backup og meta

သားသားမီးမီးတွေကို ဓာတ်ဆားဖြည့် ဖျော်ရည် တိုက်လို့ ရပါသလား!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားသားမီးမီးတွေကို ဓာတ်ဆားဖြည့် ဖျော်ရည် တိုက်လို့ ရပါသလား!

    သားသားမီးမီးလေးတွေကတော့ နေပူတာ မိုးရွာတာကို အမှု မထားသလို မနက်၊ နေ့လယ်၊ ညနေ ဆိုတာကို မမှုဘဲ ရေကုန်ရေခမ်း ကစားကြမယ့် အရွယ်လေးတွေပါ။ သူတို့လေးတွေ ဒီလို ကစားတဲ့အခါ ရာသီဥတု အခြေအနေကြောင့်ရော လှုပ်လှုပ်ရှားရှား အသားကုန် ဆော့ထားတာကြောင့်ရော သူတို့လေးတွေမှာ ချွေးတွေ အများကြီး ထွက်တာမျိုးကို ခံစားရနိုင်ပါတယ်။ ချွေးထွက်တယ်ဆိုတာကလည်း တကယ်ကတော့ ကိုယ်တွင်းက ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးသွားတာပဲလေ။ ဒီတော့ ဖေဖေမေမေတို့ ခေါင်းထဲမှာ ပေါ်လာနိုင်တဲ့ အတွေးတစ်ခုက ချွေးတွေ ရွဲရွဲစိုနေအောင် ဆော့ကစားထားတဲ့ သားသားမီးမီးတွေကို ဓာတ်ဆားဖြည့် ဖျော်ရည် တိုက်လို့ ရပါသလား! ဆိုတာ ဖြစ်မယ် ထင်ပါတယ်။ ဒီမေးခွန်းလေးအတွက် အဖြေလေးကို ဆောင်းပါးလေးကနေတဆင့် အဖြေထုတ်ပေးလိုက်ပါတယ်နော်။ 

    သားသားမီးမီးတွေကို ဓာတ်ဆားဖြည့် ဖျော်ရည် တိုက်လို့ ရပါသလား! 

    အဆော့သန်လှတဲ့ သားသားမီးမီးလေးတွေမှာ ချွေးဆုံးရှုံးနိုင်ခြေကလည်း တော်တော်လေး များပါ။ ဒီလို ပြေးလွှားဆော့ကစားလိုက်လို့ ထွက်သွားတဲ့ ချွေးဆိုတာက ကိုယ်တွင်းက ရေဓာတ်ပါ။ ဒီရေဓာတ်နဲ့အတူ ထပ်ပြီး ပါသွားတာက ကိုယ်တွင်းမှာရှိနေတဲ့ ဓာတ်ဆားဓာတ်ပါ။ 

    ကလေးတွေကို ရေ နဲ့ ဓာတ်ဆား ဆုံးရှုံးမှု ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကလည်း တော်တော်လေး များပါတယ်။ ဘယ်လို အခြေအနေတွေလည်း ဆိုတော့

    • ချွေးထွက်များတာ
    • ရာသီဥတု ပူပြင်းလွန်းတာ
    • ရေသောက်နည်းတာ
    • လှုပ်လှုပ်ရှားရှား ကစားတာ
    • ဖျားတာ
    • ဝမ်းပျက်ဝမ်းလျှောတာ
    • အော့အန်တာ လိုမျိုး အခြေအနေတွေပါ။

    ဒီလို အခြေအနေတွေမှာ ကိုယ်တွင်းက ရေဓာတ်နဲ့ အတူ ဓာတ်ဆားဓာတ်တွေ ဖြစ်ကြတဲ့ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကလိုရိုက် စတာတွေကိုပါ ဆုံးရှုံးသွားပါတယ်။ 

    ဒီလို ဆုံးရှုံးမှုတွေက ကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေကို ကမောက်ကမ ဖြစ်စေနိုင်သလို ကိုယ်တွင်းက pH မျှခြေကိုလည်း ပျက်စေနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး။ ဆဲလ်တွေဆီကို အာဟာရတွေ ပို့ဆောင်မှုကို ထိခိုက်စေသလို နှလုံး၊ ဦးနှောက်၊ အာရုံကြောတွေ နဲ့ ကြွက်သားတွေရဲ့ လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီအခြေအနေတွေကို သက်သာစေဖို့ ဆိုရင် လုပ်ပေးရမှာက ဆုံးရှုံးသွားတဲ့ ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ပါ။ ဒီလိုဆို ဘယ်လို ဖြည့်တင်းလို့ ရမလဲဆိုတာတော့ ကလေးကို ဓာတ်ဆားဖြည့်ဖျော်ရည် တိုက်ပေးတာပါ။ 

    သားသားမီးမီးတို့အနေနဲ့ ကိုယ်တွင်းကနေ ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေ အများကြီး ဆုံးရှုံးသွားချိန်မှာ ဓာတ်ဆားဖြည့် ဖျော်ရည်တိုက်ပေးပြီး ပြန်လည် ဖြည့်တင်းနိုင်ဖို့  အရေးကြီးပါတယ်။ ဒါမှ ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို  ကာကွယ်နိုင်မှာပါ။ 

    သားသားမီးမီးတို့ကို ဓာတ်ဆားဖြည့်ဖျော်ရည် မတိုက်ခင် ဘာတွေ သတိထားရမလဲ!

    သားသားမီးမီးတွေကို ဓာတ်ဆားဖြည့် ဖျော်ရည် တိုက်တော့မယ်ဆိုရင် သတိထားရမှာ တစ်ချက်တော့ ရှိပါတယ်။ ဒါက ကလေးကို လူကြီးတွေ သောက်တဲ့ အချိုးအစားတိုင်း တိုက်တာမျိုး မလုပ်ဖို့ပါ။ ကလေးရဲ့ ရေနဲ့ ဓာတ်ဆား လိုအပ်ချက်အလိုက်ပဲ တိုက်ပေးဖို့ လိုပါမယ်။ 

    ကလေးမှာ ရေဓာတ် နဲ့ ဓာတ်ဆားဓာတ် ဆုံးရှုံးနေတဲ့ လက္ခဏာတွေ ဖြစ်ကြတဲ့ ခံတွင်းခြောက်တာ၊ ဆီးသွားတာ နည်းသွားတာ၊ နှလုံးခုန်မြန်တာ၊ အရမ်းကို ခြေကုန်လက်ပမ်းကျနေတာ၊ ခေါင်းမူးတာ၊ ကိုယ်အပူချိန် မြင့်တက်လာတာမျိုးတွေ ခံစားနေရမယ်ဆိုရင်တော့ ကလေးကို ဓာတ်ဆားဖြည့် ဖျော်ရည် တိုက်ဖို့ လိုနေပါပြီ။ 

    ကလေးအတွက် ဓာတ်ဆားဖြည့် ဖျော်ရည် ရွေးတဲ့အခါ သကြားပါဝင်မှုကို သတိထားဖို့ မမေ့ပါတဲ့။ အခြားအချက်တွေ အနေနဲ့ကတော့  တာရှည်ခံ ပစ္စည်းတွေ၊ ဆိုးဆေးတွေ ပါဝင်နေလားဆိုတာကို သတိထားဖို့လည်း လိုပါမယ်။ သဘာဝပစ္စည်းကို အခြေခံပြီး ထုတ်ထားတာမျိုးက  ပိုအဆင်ပြေပါတယ်။

     နောက်ပြီး မလိုအပ်ဘဲ တိုက်တာမျိုး မလုပ်ပါနဲ့။ အကြောင်းကတော့ ဓာတ်ဆားဖြည့် ဖျော်ရည်ဆိုတာ သားသားမီးမီးတို့ရဲ့ ခန္ဓာကိုယ်ထဲ ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ အတွက်သာ ဖြစ်ပြီး ကလေးကို ချော့စရာအနေနဲ့ တိုက်ရမယ့် အပျော်သောက်စရာ တစ်ခု မဟုတ်တာကြောင့်ပါ။ ကဲ …. အခုလောက်ဆိုရင်တော့ သားသားမီးမီးတွေကို ဓာတ်ဆားဖြည့် ဖျော်ရည် တိုက်လို့ ရပါသလား! ဆိုတာကို အဖြေထွက်လောက်ပြီ ထင်ပါတယ်နော် မေမေဖေဖေတို့ရေ ……

    # အမှာစကား

    ဓာတ်ဆားဖြည့် ဖျော်ရည်ဆိုတာက အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့  နည်းလမ်းနဲ့ သားသားမီးမီးတို့ရဲ့ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားဓာတ်ကို လျင်လျင်မြန်မြန်နဲ့ ပြန်လည် ဖြည့်တင်းပေးနိုင်မယ့် သောက်စရာလေး တစ်ခုပါ။ နောက်ထပ် တစ်ချက်က ဓာတ်ဆားဖြည့်ဖျော်ရည်ဆိုတာက ကလေးကို ရေဓာတ် နဲ့ ဓာတ်ဆား ဆုံးရှုံးမှုကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကနေ ကာကွယ်ပေးဖို့ အတွက်သာဖြစ်ပြီး ကလေးကို ကျန်းမာပျော်ရွှင်စေဖို့  တစ်ခန်းတစ်ကဏ္ဍ ကနေ သားသားမီးမီးတို့ရဲ့ နေ့စဉ်ဘဝမှာ ပါဝင်နေတဲ့ အရာလေးပါ။ ကလေးကို လိုအပ်ချိန်မှာ မှန်ကန်တဲ့ အမျိုးအစားကို ပမာဏ မှန်မှန်ကန်ကန်လေး တိုက်ပေးဖို့တော့ လိုပါမယ်။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 14/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement