home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးတွေကိုချစ်လွန်းလို့နမ်းလိုက်ခြင်းဟာသူတို့လေးတွေအတွက် ဘာတွေဖြစ်လာနိုင်သလဲ။

ကလေးတွေကိုချစ်လွန်းလို့နမ်းလိုက်ခြင်းဟာသူတို့လေးတွေအတွက် ဘာတွေဖြစ်လာနိုင်သလဲ။

အနှီးလေးနဲ့ နွေးနွေးထွေးထွေး ထုပ်ထားတဲ့ကလေးတွေနဲ့ ဝကစ်ပြီးချစ်စရာကောင်းတဲ့ ကလေး တွေကို တွေ့လိုက်ရတဲ့ အချိန်မှာ သင့်အနေနဲ့ ပွေ့ပိုက်နမ်းရှိုက်ချင်တဲ့ စိတ်တွေ တဖွားဖွားပေါ်ပေါက်လာ မှာပါ။ သင့်အနေနဲ့ အရမ်းချစ်လွန်းလို့ သန့်သန့်ရှင်းရှင်းနမ်းလိုက်တာပါပဲ။ ဒါပေမဲ့ အဲ့လိုနမ်းရှုံ့လိုက်ခြင်း ဟာ မရည်ရွယ်ဘဲနဲ့ ကလေးတွေအတွက် အန္တရာယ်တွေ အများကြီးဖြစ်စေနိုင်ပါတယ်။ နှုတ်ခမ်းနဲ့ ပါးစပ်နား တစ်ဝိုက်ကို နမ်းလိုက်ခြင်းဟာ ရောဂါပိုးမွှားတွေကို ကလေးတွေဆီ ပျံ့နှံ့စေပါတယ်။

နှုတ်ခမ်းကိုမနမ်းရဘူးဆိုတော့ ပါးလေးကိုရော နမ်းလို့ရနိုင်လားလို့မေးချင်စဖွယ်ရှိနိုင်ပါတယ်။ ဘယ်နေရာ ဖြစ်ဖြစ်မနမ်းသင့်ပါဘူး။ ဥပမာ ကလေးတစ်ယောက်ရဲ့ လက်ကလေးကို အသည်းယားလွန်းလို့ နမ်းလိုက်တယ်ပဲဆိုပါစို့။ သူ့ရဲ့လက်ကလေးတွေကို သူပြန်စုပ်တဲ့အခါ သင်နမ်းထားတဲ့ နေရာမှာရှိတဲ့ ရောဂါပိုးမွှား တွေဟာ သူ့ဆီ သွယ်ဝိုက်ပြီး ကူးစက်သွားမှာပါ။

မိဘတွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးမှုတွေဟာ မွေးကင်းစကလေးလေးတွေရဲ့ ကြီးထွား ဖွံ့ဖြိုးမှုကို များစွာ အကျိုးသက်ရောက်နိုင်ပါတယ်။ ဒါဟာ ကလေးကို တရှုံ့ရှုံ့နဲ့ နမ်းရမယ်လို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ မွေးကင်းစ ကလေးတွေဟာ ရောဂါကူးစက်လွယ်ပါတယ်။ ပြည့်စုံစွာမဖွံ့ဖြိုးသေးတဲ့ ကိုယ်ခံ အားစနစ်နဲ့ ကာကွယ်ဆေး အစုံအလင်မထိုးရသေးတာကြောင့်ပါ။ သင်ကိုယ်တိုင်ဖြစ်စေ၊ အိမ်ကိုလာလည်တဲ့ အသိမိတ်ဆွေတွေထဲကဖြစ်စေ သင့်ကလေးကိုချစ်လွန်းလို့ နမ်းလိုက်တာဟာ ဘာတွေဖြစ်နိုင်လဲ။ နမ်းလိုက်သူဟာ ရောဂါပိုးရှိသူဖြစ်နေနိုင်သလို၊ ကလေးနဲ့ ဓာတ်မတည့်တဲ့ အစားအစာတွေစားထားတဲ့ သူလည်းဖြစ်နေနိုင်ပါတယ်။

() ရေယုန်ပေါက်နိုင်ပါတယ်။

ရေယုန်ဟာ HSV 1 ဆိုတဲ့ Herpes simplex ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ရေယုန်ဗိုင်းရပ်စ်ရှိသူ တစ်ယောက်က ကလေးကိုနမ်းလိုက်တဲ့အခါ အလွယ်တကူ ကူးစက်သွားနိုင်ပါတယ်။ ကူးစက်တဲ့အခါ အရည်ကြည်ဖုလေးတွေဟာ နှုတ်ခမ်းနဲ့ ပါးစပ်တစ်ဝိုက်မှာ အရင်ပေါက်ပါတယ်။ ပြီးရင်တော့ မျက်နှာ၊ နှုတ်ခေါင်း၊ပါး၊ မေးစေ့နဲ့ တစ်ကိုယ်လုံးကို ပျံ့သွားနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ကူးစက်သွားပြီဆိုရင်တော့ နောက်တစ်ခေါက်ပြန်မဖြစ်တာမျိုး ရှိနိုင်သလို စိတ်ဖိစီးမှုပေါ်လာတာနဲ့ ခဏခဏပြန်ဖြစ်တာမျိုးလည်းရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဗိုင်းရပ်စ်ဟာ ခန္ဓာကိုယ်ထဲကို ရောက်တာနဲ့ တစ်သက်လုံးရှိနေတော့မှာမို့ပါ။ ဒါကြောင့်ရေယုန်ရှိသူတစ်ဦးဟာ ကလေးကိုလုံးဝလုံးဝ မနမ်းသင့်ပါဘူး။

() အသက်ရှူလမ်းကြောင်းဆိုင်ရာ အန္တရာယ်တွေဖြစ်စေနိုင်ပါတယ်။

RSV ဆိုတဲ့ ဗိုင်းရပ်စ်ရှိသူတစ်ယောက်ဟာ သင့်ကလေးကို နမ်းလိုက်တဲ့အခါ ကူးစက်ခံရပြီး အဆုတ် ရောင်ရမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေရဲ့ လေပြွန်ဟာ လူကြီးတွေထက် ပိုမိုငယ်တာကြောင့် ရောင်ရမ်းမှုမျိုးဖြစ်လာခဲ့ရင် ပိုမိုဆိုးရွားတဲ့ အခြေအနေမျိုးဖြစ်နိုင်ပါတယ်။ အသက်ရှူကျပ်ပြီး နမိုးနီးယား လိုမျိုး အဆုတ်ရောင်ရောဂါမျိုးခံစားရမှာပါ။ လမစေ့ဘဲ မွေးတဲ့ ကလေးဆိုပိုဆိုးပါတယ်။

() အစာနဲ့ ဓာတ်မတည့်တာမျိုးလည်းဖြစ်နိုင်ပါတယ်။

အစာနဲ့ ဓာတ်မတည့်မှုဟာ ကလေးတင်မဟုတ်ဘဲ လူကြီးတော်တော်များများမှာလည်းရှိပါတယ်။ ကလေးနဲ့ ဓာတ်မတည့်တဲ့ အစားအစာမျိုးစားထားတဲ့ လူကြီးတစ်ယောက်က နမ်းလိုက်ပြီဆိုတာနဲ့ အစားအစာရဲ့ အပိုင်းအစတစ်ချို့ဟာ ကလေးဆီကို မထင်မှတ်ဘဲ ရောက်သွားနိုင်ပါတယ်။ ဒါဆိုရင်တော့ ဓာတ်မတည့်မှုမျိုးဖြစ်နိုင်ပါပြီ။ နှုတ်ခမ်းနီဆိုးထားတဲ့ လူကြီးတစ်ယောက်က နမ်းရှုံ့လိုက်တာဟာလည်း ဓာတ်မတည့်မှုကို ဖြစ်စေနိုင်ပါသေးတယ်။

() ကင်ဆာဖြစ်စေပါတယ်။

ယနေ့ခေတ်မှာ လူအများဟာ အသားအရေထိန်းသိမ်းတဲ့ (Skin Care products) ပစ္စည်းတွေ သုံးလာကြပါပြီ။ အဲ့လိုပစ္စည်းတွေမှာ အတုအပ အရောင်ဆိုးဆေးတွေနဲ့ ကလေးတွေကို အန္တရာယ်ဖြစ်စေ နိုင်တဲ့ အဆိပ်အတောက် ဓာတုပစ္စည်းတွေပါဝင်ပါတယ်။ အဲ့လို ပစ္စည်းတွေဟာ ကလေးတွေကို ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ သင့်ကလေးကိုချစ်ရင်တော့ သင်ကိုယ်တိုင် ဓာတုပစ္စည်းတွေကနေ ရှောင်ကြဉ်ပါ။ အဆိပ်အတောက်ဓာတုပစ္စည်းတွေကနေ သုံးထားသူတွေကိုလည်း ကလေးတွေကို မနမ်းခိုင်းပါနဲ့။

() အနမ်းရောဂါ

ဒါကတော့ တံတွေးကတစ်ဆင့် ကူးစက်တဲ့ ရောဂါမို့ အနမ်းရောဂါလို့တင်စားတာပါ။ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များပါတယ်။ ဗိုင်းရပ်စ်ဖြစ်လို့ ကူးစက်ခံထားရသူ တစ်ယောက်ယောက်က သင့်ကလေးကို နမ်းရှုံ့လိုက်တဲ့အခါ သင့်ကလေးကိုလည်း ကူးစက်သွားနိုင်ပါ တယ်။ နှာရည်ယိုခြင်းနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေခံစားရမှာပါ။ ဗိုင်းရပ်ဖြစ်လို့ ကုစရာ ဆေးလည်းမရှိပါဘူး။ ကိုယ်ခံအားစနစ်နဲ့ အနိုင်တိုက်ရမှာပါ။ ကိုယ်ခံအားစနစ်ကောင်းကောင်းမဖွံ့ဖြိုး သေးတဲ့ကလေးတွေအတွက်တော့ အလွန်အန္တရာယ်များပါတယ်။ ကလေးတစ်ယောက်က တစ်ယောက်ကိုလည်း အလွယ်တကူ ကူးစက်နိုင်ပါသေးတယ်။

() သွားပိုးပေါက်တွေ ဖြစ်စေနိုင်ပါတယ်။

ခံတွင်းကိုကောင်းကောင်းမထိန်းသိမ်းတဲ့သူတွေဟာ သွားပိုးပေါက်ဖြစ်စေနိုင်တယ်ဆိုတာ သိပြီး သားပါ။ တံတွေးဂလင်းကတစ်ဆင့်ကူးစက်နိုင်တဲ့ Streptococcus mutans ဆိုတဲ့ ဘတ်တီးရီးယားက သွားပိုးပေါက်ဖြစ်စေတာပါ။ ဒီလိုဘတ်တီးရီးယားရှိတဲ့ လူတစ်ယောက်က သင့်ကလေးကိုနမ်းရှိုက်လိုက်ပြီ ဆိုတာနဲ့ ကလေးရဲ့ သွားသေးသေးလေးတွေမှာ သွားပိုးပေါက်တွေဖြစ်သွားမှာပါ။ နမ်းရှုံ့တာတင်မဟုတ်ပါဘူး။။ ထမင်းဝါးပြီးကျွေးတာလည်း လုံးဝလုံးဝမလုပ်သင့်ပါဘူးနော်။

() ကိုယ်ခံအားစနစ်ကို ကျဆင်းစေတယ်။

ကလေးတွေဟာ အလွန်ထိလွယ်ရှလွယ်ပါတယ်။ ရောဂါအလွယ်တကူ ကူးစက်နိုင်သူတွေပါ။ အထူးသဖြင့် မွေးကင်းစ ပထမလတွေမှာပါ။ ဒါကြောင့် ကလေးကိုနမ်းရှုတ်သူတွေမှာ ဖျားနာမှုတွေ၊ ရောဂါပိုးတွေရှိနေခဲ့ရင် ကူးစက်သွားမှာ အသေအချာပါ။ ဒါဆိုရင်တော့ ကိုယ်ခံအားစနစ်ဟာ တဖြည်းဖြည်း အားနည်းလာမှာပါ။

ဒါတွေကိုကာကွယ်ဖို့ဆိုရင် ကာကွယ်ဆေးထိုးဖို့လည်း အလွန်အရေးကြီးပါတယ်။ မွေးကင်းစမှ စတင်ကာ ကာကွယ်ဆေး ရက်သတ္တပတ်တိုင်းမှာ ချိန်းဆိုသတ်မှတ်ထားတဲ့အတိုင်း ထိုးသင့်ပါတယ်။ မွေးကင်းစကလေးတွေကို ဂရုတစိုက် သေသေချာချာ စောင့်ရှောက်ဖို့ လိုအပ်ပါတယ်နော်။

() ခြေ၊ လက်နဲ့ ပါးစပ်ရောဂါ

ဒီရောဂါကတော့ ကလေးရဲ့ ခြေထောက်တွေ၊ လက်လေးတွေနဲ့ ပါးစပ်မှာ အနာလေးတွေပေါက်တဲ့ ရောဂါပါ။ ရောဂါပိုးရှိသူကတစ်ဆင့် ကူးစက်သွားပြီး ရောဂါဖြစ်ပွားရတာပါ။ လည်ချောင်းနာခြင်းနဲ့ အဖျားတက်ခြင်းတွေလည်း ခံစားရနိုင်ပါတယ်။ ကလေးတွေကိုနမ်းတော့မယ်ဆိုရင် ဘာတွေကြိုပြင်ဆင် ထားသင့်သလဲ။

အချို့သော ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေဟာ လူကြီးတွေအတွက်ရောဂါထွေထွေထူးထူး မဖြစ်ပွားစေနိုင်ပေမဲ့ ကလေးတွေအတွက်တော့ အလွန်အန္တရာယ်များပါတယ်။ ဒါကြောင့် ကလေးကို နမ်းရှုံ့ထွေးပွေ့တော့မယ့်အခါမျိုးမှာ အောက်ဖော်ပြပါ အချက်တွေကို မဖြစ်မနေပြုလုပ်ပေးပါ။ ကလေးကို ချစ်လွန်းတဲ့ သင့်ရဲ့အခြားမိတ်ဆွေတွေကိုလည်း ဒီလိုအချက်တွေလုပ်ဖို့ မဖြစ်မနေတိုက်တွန်း ပေးပါ။

  • သွားနဲ့ ခံတွင်းသန့်ရှင်းမှုကိုလည်း မဖြစ်မနေပြုလုပ်ပေးပါ။
  • သင့်ရဲ့သွားနဲ့ ခံတွင်းသာမကဘဲ သင့်ကလေးရဲ့ ခံတွင်းသန့်ရှင်းမှုကိုလည်း ဂရုစိုက်ပေးပါ။

(ဥပမာ-သွားရည်အလွန်ကျနေသလား စသဖြင့်ပါ)

  • ကလေးကိုပွေ့ချီကိုင်တွယ်တော့မယ့် အချိန်တိုင်း လက်ဆေးပါ။
  • ကလေးကိုလည်း ရေပုံမှန်ချိုးပေးပါ။
  • ကလေးသုံး Wet Tissue လိုမျိုး တစ်ရှူးအစိုနဲ့ ကလေးရဲ့ မျက်နှာနဲ့ ပါးစပ်ကို သုတ်ပေးပါ။ လန်းဆန်းနေအောင် ပါ။
  • သင့်သူငယ်ချင်း၊ မိတ်ဆွေ၊ ဆွေမျိုးတွေနဲ့ မိသားစုတွေကိုလည်း ဒီလိုကြိုတင်ကာကွယ်ရမယ့် အချက်တွေကို အသိပေးပါ။ ဗဟုသုတရှိပါစေ။
  • ကလေးရဲ့အသုံးအဆောင်တွေကို တခြားအိမ်သားတွေရဲ့ အသုံးအဆောင်တွေနဲ့ သီးခြားခွဲထားပေးပါ။
  • အိမ်မှာရှိတဲ့ပစ္စည်းတွေမှာ ပိုးမွှားတွေကပ်ငြိနေနိုင်တာမို့ သင့်ကလေးနဲ့ အတတ်နိုင်ဆုံး မထိတွေ့ပါစေနဲ့။ (ဥပမာ- တီဗွီရီမုတ်၊ ဖုန်းနဲ့ လက်ကိုင်အိတ် အစရှိတာတွေကို မကိုင်ပါစေနဲ့)
  • ရောဂါပိုးရှိသူတွေ၊ သံသယရှိသူတွေကို ကလေးနဲ့ ဝေးဝေးနေခိုင်းပါ။
  • ရာသီတုပ်ကွေး၊ အအေးမိ၊ ရက်ရှည်ချောင်းဆိုးခြင်းနဲ့ ရေကျောက်ရောဂါရှိသူတွေ၊ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာပြဿနာရှိသူတွေကို ကလေးအားမနမ်းခိုင်းပါစေနဲ့။
  • ကာကွယ်ဆေးကိုလည်း ပုံမှန်ထိုးပါ။ မမေ့လျော့ပါစေနဲ့။

ရေးသားသူ-ဒေါက်တာမှူးခင်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 10/10/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။