backup og meta

ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ သင့်ကလေးအတွက် မိဘတစ်ယောက်အနေနဲ့ ဘာလုပ်ပေးနိုင်မလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ သင့်ကလေးအတွက် မိဘတစ်ယောက်အနေနဲ့ ဘာလုပ်ပေးနိုင်မလဲ

    အနိုင်ကျင့်ခံရခြင်းနဲ့ ပြစ်တင်ဝေဖန်ခံရခြင်းတွေဟာ ကျောင်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အလေ့အထတွေပါ။ သင့်ကလေးကို အခြားကလေးတစ်ယောက်က အနိုင်ကျင့်နေပြီဆိုရင်တော့ မိဘတစ်ယောက် အနေနဲ့ (သို့မဟုတ်)  အုပ်ထိန်းသူတစ်ယောက်အနေနဲ့ လျစ်လျူရှုမထားသင့်ပါဘူး။ တာဝန်အပြည့်အဝရှိပါတယ်။ အနိုင်ကျင့်ခံနေရတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုမျိုးနည်းလမ်းကျကျ ကာကွယ်ပေးနိုင်မလဲ ဆိုတာ ပြောပြချင်ပါတယ်။

    အနိုင်ကျင့်ခံရတဲ့အခိုက်အတန့်မှာ သင့်ကလေးဟာ ဘယ်လိုပြုမူသင့်သလဲဆိုတာကို သင်ပြောပြ အကြံပေးနိုင်ပါတယ်။ ဒီလိုပြုလုပ်ရာမှာလည်း သင့်အနေနဲ့ မှန်ကန်တဲ့နည်းလမ်းတွေ အသုံးပြုဖို့လိုအပ်ပါတယ်။ မှန်ကန်တဲ့ နည်းလမ်းတွေသုံးနိုင်မှာသာ သင့်ကလေးခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ယနေ့ခေတ်မှာ အနိုင်ကျင့်ခံခြင်းနဲ့ အနှောင့်အယှက် ပေးခြင်းကို ကာကွယ်တားဆီးပေးတဲ့ ဥပဒေတွေလည်းရှိနေပါပြီ။ သင်ကိုယ်တိုင်မှန်မှန်ကန်ကန် အသုံးချ နိုင်ဖို့ပဲလိုအပ်တာပါ။

    ()   အနိုင်ကျင့်ခံရခြင်းကို ရှောင်ရှားနိုင်အောင် သင့်ကလေးကို ကူညီပေးပါ။

    အနိုင်ကျင့်ခံရတာကို ဘယ်လိုရပ်တန့်နိုင်မလဲဆိုတာ သင့်ကလေးကို အသိပညာပေးပါ။

  • အနိုင်ကျင့်ခံရသူတွေကို ကြောက်ရွံ့ပြီး မျက်လုံးလွှဲတာမျိုးကို ရှောင်ခိုင်းပါ။ မျက်လုံးတွေကို သေသေချာချာပြန်ကြည့်ပြီး (eye contact) စိတ်တည်ငြိမ်အောင်ထားခိုင်းပါ။ ပြီးရင် အသံခိုင်ခိုင်မာမာနဲ့ မတုန်ရီစေဘဲ အနိုင်ကျင့်မှုတွေကို ရပ်တန့်ဖို့ပြောခိုင်းပါ။
  • ဟာသလို ပုံစံမျိုးနဲ့ ဟားတိုက်ခံနေရင်တော့ ကိုယ်တိုင်ဝင်ပြီး ရယ်မောစေပါ။ ဒါဟာ အနိုင်ကျင့်မှုကို ဂရုမစိုက်ရာကျပါတယ်။ စိတ်မဆိုးသူကို နောက်ထပ်လည်း စနောက်ချင်စိတ်ရှိတော့မှာ မဟုတ်ပါ ဘူး။
  • အနိုင်ကျင့်သူတွေကို ပြန်လည်တိုက်ခိုက်တာမျိုးလည်း မလုပ်ခိုင်းပါနဲ့။ ဝေးဝေးကိုရှောင်ခိုင်းပါ။ မတတ်နိုင်ပါက တစ်ယောက်ယောက်ကို အကူအညီတောင်းစေပါ။
  • အနိုင်ကျင့်ခံရမှုတွေကို မျိုသိပ်မထားပါစေနဲ့။ မိဘနဲ့ ယုံကြည်ရသူတွေကို ပွင့်ပွင့်လင်းလင်း ပြောခိုင်းပါ။ သင်ကိုယ်တိုင်ကူညီပေးနိုင်ကြောင်းပြောပါ။
  • အနိုင်ကျင့်သူတွေဟာ တစ်ယောက်တည်းရှိနေချိန်မှာ အနိုင်ကျင့်မှုတွေပြုလုပ်ကြပါတယ်။ ဒါကြောင့် တစ်ယောက်တည်းမနေခိုင်းပါနဲ့။ တစ်ခြားသူတွေရဲ့ အနီးအနားမှာနေခိုင်းပါ။
  • ကျောင်းကားလိုမျိုးနဲ့ ကျောင်းသွားတဲ့အခါမှာလည်း ရှေ့ဆုံးနေရာမျိုးမှာ ထိုင်ခိုင်းပါ။ သူငယ်ချင်းတွေရဲ့ ဘေးမှာ ထိုင်ခိုင်းတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။
  • ()   တာဝန်ရှိသူတွေပါဝင်ပါစေ။

    သင်ကိုယ်တိုင်ကူညီပေးရုံနဲ့ မလုံလောက်တော့တဲ့အခါ ကျောင်းကတာဝန်ရှိသူတွေရဲ့ အကူအညီကို ရယူပါ။

    • သင့်ကလေးရဲ့ ဆရာမ ဒါမှမဟုတ် ကျောင်းအုပ်ကြီးတွေကို အခြေအနေတွေပြောပြထားပါ။ အနိုင်ကျင့်ခြင်းကို တိုက်ဖျက်မှု သင်ခန်းစာတွေကို ကလေးတွေနားလည်အောင် ဆရာမတွေက သင်ကြားပေးနိုင်ပါတယ်။ သင့်ကလေးကို  တိုက်ရိုက်ကူညီပေးနိုင်ပါတယ်။
    • သင့်ကလေးကို စောင့်ရှောက်ကြည့်ရှုဖို့ ဆရာမကို အကူအညီတောင်းပါ။ တစ်ခါတစ်ရံ အနိုင်ကျင့်သူ ကလေးနဲ့ ခုံခြားလိုက်တာမျိုး၊ နေရာပြောင်းထိုင်ခိုင်းစေတာမျိုးဟာ တော်တော်အထောက်အကူ ဖြစ်စေပါတယ်။
    • ကျောင်းကားပေါ်မှာ အနိုင်ကျင့်တာမျိုးဆိုရင်တော့ တာဝန်ရှိသူတွေ (ဥပမာ ဖယ်ရီကားဆရာ) တွေကို သေချာစောင့်ကြည့်ခိုင်းတာမျိုးပြုလုပ်နိုင်ပါတယ်။ စီစီတီဗီတပ်ထားခြင်းဟာလည်း သင့်ကလေးအနိုင်ကျင့်ခံရတာ မှန်မမှန် သိနိုင်ပါတယ်။ ဒါ့အပြင် ကျောင်းကားနောက်တစ်စီး ပြောင်းစီးစေတာမျိုးပြုလုပ်နိုင်ပါတယ်။
    • ကျောင်းလှုပ်ရှားမှု အစီအစဉ်တွေမှာ ပါဝင်ခိုင်းပါ။ ဒီလိုပါဝင်ခြင်းကြောင့် အခြားကလေးတွေရဲ့ အထင်ကြီးခြင်းကို ခံရနိုင်သလို၊ ဆရာ၊ ဆရာမတွေရဲ့ သတိထားခြင်းကိုလည်းခံရမှာပါ။
    • ကျောင်းကတာဝန်ရှိသူတွေကိုယ်တိုင်က ဒီလိုကိစ္စကို ထိထိရောက်ရောက် အရေးမယူရင်တော့ ပညာရေးဝန်ကြီးဌာနကို တိုင်ကြားနိုင်ပါတယ်။ အနိုင်ကျင့်မှုဟာ လူမျိုးရေး၊ ကျား/မလိင်ကိစ္စ၊ ဘာသာရေးနဲ့ အသားအရောင်၊ ကိုယ်လက်အင်္ဂါမသန်စွမ်းမှုတွေနဲ့ ပတ်သက်လာမယ်ဆိုရင်တော့ တရားရုံးထိ တက်ရောက်တိုင်ကြားနိုင်ပါတယ်။

    ()   သင့်ကလေးကိုလည်း အခြားသူတွေကို ဘယ်လိုပြုမူရမလဲဆိုတာ သင်ထားပေးပါ။

    သင့်ကလေးကိုယ်တိုင်က အနိုင်ကျင့်ခံရသူ ဖြစ်နိုင်သလို၊ တခြားကလေးတွေကို အနိုင်ကျင့်နေသူလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခြားသူငယ်ချင်းမိတ်ဆွေတွေကို ဘယ်လိုမျိုး ပြုမူဆက်ဆံသင့်သလဲဆိုတာကိုလည်း သိနေပါစေ။

    • အခြားကလေးအပေါ်မှာ အနိုင်ကျင့်လိုစိတ်မရှိအောင် အမြဲတမ်းလိုလို အအားမထားပါနဲ့။ ဥပမာ စက်ဘီးစီးတာမျိုး၊ အားကစားလုပ်တာမျိုးနဲ့ တီဗီအစီအစဉ်တွေ ကြည့်နေတာမျိုးတွေကို ပြုလုပ်ခိုင်းပါ။ အလုပ်လုပ်နေတဲ့ကလေးဟာ အကျိုးမရှိတဲ့ အရာတွေကိုပြုလုပ်ချင်စိတ် သိပ်မရှိတော့ပါ ဘူး။
    • လူတိုင်းလူတိုင်းမှာ အခက်အခဲနဲ့ ရင်ဆိုင်မှုတွေရှိနေတယ်ဆိုတာကို နားလည်အောင် ပြောပြထား ပေးပါ။ ဒါမှသာ အခြားသူကို စာနာထောက်ထားလိုစိတ်ရှိလာမှာပါ။
    • သူငယ်ချင်း (သို့မဟုတ်) အတန်းဖော်တစ်ယောက်ယောက်နဲ့ ကတောက်ကဆဖြစ်တဲ့အခါ လူကြီးကို ပွင့်ပွင်လင်းလင်းတိုင်ပင်ပါစေ။ ဒါမှသာ ကောင်းမွန်တဲ့ နည်းလမ်းနဲ့ဖြေရှင်းနိုင်မှာပါ။
    • အခြားသူတစ်ယောက်ယောက်ကို ထိခိုက်နာကျင်အောင်ပြုလုပ်တော့မယ်လို့ ကြံရွယ်လိုက်တိုင်း မှာ ခေတ္တစဉ်းစားတတ်အောင်သင်ပေးပါ။ အလျင်စလို မပြုလုပ်ပါနဲ့။
    • တစ်စုံတစ်ယောက်ကို အနိုင်ကျင့်မိခဲ့တာမျိုး၊ ထိခိုက်အောင်လုပ်ခဲ့တာမျိုးရှိခဲ့ရင်တော့ မိမိအမှား အတွက် ပြန်လည်တောင်းပန်တတ်အောင်သင်ပေးထားပါ။
    • နောက်ဆုံးအချက်ကတော့ အရေးကြီးပါတယ်။ အနိုင်ကျင့်မှုကနေ ပြစ်မှုကျူးလွန်တဲ့အထိ ဖြစ်သွားနိုင်တယ်ဆိုရင်တော့ သင်တစ်ယောက်တည်း မဖြေရှင်းပါနဲ့တော့။ ဘာလို့လဲဆိုရင်တော့ ဒီအခြေအနေထိ ရောက်လာပြီဆိုရင် ဦးဆုံးအန္တရာယ်ကြုံရမယ့်သူက သင့်ကလေး ဖြစ်နေလို့ပါ။ ရဲတွေကိုသာ အသိပေးတိုင်ကြား လိုက်ပါ။ ဒီလိုနည်းနဲ့ ဥပဒေဟာ သင့်ဘက်မှာရပ်တည်ပေးနိုင်ပါတယ်။

    ရေးသားသူ-ဒေါက်တာမှူးခင်

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 20/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement