အမျိုးသားတွေမှာ ကြုံတွေ့ရတတ်တဲ့ လိင်စိတ်ဆန္ဒ လျော့နည်းလာမှု ပြဿနာ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

လူတိုင်းရဲ့ နေ့စဉ်ဘ၀မှာ အအိပ်၊ အစား၊ ကာမဆိုတဲ့ အရာ၃မျိုးလုံးက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေအတွက်တော့ ကာမသုခပြီးပြည့်စုံမှသာ တစ်နေ့တာ လုပ်ငန်းဆောင်တာ အခက်အခဲတွေကို ဖြေရှင်းကျော်လွှားသွားနိုင်မှာပါ။ ကာမသုခပြီးမြောက်ဖို့ စွမ်းဆောင်ရည်ကောင်းဖို့ လိုတယ်၊ ကာမစွမ်းဆောင်နိုင်ဖို့ လိင်စိတ်ဆန္ဒ မြင့်တက်နေဖို့ လိုပါတယ်။ လိင်စိတ်ဆန္ဒမြင့်တက်ဖို့အတွက် ကိုယ့်ရဲ့ နေ့စဉ်နေထိုင်စားသောက်တဲ့ ပုံစံဟာ မှန်ကန်နေဖို့ သိပ်ကို အရေးကြီးပါတယ်။

တကယ်တော့ ဒီလိင်စိတ်ဆန္ဒ လျော့နည်းလာတဲ့ပြဿနာဟာ ယောက်ျားလေးတော်တော်များများမှာ ကြုံတွေ့ရတတ်တဲ့ ပြဿနာမျိုးပါ။ ပတ်ဝန်းကျင်က ကိုယ့်ကို ယောက်ျားမပီသတော့ဘူးလို့ ထင်သွားမှာ ကြောက်ရွံ့တာ၊ ရှက်ရွံ့တာကြောင့် အစရှိတဲ့ အကြောင်းအမျိုးမျိုးကြောင့် သေချာမကုသဖြစ်ပဲ ပစ်ထားလိုက်ရာကနေ အခြေအနေတွေဟာ ပိုဆိုးသွားနိုင်ပါတယ်။

ဘာကြောင့် ယောက်ျားတွေမှာ လိင်စိတ်ဆန္ဒလျော့နည်းလာရတာလဲ…???

အကြောင်းရင်းတွေက အများကြီးပါပဲ။ ရုပ်ပိုင်းဆိုင်ရာ ပြဿနာရော၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကြောင့်ပါ ဖြစ်နိုင်ပါတယ်။ လိင်စိတ်လျော့နည်းလာစေတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေဆိုရင် testosterone လို့ ခေါ်တဲ့ ဝှေးစေ့ကနေ ထွက်တဲ့ ကျားဟော်မုန်းလျော့နည်းလာတာ၊ ရောဂါဆေးတွေ သောက်နေရတာ၊ လေ့ကျင့်ခန်း သိပ်မလုပ်တာ ဒါမှမဟုတ် လေ့ကျင့်ခန်း အလုပ်လွန်သွားတာ၊ အရက်နဲ့ မူးယစ်ဆေးဝါးသုံးစွဲတာကြောင့်လို့ ဆိုနိုင်ပါတယ်။ Depression လို့ ခေါ်တဲ့ စိတ်ဓာတ်ကျတာ၊ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှုများတာ၊ ကိုယ့်ရဲ့ ချစ်သူ ဒါမှမဟုတ် အိမ်ထောင်ရေးအဆင်မပြေမှုတွေကြောင့်လည်း လိင်စိတ်ဆန္ဒ လျော့နည်းလာနိုင်ပါတယ်။

Testosterone ဆိုတဲ့ ကျားဟော်မုန်းတွေဟာ အမျိုးသားတွေရဲ့ နေ့စဉ်ဘ၀ကို ဘယ်လိုသက်ရောက်နိုင်လဲ…???

Testosterone ဟာ အမျိုးသားတွေအတွက် လိုအပ်တဲ့ ကျားဟော်မုန်းတစ်မျိုးဖြစ်ပြီးတော့ ကြွက်သားထုတည်ဆောက်ဖို့၊ အရိုးတွေ သန်စွမ်းကြံ့ခိုင်ဖို့၊ မျိုးကောင်းတဲ့ သုက်ကောင်တွေ မွေးထုတ်ပေးနိုင်ဖို့နဲ့ လိင်စိတ်ဆန္ဒဖြစ်မြောက်စေဖို့အတွက် တာဝန်ယူပေးပါတယ်။ အသက်အရွယ်ကြောင့်ရော၊ အထက်မှာ ပြောပြခဲ့တဲ့ ပြဿနာတွေကြောင့်ရော testosterone ကျားဟော်မုန်းတွေဟာ နည်းပါးလာတာနဲ့အမျှ လိင်စိတ်ဆန္ဒဟာ လျော့နည်းလာရပါတယ်။ လိင်ဆန္ဒလျော့နည်းလာတဲ့အခါ ကာမစပ်ယှက်နေချိန်မှာတောင် ကိုယ့်ရဲ့လိင်တံက ကောင်းစွာမထောင်မတ်နိုင်တာ၊ မိမိကိုယ်မိမိ စိတ်တိုင်းမကျတာ၊ ယုံကြည်မှု ပျောက်ဆုံးလာတဲ့အပြင် ကိုယ့်ကိုယ်ကို ယောက်ျားမပီသတော့ဘူးဆိုတဲ့ အတွေးတွေ ၀င်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို လိင်စိတ်ဆန္ဒနည်းလာတယ်လို့ သံသယရှိလာပြီဆိုရင် ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ သေချာတိုင်ပင်ပြသပြီး ဆွေးနွေးဖို့ လိုအပ်လာပါပြီ။

လိင်စိတ်ဆန္ဒလျော့နည်းတာကို ဘယ်လိုကုသမလဲ…???

ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကြည့်တဲ့အခါမှာ ကိုယ့်မှာ ဘာကြောင့် လိင်စိတ်ဆန္ဒ လျော့နည်းလာရတာလည်းဆိုတဲ့ ပြဿနာအရင်းအမြစ်ကို အဖြေရှာပေးပါလိမ့်မယ်။

ရုပ်ပိုင်းဆိုင်ရာကြောင့် ဖြစ်တာဆိုရင် ကိုယ့်ရဲ့ နေ့စဉ်ဘ၀ နေထိုင်စားသောက်ပုံတွေကို ပြင်ဖို့လိုအပ်ပါတယ်။ ဥပမာ – diet လုပ်တာ၊ ကျန်းမာစေတဲ့ အစားအစာတွေကို အရင်ကထက် ပိုစားပေးတာမျိုးပေါ့။

နေ့စဉ်လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ ရေကူးတာ၊ ပြေးတာ အစရှိသဖြင့် လုပ်နိုင်သလို gym ကို သွားပြီးတော့လည်း စနစ်တကျ အားကစားလုပ်တာမျိုး လုပ်သင့်ပါတယ်။ အားကစားပုံမှန်လုပ်တဲ့ ယောက်ျားတစ်ယောက်ဟာ သာမန်ယောက်ျားတွေထက် လိင်စွမ်းဆောင်နိုင်မှု မြင့်တက်နိုင်တဲ့အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုကိုလည်း ရှိစေပါတယ်။

လူတစ်ယောက်ရဲ့ တစ်နေ့တာ အိပ်ချိန်ဟာ ၇နာရီကနေ ၈နာရီအတွင်း ရှိနေရမှာ ဖြစ်တဲ့အတွက် အိပ်ချိန်မှန်ဖို့ ဂရုစိုက်ပါ။ ရောဂါဆေးသစ်တစ်မျိုးကြောင့် ဖြစ်ရတာဆိုရင်တော့ တခြားဆေးပြောင်းပေးဖို့ ဆရာဝန်ကို သေချာပြောဖို့ လိုအပ်ပါတယ်။

အလုပ်တွေများပြီး စိတ်ဖိစီးမှုခံနေရပြီဆိုရင် လူကအမြဲပင်ပန်းနေပြီး ဘယ်အရာကိုမှ လုပ်ချင်ကိုင်ချင်စိတ် ရှိတော့မှာ မဟုတ်ပါဘူး။ စိတ်ဖိစီးမှုတွေကို ပြေလျော့စေဖို့ ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ရတဲ့အလုပ်ကို လျှော့ချပါ။ ကိုယ်ပိုင်သီးသန့်အချိန်တွေ ပိုထားပါ။ အားလပ်ချိန်မှာ ကိုယ်ဝါသနာပါတာဖြစ်ဖြစ်၊ ကိုယ်ချစ်ခင်နှစ်သက်တဲ့သူတွေနဲ့ တွေ့ဆုံပြီး ရယ်ရယ်မောမော စကားပြောပေးပါ။

စိတ်ဓာတ်ကျခြင်းဟာ လိင်ဆန္ဒပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်နိုင်လဲ…???

စိတ်ကျန်းမာရေးကြောင့် ဖြစ်ရတဲ့ ပြဿနာမှာ စိတ်ဓာတ်ကျတာဟာ လူသိအများဆုံး ဖြစ်မှာပါ။ Depression – စိတ်ဓာတ်ကျလာတဲ့အခါမှာ လိင်ကိစ္စမှ မဟုတ်ပါဘူး၊ ကိုယ့်ရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအားလုံးအပေါ် သွားပြီး သက်ရောက်ပါတယ်။ စိတ်ဓာတ်ကျလာရင် ဘာလုပ်လုပ် မပျော်တော့ဘူး၊ လိင်ဆက်ဆံတာ အပါအ၀င် ကိုယ့်ကို ပျော်ရွှင်မှုပေးနိုင်မယ့်အရာတွေကို လုပ်ဖို့ စိတ်မပါတော့ဘူး။ antidepressants လိုမျိုး စိတ်ဓာတ်ကျတာကို ကုသပေးတဲ့ ဆေးတွေကို အလွန်အကျွံသောက်နေရတဲ့သူတွေမှာလည်း လိင်စိတ်ဆန္ဒလျော့နည်းလာနိုင်ပါတယ်။

ကိုယ်က antidepressants တွေ သောက်နေရပြီဆိုရင်တော့ နဂိုထက် ပမာဏလျှော့ပြီိး သောက်တာဖြစ်စေ၊ တခြားကုထုံးနဲ့ ကုသတာဖြစ်စေ ဆရာဝန်နဲ့ တိုင်ပင်ပြီး ညှိနှိုင်းသင့်ပါတယ်။ တရားထိုင်တာ၊ ယောဂလေ့ကျင့်တာ၊ တစ်နေ့တာလုပ်ရမယ့် တာဝန်တွေချမှတ်ပြီး ပြီးမြောက်အောင် လုပ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ မှားယွင်းနေတဲ့ နေထိုင်စားသောက်ပုံတွေကို ပြင်တာ၊ အသစ်အဆန်းတစ်ခုခုလုပ်တာ စတာတွေနဲ့လည်း စိတ်ဓာတ်ကျတာကို ဖြည်းဖြည်းချင်း ကုသပေးလို့ ရပါတယ်။

လိင်စိတ်ဆန္ဒနဲ့ ပတ်သက်ပြီး မှားယွင်းစွာ လက်ခံထားတဲ့ အယူအဆတွေရော ရှိလား…???

ဗိုင်ယာဂရာ၊ ကာဗာတာ လို ဆေးမျိုးတွေဟာ လိင်တံကို ထောင်မတ်စေဖို့အတွက်ပဲ တတ်စွမ်းနိုင်တာပါ။ ဒီဆေးတွေ သောက်လို့ လိင်စိတ်ဆန္ဒမြင့်တက်လာတာမျိုး မဖြစ်စေပါဘူး။

ကိုယ့်ရဲ့ နေ့စဉ်လိင်မှုဘ၀မှာ ဒီလိုပြဿနာတွေ ကြုံတွေ့လာရပြီဆိုရင် ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ သေချာတိုင်ပင်ဖို့၊ ကိုယ်ခံစားနေရတဲ့ ဝေဒနာအခက်အခဲတွေ၊ ကိုယ့်မှာ ရှိနေနိုင်တဲ့ ရောဂါ၊ သောက်နေရတဲ့ဆေး၊ စိတ်ကျန်းမာရေးအခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ပြောပြမှသာ ကိုယ့်ရောဂါရဲ့ အရင်းအမြစ်ကို သေချာသိပြီး ထိရောက်မှုရှိတဲ့ ကုထုံးနဲ့ ကုသနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသားတိုင်း စိတ်သွားတိုင်း ကိုယ်ပါပြီး အောင်မြင်တက်ကြွတဲ့ ဘ၀ခရီးတွေကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 9, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 9, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။