခါ ကလေးကိုအသုံးပြုပေးနေတဲ့ ပစ္စည်းတွေကိုသေချာစစ်ဆေးကြည့်ပါ။ အပြင်းစားဆပ်ပြာတွေနဲ့ အယ်လ်ကိုဟောတွေ (သို့မဟုတ်) ဓါတုပစ္စည်းတွေထည့်သွင်းထုတ်လုပ်ထားတဲ့ပစ္စည်းတွေကို ကလေးငယ်ကိုမသုံးပေးပါနဲ့။ မိဘတော်တော်များများက ကလေးသေးခံလောင်တာ ကို လူကြီးတွေမှာ အမျိုးသမီးအင်္ဂါမှိုပိုးဝင်တဲ့အခါအသုံးပြုတဲ့ ဆေးစာမလိုတဲ့ဆေးတွေကိုအသုံးပြုလိုက်ရင် သက်သာသွားမယ်လို့ထင်နေကြပါတယ်။ အချို့ဆိုသေးခံလောင်တဲ့ အရေပြားပွန်းရှဒဏ်ရာတွေပေါ်မှာပြောင်းမှုန့်လူးပေးတာမျိုးတောင်ရှိတတ်ပါသေးတယ်။ ဒါတွေကမလုပ်သင့်ပါဘူး။ကောင်းကျိုးမရှိတဲ့အပြင် အန္တရာယ်တောင်ပိုများပါသေးတယ်။

Baby Cream သုံးပေးပါ

ဆီးတွေက အရေပြားနဲ့ထိမိပြီး အရေပြားမှာ ဓါတ်မတည့်တာမျိုးတွေ၊ အဖုအပိမ့်ထွက်တာမျိုးတွေမဖြစ်စေဖို့အတွက် ကာကွယ်တဲ့အနေနဲ့ ကလေးကို သန့်ရှင်းရေးလုပ်ပေးပြီးတိုင်း အရေပြားမှာ Johnson’s Baby Cream လိုမျိုးBaby Cream ကိုခပ်ထူထူလေးလိမ်းပေးထားသင့်ပါတယ်။ အသုံးပြုမယ့်Baby Cream ကလည်း သေးခံလဲပေးပြီးတိုင်း လူးပေးလို့အဆင်ပြေစေမယ့် ခပ်ပျော့ပျော့ခရင်မ်ဖြစ်ဖို့လိုပါတယ်။ ကလေးငယ်ကို သေးခံလဲပေးပြီးတိုင်း Baby Cream မှန်မှန်လူးပေးတာက အရေပြားထိခိုက်တာကိုနည်းစေနိုင်ပြီးသေးခံလောင်ထားတဲ့ပွန်းပဲ့ဒဏ်ရာတွေကိုလည်းအနာကျက်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် သေးခံလာင်တာက အရေပြားအခြားနေရာတွေကို ပြန့်သွားတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပြီးသားဖြစ်သွားမှာပါ။ ကလေးကိုသေးခံလဲပေးတိုင်း သန့်ရှင်းရေးလုပ်ပေးပြီးခြောက်သွေ့အောင် လုပ်ပေးဖို့လည်း မမေ့ပါနဲ့။

သေးခံလောင်တာကို ဂရုတစိုက်စောင့်ကြည့်ပေးပါ

အပေါ်မှာပြောခဲ့တဲ့အချက်တွေအားလုံးကို လုပ်ဆောင်နေသလို သေးခံလဲပေးတဲ့အခါတိုင်းမှာလည်းBaby Cream ကို ဂရုတစိုက်သုံးပေးနေတယ်ဆိုရင် ကလေးသေးခံလောင်တာ က သက်သာသွားသင့်ပါတယ်။ ဒီလိုတွေဂရုတစိုက်လုပ်နေပါရက်နဲ့ ရက်အနည်းငယ်ကြာတာတောင်မှ ကလေးမှာဖြစ်တဲ့သေးခံလောင်တာက မသက်သာဘဲ ပိုဆိုးလာမယ်၊ နာကျင်မယ်၊ပြည်ဖုလေးတွေဖြစ်နေမယ်ဆိုရင်တော့ ကလေးကိုဆရာဝန်ဆီခေါ်သွားတာကအကောင်းဆုံးပါပဲ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Diaper rash. http://www.babycenter.com/0_diaper-rash_81.bc?showAll=true. Accessed November 29, 2017.

Tips for Treating Diaper Rash. http://www.healthline.com/health/home-remedies-diaper-rash#1. Accessed November 29, 2017.

Diaper rash. http://www.mayoclinic.org/diseases-conditions/diaper-rash/basics/definition/con-20019220. Accessed November 29, 2017.

Diaper Rash – Home Treatment. https://www.webmd.com/parenting/baby/tc/diaper-rash-home-treatment#1. Accessed November 29, 2017.

The Dos and Don’ts of Diaper Rash. http://www.pediatricsafterhours.com/blog/2017/november/the-dos-and-donts-of-diaper-rash.aspx. Accessed November 29, 2017.

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 17/02/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။