home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

စည်သွပ်ဗူးတွေစားတော့မယ်ဆိုရင်

စည်သွပ်ဗူးတွေစားတော့မယ်ဆိုရင်

စည်သွပ်ဗူးဆိုတာ ဟိုးအရင်ကတည်းက ရှိခဲ့တဲ့ အစားအစာတွေပါ။ စည်သွပ်ဗူးတွေကိုစပြီး တီထွင်ချိန်တုန်းက စစ်သားတွေ၊ သင်္ဘောသားတွေအတွက် ကြာရှည်ခံစားသောက်နိုင်အောင် တီထွင်ခဲ့တာဖြစ်ပေမဲ့ အခုချိန်မှာတော့ တစ်ကမ္ဘာလုံးမှာ ကျယ်ကျယ်ပြန့်ပြန့်စားသုံးနေကြပါပြီ။ အခုဆောင်းပါးမှာ စည်သွပ်ဗူးတွေကို ဘယ်လိုထုတ်လုပ်သလဲ၊ တကယ်ရော ကျန်းမာရေးနဲ့ညီညွတ်ပြီး စားသုံးဖို့ သင့်တော်ရဲ့လား စတဲ့စည်သွပ်ဗူးတွေနဲ့ပတ်သက်ပြီး သိသင့်တဲ့အချက်တွေကို ရှင်းလင်းသွားအောင် ပြောပြပေးပါ့မယ်။

စည်သွပ်ဗူးလုပ်တယ်ဆိုတာ အစားအစာတွေကို အချိန်အကြာကြီးသိုလှောင်ထားပြီး စားသုံးနိုင်အောင် လေလုံဗူးထဲထည့်သွပ်ပြီး ထုတ်လုပ်တာပဲဖြစ်ပါတယ်။ စည်သွပ်ဗူးထုတ်လုပ်တိုင်းမှာ စည်သွပ်မဲ့ အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ခြင်း၊ ဗူးထဲထည့်အလုံပိတ်ခြင်းနဲ့ ဗူးထဲကပိုးမွှားတွေသေအောင်အပူပေးခြင်း ဆိုတဲ့အဆင့် ၃ ဆင့်ကိုဖြတ်သန်းရပါတယ်။ ယနေ့ခေတ်မှာတော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုး၊ အသင့်စားဟင်းချို၊ အသင့်စားဟင်းလျာအမျိုးမျိုးကို စည်သွပ်ဗူးပုံစံ နဲ့ရရှိစားသုံးနိုင်သလို သက်တမ်းအနေနဲ့လည်း အနည်းဆုံး ၁ နှစ်ကစလို့ ၁၀ နှစ်ကျော်ခံတဲ့ စည်သွပ်ဗူးတွေ ရှိနေပါပြီ။

စည်သွပ်ဗူးစားသုံးတော့မယ်ဆို လူအတော်များများ စိုးရိမ်တဲ့အချက်တစ်ချက်က အာဟာရပြည့်ပြည့်၀၀ ရရှိနိုင်ပါ့မလား ဆိုတာပါပဲ။ အရင်တုန်းကတော့ လူအများစုက ဒီလိုယူဆခဲ့ကြပေမဲ့ နောက်ပိုင်းသိပ္ပံပညာအရ သက်သေပြမှုတွေအရ ဒီယူဆချက်မှားယွင်းနေတယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ တကယ်တမ်းပြောရရင် စည်သွပ်ဗူးတွေက လတ်လတ်ဆက်ဆက်ချက်ပြုတ်ထားတဲ့ အစားအစာတွေလိုပဲ အာဟာရဓာတ်ပေးစွမ်းနိုင် ပါတယ်။ စည်သွပ်ဗူးထုတ်လုပ်ရာမှာ ပါဝင်တဲ့အဆင့်တွေကြောင့် အစားအသောက်ထဲမှာပါတဲ့ ပရိုတင်းဓာတ်၊ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီဓာတ် စတာတွေ လျော့နည်းမသွားသလို ဗီတာမင်ဓာတ်အများစုကိုလည်း ရရှိနိုင်သေး တာကိုတွေ့ရှိရပါတယ်။ ဒါပေမဲ့ ထုတ်လုပ်မှုလုပ်ငန်းစဉ်မှာ အပူပေးတဲ့အဆင့်ပါဝင်တဲ့အတွက် အပူချိန်ကြောင့် တချို့ဓာတ်တွေတော့လျော့နည်းတာ၊ ပျက်ပြယ်သွားတာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ခြုံပြောရရင်တော့ စည်သွပ်ဗူးတွေစားသုံးရင် လူတစ်ယောက်အတွက်လိုအပ်တဲ့ အာဟာရဓာတ်အတော်များများရနိုင်ပါတယ်။

စည်သွပ်ဗူးတွေက ဈေးသက်သာပြီး သယ်ရပြုရလည်း လွယ်ကူပါတယ်။ နောက်ပြီးအချိန်အကြာကြီးအထားခံတာကြောင့် ဝေးလံတဲ့နေရာဒေသကို ရောက်နေရင်ပဲဖြစ်ဖြစ်၊ ကိုယ့်ဖာသာချက်ပြုတ်စားဖို့ အချိန်မပေးနိုင်ရင်ဖြစ်ဖြစ် အဆင်ပြေစေပါတယ်။ စားသုံးတော့မယ်ဆိုရင်လည်း ဗူးဖွင့်၊ အပူပေးလိုက်ရုံနဲ့ အဆင်ပြေပြေစားသုံးနိုင် တာမို့အချိန်ကုန်လည်း သက်သာပါတယ်။

အဆင်ပြေတဲ့အချက်တွေ အများကြီးရှိပေမဲ့ စည်သွပ်ဗူးတွေချည်းအမြဲစားသုံးနေလို့လည်း အဆင်မပြေပါဘူး။ စည်သွပ်ဗူးထုတ်လုပ်ရာမှာ အထူးသဖြင့် ဗူးခွံတွေပြင်ဆင်တဲ့အခါမှာ BPA (bisphenol-A) ဆိုတဲ့ဓာတုပစ္စည်း တစ်မျိုးအသုံးပြုရလေ့ရှိပါတယ်။ စက်မှုလုပ်ငန်းသုံးဓာတုပစ္စည်းတစ်ခုဖြစ်တဲ့ BPA က ပမာဏနည်းရင် လူတွေ အတွက်သိပ်အန္တရာယ်မရှိပေမဲ့ ပမာဏများရင်တော့ ကျန်းမာရေးအရပြဿနာပေးနိုင်တယ်လို့ဆိုကြပါတယ်။ တချို့သောလေ့လာမှုတွေအရတော့ BPA နဲ့ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အမျိုးသားတွေမှာ လိင်ကျန်းမာရေး ထိခိုက်မှုပြဿနာတွေ ဆက်စပ်နေတယ်လို့ ဆိုကြပါတယ်။ ဒါ့ကြောင့် ကိုယ့်ကျန်းမာရေးအတွက် ရှေးရှုပြီး BPA နဲ့ထိတွေ့မှုအနည်းဆုံးဖြစ်အောင် နေဖို့အတွက် စည်သွပ်ဗူးတွေကို ခဏခဏမစားသုံးကြဖို့ တိုက်တွန်းချင်ပါတယ်။

စည်သွပ်အစားအစာတွေ ကြာရှည်ခံအောင် ဆား၊ သကြားနဲ့ တခြားကြာရှည်ခံဆေးတချို့ကို ရံဖန်ရံခါထည့် သွင်းထုတ်လုပ်ရပါတယ်။ တချို့စည်သွပ်ဗူးအမျိုးအစားတွေမှာ ဆားပါဝင်မှုအင်မတန်များပြားပြီး များသောအားဖြင့် ဗူးမှာမြင်သာအောင်ရေးထားလေ့ရှိပါတယ်။ လူအတော်များများအတွက်တော့ ဒါကသိပ်ကိစ္စ မရှိပေမဲ့ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ရှိသူတွေစားသုံးမိရင်တော့ ပြဿနာရှိနိုင်ပါတယ်။ ဆားပမာဏကို လိုအပ်တာထက်ပိုစားသုံးခြင်းက သွေးပေါင်ချိန်ပိုတက်လာစေနိုင်ပြီး အချိုတွေစားသုံးမှုများရင်လည်း အဝလွန်ရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါတွေဖြစ်အောင် ပိုအားပေးသလိုဖြစ်မှာပါ။

ဖြစ်တောင့်ဖြစ်ခဲပေမဲ့ အမျိုးအစားမကောင်းတဲ့တချို့စည်သွပ်ဗူးတွေက သေချာမထုတ်လုပ်ထားတဲ့အတွက် စားသုံးသူကိုအန္တရာယ်ပေးနိုင်ပါတယ်။ စနစ်တကျစည်သွပ်ထားခြင်းမရှိတဲ့အစားအစာတွေမှာ Clostridium botulinum လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတွေ ပါဝင်နေနိုင်ပြီး ဒါတွေကိုစားသုံးမိသူဟာ အကြောလိုက်ခြင်းနဲ့ အသက်သေဆုံးခြင်းအထိ ပြင်းပြင်းထန်ထန်ခံစားရနိုင်ပါတယ်။ ဒါပေမဲ့ များသောအားဖြင့် ဒီပြဿနာကို စီးပွားဖြစ်ထုတ်လုပ်တဲ့စည်သွပ်ဗူးတွေထက် အိမ်တွင်းတနိုင်တပိုင်ထုတ်လုပ်တဲ့ စည်သွပ်ဗူးတွေမှာ ပိုတွေ့ရလေ့ ရှိပါတယ်။ စည်သွပ်ဗူးက အက်ကွဲနေတာ၊ ပုံမှန်မဟုတ်ဘဲ ဖောင်းနေ၊ပိတ်နေတာ၊ ယိုစိမ့်နေတာ မျိုးတွေရှိရင် လုံးဝမစားသုံးသင့်ပါဘူး။

အဆုံးသတ်အနေနဲ့ ပြောရရင်တော့ စည်သွပ်ဗူးတွေဟာ တချို့မြင်သလိုကျန်းမာရေးနဲ့ လုံးဝမညီညွတ်တဲ့ အစားအသောက်တွေမဟုတ်ပါဘူး။ နည်းလမ်းမှန်မှန်နဲ့ စည်းကမ်းတကျစားသုံးမယ်ဆို အာဟာရပြည့်ဝသလို အရသာရှိတဲ့ အစားအသောက်တွေပါ။ ဒါပေမဲ့ စည်သွပ်ဗူးမဝယ်ခင် ဗူးမှာပါဝင်တဲ့အမယ်တွေ၊ ဆားပါဝင်မှုပမာဏ၊ သကြားပါဝင်မှုပမာဏ၊ စည်သွပ်ဗူးသက်တမ်းနဲ့ စည်သွပ်ဗူးအခြေအနေကို သေချာကြည့်ရှုပြီးမှ ဝယ်ယူစားသုံးဖို့တော့လိုအပ်ပါမယ်လို့ ပြောကြားချင်ပါတယ်။

ရေးသားသူ – Dr. Htoo Tint

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 2 ပတ် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။