home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အမျိုးသမီးလေးတွေ ဘာကြောင့် ဆေးစွဲရတာလဲ။

အမျိုးသမီးလေးတွေ ဘာကြောင့် ဆေးစွဲရတာလဲ။

လူတွေက ဆေးစွဲတယ်ပြောလိုက်ရင် အမျိုးသားတွေပဲ ဖြစ်တတ်သလို မြင်တတ်ကြပါတယ်။ တကယ်ကတော့ အမျိုးသမီးလေးတွေလည်း ဆေးစွဲနိုင်ပါတယ်။

အမျိုးသားတွေမှာတင် မဟုတ်ဘဲ အမျိုးသမီးတွေမှာလည်း စိတ်ဖိစီးတာ၊ စိတ်ဒဏ်ရာတွေ နဲ့ စိတ်ပင်ပန်းမှုတွေ ရှိနေတာပါ။ အမျိုးသမီးဆိုတဲ့ထဲမှာမှ ဆယ်ကျော်သက်ကနေ သက်လတ်ပိုင်းတွေက ဆေးစွဲနိုင်ခြေ အမြင့်ဆုံးပါလို့ စစ်တမ်းတစ်ရပ်အရ သိရပါတယ်။

ဒီတော့ အမျိုးသမီးလေးတွေ ဘာကြောင့် ဆေးစွဲရတာလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

လေဒီလေးတွေ ဘာကြောင့် ဆေးစွဲကြတာလဲ……….

ဆေးစွဲတယ်ဆိုတာ မူးယစ်ဆေးကို အသုံးပြုတာကိုပဲ ဆိုလိုချင်တာ မဟုတ်ပါဘူး။ ဆေးလိပ်သောက်တာ အရက်သောက်တာကစလို့ မူးယစ်စေတတ်တဲ့အရာတွေကို သုံးစွဲမှုကို ဆိုလိုချင်တာပါ။

လေဒီလေးတွေဟာ

စိတ်ဓာတ်ကျလို့

စိတ်ဓာတ်ကျတာက ဆယ်ကျော်သက် လေဒီလေးတိုင်းမှာ ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ရပ်ပါ။ ဆယ်ကျော်သက် လေဒီလေးတွေရဲ့ ၃ ပုံ ၁ ပုံလောက် အမြဲခံစားရပါတယ်။

ဒီလို စိတ်ဓာတ်ကျမှုကို အကောင်းဆုံး မကျော်လွှားနိုင်တဲ့အခါ မူးယစ်ဆေးရဲ့ သားကောင်ဖြစ်သွားပါတော့တယ်။

စိတ်ဒဏ်ရာရှိလို့

ကလေးဘဝက စိတ်ဒဏ်ရာ ဒါမှမဟုတ် အပေါင်းအသင်းတွေကြားမှာ နှိမ့်ချဆက်ဆံခံရတာကြောင့် ရတဲ့ စိတ်ဒဏ်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ နှိပ်စက်ခံရတာတွေကြောင့် ဆေးလိပ်သောက်တာ၊ အရက်သောက်တာ အပြင် အမျိုးမျိုးသော ဆေးဝါးတွေကို အလွဲသုံးနိုင်ပါတယ်။

စိတ်ဖိစီးတာ

ပတ်ဝန်းကျင်က ဖိအား၊ အပေါင်းအသင်းတွေရဲ့ ဖိအား၊ မိဘရဲ့ ဖိအား၊ ကျောင်းစာရဲ့ ဖိအားတွေကြောင့် စိတ်ဖိစီးရာကနေ ဒီစိတ်ဖိစီးမှုကို အကောင်းဆုံး မကျော်လွှားနိုင်တဲ့အခါ စိတ်ထွက်ပေါက်အနေနဲ့ မူးယစ်ဆေး သုံးစွဲတာတွေ ဖြစ်လာပါတော့တယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းလို့

ဆယ်ကျော်သက်အရွယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ဆဲ အရွယ်ပါ။ ဒီကာလမှာ ရုပ်ရည် သွင်ပြင်ကြောင့် ဖြစ်ဖြစ်၊ အရပ်၊ ခန္ဓာကိုယ် အချိုးအစားနဲ့ ပညာအရည်အချင်း စတာတွေကြောင့် အနှိမ်ခံရတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျက်သုဉ်းပြီး ဆေးဝါးသုံးစွဲတာမျိုးတွေရနိုင်ပါတယ်။

တစ်ခါတလေမှာ လေဒီလေးတွေဟာ ဝိတ်ချဖို့အတွက်လည်း ဆေးတွေကို အလွဲသုံးတတ်ကြပါသေးတယ်။

သူငယ်ချင်းက ဆွယ်လို့

ဆယ်ကျော်သက်ဆိုတာက အပေါင်းအသင်း မင်တဲ့အရွယ်ပါ။ မိဘထက် အပေါင်းအသင်းနဲ့ ပိုပြီး ပွင့်လင်းစွာ ဆက်ဆံတတ်ကြပါတယ်။ ဒီကာလမှာ သူငယ်ချင်း အပေါင်းမှားမယ်ဆိုရင် ကလေးက သူငယ်ချင်းလုပ်တဲ့အတိုင်း လိုက်လုပ်တော့မှာပါ။

ဒါလေးသုံးကြည့် ဘယ်လိုကောင်းတာ၊ ဝိတ်ကျသွားတယ်။ စိတ်ထဲနေရာတာ ဘယ်လိုတောင် ကောင်းတာဆိုတဲ့ အပြောတွေနောက်ကို နားယောင်ပြီး ကလေးက ဆေးစွဲသွားနိုင်ပါတယ်။

ဒါကြောင့် ကလေးကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး သေချာလေး ပြောပြထားဖို့ လိုပါမယ်။

ပညာရေး ဖိအားရှိလို့

ဆယ်ကျော်သက်က စိတ်ရောကိုယ်ပါ ပြောင်းလဲတဲ့ အချိန်ပါ။ ဒီကာလမှာ အရာရာကို စူးစမ်းရင်း ကျောင်းစာမျာ အားနည်းနိုင်ပါတယ်။ ဒီလို အားနည်းမှုကပဲ ကလေးကို ခပ်ဆိုးဆိုး အပေါင်းအသင်းတွေ ရစေပြီး စာကို သေချာမလုပ်တော့ဘဲ မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ ဖြစ်ရင်းက နောက်ဆုံး ဖိအားထဲက ရုန်းထွက်စရာ ထွက်ပေါက်အနေနဲ့ မူးယစ်ဆေးစွဲနိုင်ပါတယ်။

မိဘနဲ့ နွေးထွေးတဲ့ ဆက်ဆံရေး မရှိလို့

မိဘနဲ့ နွေးနွေးထွေးထွေး မနေရတဲ့ ဆယ်ကျော်သက်တွေ၊ မိဘနဲ့ ဆက်ဆံရေး မပြေလည်တဲ့ ဆယ်ကျော်သက်တွေက ဆေးစွဲနိုင်ခြေ ပိုများပါတယ်။ အကြောင်းကတော့ သူတို့ဟာ အထီးကျန်ဆန်တာရယ်၊ လျစ်လျူရှုရထားတယ်လို့ ခံစားရတာတွေကြောင့် ထွက်ပေါက်ရှာတဲ့အနေနဲ့ ဆေးစွဲကြတာပါ။

ကဲ… လေဒီလေးတို့လည်း ဆေးစွဲတတ်လို့ သေချာလေး ဂရုစိုက်ပေးပါလို့ တိုက်တွန်းလိုက်ပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Club Drugs https://medlineplus.gov/clubdrugs.html Accessed Date 18 September 2020

Drug Use and Addiction https://medlineplus.gov/druguseandaddiction.html Accessed Date 18 September 2020

Results from the 2013 National Survey on Drug Use and Health: Summary of National Findings https://www.samhsa.gov/data/sites/default/files/NSDUHresultsPDFWHTML2013/Web/NSDUHresults2013.htm  Accessed Date 18 September 2020

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 18/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။