backup og meta

ကလေးကို ငြိမ်ငြိမ်လေး နေခိုင်းတာက ကိုယ်ခံအားကို ထိခိုက်စေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 11/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို ငြိမ်ငြိမ်လေး နေခိုင်းတာက ကိုယ်ခံအားကို ထိခိုက်စေသလား

    ကလေးဆိုတာက ပြေးပြေးလွှားလွှား ဆော့တတ်တာက သဘာဝပါပဲ။ အဖော်စုံရင် ပိုလို့တောင် ဆိုးပါသေးတယ်။ ဒါပေမဲ့ နောက်ကလိုက်ထိန်းရတဲ့ မေမေကတော့ ပင်ပန်းတာပေါ့။ ပြေးရင်းလွှားရင်း ချော်လဲမလား၊ ချွေးတွေထွက်ပြီး အအေးပတ်မလား မိဘကတော့ မျိုးစုံစိတ်ပူတာပဲလေ။ ဒီတော့ ငြိမ်ငြိမ်လေး နေခိုင်းတာပေါ့။ ဒါပေမဲ့ ကလေးဆို လှုပ်လှုပ်ရှားရှားနေမှ ကျန်းမာမယ်၊ အကြမ်းခံတယ်၊ တော်တန်ရုံ မဖျားဘူးလို့လည်း သိထားတော့ ကလေးကို ငြိမ်ငြိမ်လေး နေခိုင်းတာက ကလေး ကိုယ်ခံအားကို ထိခိုက်စေသလား ဆိုပြီး ပြန်တွေးရပြီလေ။ 

    ကလေးတွေ ပြေးလွှားဆော့တဲ့ခေတ် ကုန်များသွားပြီလား!

    ကလေးဆိုတာ ပြေးလွှားဆော့တယ်ဆိုတဲ့ ခေတ်က ကုန်များကုန်သွားပြီလားလို့တောင် ထင်စရာ ရှိပါတယ်။ ကလေးတွေ ပြေးလွှားဆော့တယ်ဆိုတာ ကိုယ်တွေခေတ်မှာပဲ ကျန်ခဲ့သလိုပေါ့။ ဒီလို ပြောရတာက အခုနောက်ပိုင်း ကလေးတွေဟာ ပြေးလွှားဆော့ဖို့ထက် ယူကျူ့ကြည့်တာ၊ ဖုန်းနဲ့ ဂိမ်းဆော့တာမျိုးတွေကို လုပ်ရင်း သူတို့လေးတွေရဲ့ ပြေးလွှားဆော့မယ့် အချိန်လေးတွေကို ကုန်ဆုံးနေကြလို့ပါ။

    နေထိုင်မှုပုံစံ ပြောင်းလဲလာတာကြောင့် ကစားဖို့နေရာတွေ မရှိသလောက် ရှားလာတာ၊ မေမေတွေမှာ ကလေးကို ထိန်းကျောင်းဖို့ အချိန် မရှိတာကြောင့် ကလေးကို ငြိမ်ရင်ပြီးရောဆိုပြီး ဖုန်းတွေပေးသုံးထားတာမျိုးတွေကို လုပ်ဆောင်လာကြရင်း ကလေးတွေက စခရင်မ်တိုင်း များမှန်းမသိ များလာကြပါတယ်။

    ကလေးကို ထမင်းစားအောင်၊ ငြိမ်အောင်၊ လူကြားထဲမှာ ငိုမှာစိုးလို့ စတဲ့ အကြောင်း အမျိုးမျိုးနဲ့ ကလေးကို ငြိမ်ငြိမ်လေး နေခိုင်းရင်း ကလေးကို ဖုန်းတွေ ပေးသုံးလာမျိုးပေါ့။ ကလေးက ဖုန်းသုံးပြီ၊ တီဗွီကြည့်ပြီဆိုကလည်း လှုပ်ရှားမှုက နည်းသွားပြီး ထိုင်ပဲထိုင်နေတော့မှာလေ။ ဒီလို ထိုင်ပဲ ထိုင်နေတာက ကျန်းမာပါ့မလား ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ကလေးကို ငြိမ်ငြိမ်လေး နေခိုင်းတာက ကိုယ်ခံအားကို ထိခိုက်စေသလား

    ကလေးတွေမှာ လှုပ်ရှားမှုမရှိဘဲ အထိုင်များတာက ကလေးကို အဝလွန်စေတာအပြင် အမျိုးအစား (၂) ဆီးချို၊ နှလုံးရောဂါ၊ စိတ်ဓာတ်ကျတာ၊ သွေးတိုးတာနဲ့ ဖွံ့ဖြိုးမှု နှောင့်နှေးတာလိုမျိုး ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ 

    ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုတင်မက ကိုယ်ခံအားကိုပါ ထိခိုက်စေသလို ရေရှည်မှာ  နာတာရှည် ကျန်းမာရေး ပြဿနာတွေကိုပါ ခံစားရစေနိုင်ပါတယ်။ 

    ဒီလို အထိုင်များတာကြောင့် ကလေးမှာ ထိခိုက်မှု မဖြစ်စေဖို့အတွက် 

    ကလေးကို ထိုင်ပဲ ထိုင်နေစေပြီး ပြေးလွှားဆော့ကစားခွင့် မပေးတာ ဒါမှမဟုတ် ကလေးကိုယ်တိုင်က ဖုန်းပဲသုံးပြီး ပြေးပြေးလွှားလွှား ‌ဆော့ကစားမှု မရှိဘူးဆိုရင် အဝလွန်တာကနေ အစပြုလို့ ကိုယ်ခံအားကျတာ၊ အရွယ်မတိုင်ခင်  နာတာရှည်ရောဂါတွေ ဖြစ်လာမှာပါ။ ဒီလိုမဖြစ်စေဖို့ဆိုရင် 

    ကိုယ်လက်လှုပ်ရှားမှု ရှိအောင် ဂရုစိုက်ပါ

    ကလေးကို ငြိမ်ငြိမ်နေစေတာက ကိုယ်ခံအားကို ထိခိုက်စေသလို အရိုးနဲ့ ကြွက်သားဖွံ့ဖြိုးမှုကို နှောင့်နှေးစေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို နေ့တိုင်းမှာ ပြေးပြေးလွှားလွှား ဆော့ကစားခွင့် ပေးလိုက်ပါ။ 

    လူကြီးတွေလို စနစ်တကျ လေ့ကျင့်ခန်း လုပ်မှ မဟုတ်ပါဘူး။ သူ့ဟာသူ ပြေးပြေးလွှားလွှားကစားတာ၊ လူကြီးတွေနဲ့ ဘောလုံးကန်တာ၊ ကြက်တောင်ရိုက်တာတွေကလည်း ကိုယ်လက်လှုပ်ရှားမှုပါပဲ။ တစ်ရက်ကို နာရီဝက်လောက် ပြေးပြေးလွှားလွှားဆော့ပါစေ။ 

    စခရင်မ်တိုင်းမ် လျှော့ချပါ

    စခရင်မ်တိုင်းမ်များတာက ကလေးကို လှုပ်ရှားမှု နည်းစေပြီး ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို စခရင်မ်တိုင်းမ် လျှော့ချပါ။ ၂နှစ်ကနေ  ၁၂နှစ်ဆို ဖျော်ဖြေရေးအတွက် သုံးတဲ့ screen timeက တစ်ရက်ကို ၁နာရီပဲ ရှိသင့်ပါတယ်။

    Screen time များပြီး ကလေးက ညဘက်တွေ အိပ်မပျော်တဲ့အခါ ကိုယ်ခံအားပါ ထိခိုက်လာနိုင်ပါတယ်။ 

    အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးပါ

    ခုခေတ်ကလေးတွေက အထိုင်များတဲ့အပြင် အာဟာရတန်ဖိုးမရှိတဲ့ junk foodတွေ၊ အသင့်စားအစားအစာတွေကို ကြိုက်လည်း ကြိုက်၊ စားလည်း စားကြပါတယ်။ အာဟာရတန်ဖိုးမရှိတာကြောင့် စားနေပေမယ့်လည်း လိုအပ်တဲ့ အာဟာရတွေ မရပါဘူး။ ဒါကလည်း ကိုယ်ခံအားကျစေမယ့် အကြောင်းအရင်းပါ။ 

    ဒီလိုမဖြစ်အောင် နေ့စဉ် စားသုံးမှုမှာ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ အသီးအရွက် နဲ့ သားသားမီးမီးတို့ လိုအပ်တဲ့ အာဟာရတွေနဲ့ အမျှင်ဓာတ်တို့ ပါဝင်နေတဲ့ Growing Up Milk လို့ခေါ်တဲ့ ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့ကို ကိုယ့်ကလေးအသက်အလိုက် တိုက်ကျွေးပေးလို့ ရပါတယ်။ ဒီလို အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးတာက ကလေးကို ကိုယ်ခံအားကောင်းစေပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းစေမှာပါ။ 

    ကာကွယ်ဆေး ထိုးနှံပေးပါ

    ကလေးကို အသက်အရွယ်အလိုက် လိုအပ်တဲ့ ကာကွယ်ဆေးတွေကို ထိုးနှံပေးတာက ကလေးကို ရောဂါဆိုးတွေကနေ ကာကွယ်ပေးနိုင်သလို ကလေးတွေရဲ့ ခုခံအားတည်ဆောက်မှုကို အထောက်အကူဖြစ်စေပါတယ်။ 

    အိပ်ရေးဝအောင် ဂရုစိုက်ပါ

    ကလေးတွေ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် အာဟာရ ပြည့်ဝမှုနဲ့အတူ အိပ်စက်ချိန်ကို ပြည့်ဝစေဖို့လည်း လိုပါမယ်။ ကလေးတွေမှာ အိပ်ရေးမဝတာက ကိုယ်ခံအားကို ထိခိုက်စေနိုင်ပါတယ်။

    ညတိုင်း ၇-၉နာရီပြည့်အောင် သိပ်ပေးပါ။ စောစောအိပ်ပြီး စောစောထတဲ့ အကျင့်ကို လုပ်ပေးရပါမယ်။ 

    တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်တတ်အောင် သင်ပေးပါ

    ကလေးကို တစ်ခုခု ကိုင်ပြီးတိုင်း လက်ဆေးဖို့ကအစ ခြေသည်းလက်သည်း ညှပ်ဖို့၊ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ဖို့ သင်ကြာပေးရပါမယ်။ ကိုယ့်ကိုယ်ကို သန့်သန့်ပြန့်ပြန့်နေတာက ကိုယ်ခံအားကောင်းစေပြီး ရောဂါပိုးတွေမဝင်အောင်တားနိုင်မယ့် အခြေခံအချက် မဟုတ်ပါလား။ 

    ကလေးကို ငြိမ်ငြိမ်လေး နေစေတာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ဟန့်တားလိုက်တာပဲ ဖြစ်ပါတယ်။ ဒါ့ပြင် ကိုယ်ခံအားကိုလည်း ထိခိုက်နိုင်ပါတယ်။ ကလေးက ဖုန်းတွေသုံးပြီး လှုပ်ရမှာ ပျင်းနေရင်တောင် မိဘတွေက စံပြအနေနဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပြပါ။ ကလေးကိုလည်း အတူပါဝင်အောင် တိုက်တွန်းပေးဖို့ လိုပါတယ်။ 

    အာဟာရပြည့်ဝဖို့၊ အိပ်ရေးဝဖို့ ကူညီပေးပါ။ ကာကွယ်ဆေးတွေ ထိုးနှံပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်ပေးပါ။ ဒါဆိုရင် ကလေးက ကိုယ်ခံအားကောင်းပြီး ကျန်းမာနေမှာဖြစ်ပါတယ်။

    # သားသားမီးမီးတို့ရဲ့ ကြီးထွားမှုကို ကိုယ်တိုင် စစ်ဆေးလိုက်ပါ!

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 11/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement