backup og meta

ဆောင်းတွင်းမှာ သားသားမီးမီး ကိုယ်ခံအား တက်စေဖို့ ဘာတွေ ဂရုစိုက်ပေးဖို့ လိုမလဲ

ဆောင်းတွင်းမှာ သားသားမီးမီး ကိုယ်ခံအား တက်စေဖို့  ဘာတွေ ဂရုစိုက်ပေးဖို့ လိုမလဲ

မိုးလေးကုန် ဆောင်းလေးကူးချိန်ရဲ့ အလှအပတရားကို ပြည့်ပြည့်ဝဝ မခံစားနိုင်ကြသူလေးတွေ ရှိပါတယ်။ သူတို့လေးတွေကတော့ ချစ်စရာ သားသားမီးမီးတို့ကို ပိုင်ဆိုင်ထားတဲ့ ဖေဖေမေမေတွေပါ။ ကလေးတွေက ကိုယ်ခံအား ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့် ရာသီ အကူးအပြောင်းမှာ ဖျားနာမှု ဖြစ်လွယ်ကြပါတယ်။ ဒီတော့ မိုးကုန်လို့ ဆောင်းကူးချိန်မှာ အေးမြတဲ့ ဆောင်းတွင်းကို မပျော်ခင်မှာ ခေါင်းထဲကို အရင်ဆုံး ရောက်လာတဲ့ အတွေးက အိမ်က သားသားများ  ဖျားလေမလား! မီးမီးများ ဖျားလေမလား! ဟုတ်။ 

ဒါဆိုရင်တော့ အခုပြောပြမယ် အကြောင်းအရာလေးကို အမြန်ဆုံး ဖတ်ကြည့်ဖို့ လိုနေပါပြီလို့ ပြောချင်ပါတယ်။ ဒီလိုပြောရတာက အခုတစ်ခေါက်မှာ ချစ်ရတဲ့ မေမေ ပရိသတ်တို့အတွက် ဆောင်းတွင်းမှာ သားသားမီးမီး ကိုယ်ခံအား တက်စေဖို့ ဘာတွေ ဂရုစိုက်ပေးဖို့ လိုမလဲ ဆိုတဲ့ အကြောင်းလေးမို့လို့ပါ။ 

ဆောင်းရာသီမှာ ကလေးတွေ ဘာလို့ ဖျားနာလွယ်ကြတာလဲ!

ကလေးတွေက ဆောင်းဝင်ချိန်မှာ အဖျားအနာ များသလို မိုးဦးမှာလည်း ဖျားနာကြပါတယ်။ ဆောင်းမှာကတော့ အေးမြခြောက်သွေ့နေတဲ့ ရာသီဥတု အခြေအနေက အအေးမိဖျားနာ ဖြစ်စေတဲ့ ရောဂါပိုးတွေနဲ့ တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေက လေထုထဲမှာ ပုံမှန်ထက် အရေအတွက်အားဖြင့် ပိုများနေသလို အချိန်အားဖြင့်လည်း ကြာမြင့်စွာ ရှင်သန်နိုင်ကြလို့ပါ။

နောက်တစ်ချက်က အပေါ်မှာ ပြောခဲ့သလိုပဲ သားသားမီးမီးတို့က ကလေးအရွယ်ဖြစ်တာကြောင့် ကိုယ်ခံအားက ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာကြောင့်လည်း ဖျားနာမှုကို ကူးစက်လွယ်ပြီး ဆောင်းရာသီမှာ ပုံမှန်အချိန်တွေထက် ဖျားနာ လွယ်ကြတာပါ။ 

မိဘတိုင်းရဲ့ ရင်ထဲက အကြီးမားဆုံး ဆန္ဒ

သားသားမီးမီးတို့ကို ပိုင်ဆိုင်ထားတဲ့ မိဘတွေမှာ သားသားမီးမီးတို့ နဲ့ပတ်သက်ပြီး ဆန္ဒတွေ အမျိုးမျိုး ရှိကြပေမယ့် မိဘတိုင်းရဲ့ ရင်ထဲမှာ ရှိနေတဲ့ အကြီးမားဆုံး ဆန္ဒကတော့ ကိုယ်ရဲ့ သားသားမီးမီးတွေကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေချင်တာပါ။

သားသားမီးမီးတို့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာခြင်းက မိဘတိုင်းအတွက် တန်ဖိုးဖြတ်မရတဲ့ ပျော်ရွှင်မှု တစ်ခုဆိုလည်း မမှားပါဘူး။ ဒီဆန္ဒလေး ပြည့်ဝစေဖို့ရာမှာ မေမေဖေဖေတို့ဘက်က ဘာတွေကို ဂရုစိုက်ပေးရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

ဆောင်းတွင်းမှာ သားသားမီးမီး ကိုယ်ခံအား တက်စေဖို့  ဘာတွေ ဂရုစိုက်ပေးဖို့ လိုမလဲ

ဆောင်းတွင်းမှာ သားသားမီးမီး ကိုယ်ခံအား တက်စေဖို့  ဘာတွေ ဂရုစိုက်ပေးဖို့ လိုမလဲ ဆိုတော့

  • တစ်ကိုယ်ရေ သန့်ရှင်းရေးကို ဂရုစိုက်ပါ။

သားသားမီးမီးတို့ရဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို သေချာ ဂရုစိုက်မိဖို့ လိုသလို သူတို့ရဲ့ အသုံးအဆောင်တွေကိုလည်း သေချာလေး ပိုးသတ်ပေးတာမျိုး လုပ်ပေးဖို့ လိုပါမယ်။ ကလေးကို မကြာခဏလက်ဆေးပေးဖို့လည်း လိုပါတယ်။

  • ကာကွယ်ဆေးတွေ ပြည့်စုံအောင် ထိုးထားပေးပါ။ 

နောက်ထပ် ဂရုစိုက်ပေးသင့်တာလေးတွေကတော့ ကလေးကို အသက်အရွယ်နဲ့ အလိုက် ကာကွယ်ဆေးလေးတွေ ထိုးနှံပေးတာပါ။ ခုခံအား ကောင်းကောင်း မဖွံ့ဖြိုးသေးတာကြောင့် ရောဂါပိုးမွှား အန္တရာယ်ကို ကာကွယ်ဖို့ ကာကွယ်ဆေးတွေ လိုပါတယ်။ တုပ်ကွေးကာကွယ်ဆေးလည်း ထိုးထားပေးသင့်ပါတယ်။ 

  • ခုခံအားတက်စေမယ့် အမူအကျင့်ကောင်းတွေကို တိုက်တွန်းပါ။

လူကြီးတွေ ခုခံအားတက်အောင်  လေ့ကျင့်ခန်းလုပ်ရသလိုမျိုး ကလေးတွေလည်း လှုပ်လှုပ်ရှားရှားနေဖို့ လိုပါတယ်။ ကလေးတွေမှာ လွတ်လွတ်လပ်လပ် ဆော့ကစားစေတာမျိုးက လေ့ကျင့်ခန်းလုပ်နေသလိုပါပဲ။ 

ဒါ့ပြင် အရွယ်အလိုက် ပြည့်ဝတဲ့ အိပ်စက်ချိန်ရှိတာကလည်း ခုခံအားတက်စေဖို့ အထောက်အကူ ဖြစ်ပါတယ်။ 

  • အာဟာရပြည့်ဝအောင် ကျွေးပါ။

ဆောင်းတွင်းမှာ ခုခံအားတက်ဖို့ဆိုရင် အာဟာရပြည့်ဝအောင်ကျွေးဖို့ကလည်း နည်းလမ်းတစ်ခုပါ။ ကလေးတွေအနေနဲ့ နေ့စဉ်စားသောက်မှုပုံစံမှာ ပါဝင်သင့်တာတွေက

ထမင်း 

မြန်မာနိုင်ငံရဲ့ အဓိက စားစရာဖြစ်တဲ့ ထမင်းက ကလေးတစ်ယောက်ကြီးထွားစေဖို့ရာမှာ မပါမဖြစ် ထည့်သွင်း ပြင်ဆင်ပေးဖို့ လိုမှာပါ။ ထမင်းဆိုတာထက် ကာဘိုဟိုက်ဒရိတ်တစ်မျိုးမျိုးကို ပါအောင် ကျွေးပေးပါ။

ကလေးက ထမင်းမစားဘူးဆိုရင်လည်း ခေါက်ဆွဲ၊ ကြာဆန်၊ အာလူး စသဖြင့် ကာဘိုဟိုက်ဒရိတ် ပါဝင်တာတစ်ခုခု ကျွေးပေးနိုင်ပါတယ်။ 

အသား၊ ငါး

ကလေးတစ်ယောက် ကိုယ်ခံအားကောင်းစေဖို့နဲ့ ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် နေ့စဉ် စားသုံးမှုမှာ ပရိုတင်း ပြည့်ဝလုံလောက်စေဖို့ ကြက်သားကို အရေခွံ မပါဘဲ ပြင်ဆင်ပေးတာမျိုး အဆီမပါတဲ့ အနီရောင်အသားကို ပြင်ဆင်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

ဒါ့ပြင် ရေချိုငါး ဒါမှမဟုတ် ပင်လယ်ငါးတွေကို ကျွေးပေးတာကလည်း ပရိုတင်းအပြင် ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတဲ့ အိုမီဂါသရီးပါ ဖြည့်စွက်ပြီးသား ဖြစ်မှာပါ။ 

အသီးအရွက်နဲ့ သစ်သီးများ 

အမျှင်ဓာတ်နဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ ရောင်စုံ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေကို စားသုံးပေးတာ က အစာခြေစနစ်ကို ကျန်းမာစေပြီး အူနံရံတွေက အာဟာရတွေကို ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေပြီး ကိုယ်ခံအားကို အားဖြည့်ပေးနိုင်မှာပါ။

ပဲအမျိုးမျိုး

ပဲအမျိုးမျိုးက ပရိုတင်းရရှိစေနိုင်တဲ့ အစားအစာ တစ်မျိုးပါ။ အသားမစားတဲ့ ကလေးတွေအတွက်တော့ ပရိုတင်း အရင်းအမြစ်က ပဲအမျိုးမျိုးပါ။ ဒါကြောင့် ကလေးကို ပဲဟင်းချိုလေး ချက်ကျွေးတာ၊ ပဲပြုတ်ထမင်း ဆီဆမ်းလေး တွေ ပြင်ဆင်ပေးတာက နည်းလမ်းကောင်းပါ။ 

ဥအမျိုးမျိုး

ကြက်ဥပေါင်း၊ ငုံးဥပြုတ်တွေက ဗီတာမင် D နဲ့ ပရိုတင်းကို ရရှိစေပြီး သားသားမီးမီးတို့ကို ကိုယ်ခံအား ဖြည့်ပေးနိုင်မှာ ဖြစ်သလို သားသားမီးမီးတို့ကိုလည်း အကြိုက်တွေ့စေမှာပါ။ ဒါကြောင့် ကလေးကို ကိုယ်ခံအား ကောင်းစေချင်ရင် နေ့စဉ် စားသုံးမှုမှာ ဥအမျိုးမျိုး ပါဝင်အောင် ပြင်ဆင်ပေးပါ။

သားသားမီးမီးတို့အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ဖော်မြူလာနို့ 

ကလေးကို ကိုယ်ခံအားကောင်းစေဖို့ဖြစ်ဖြစ် ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ ကလေးတစ်ယောက် ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ ပရိုတင်း၊ ကယ်လ်စီယမ်၊ ဗီတာမင်အေ၊ ဗီတာမင်ဒီ၊ အမျှင်ဓာတ် စတဲ့ အာဟာရဓာတ်တွေ  ပါဝင်နေတဲ့ ဖော်မြူလာနို့ကို ပြင်ဆင်ပေးတာက နည်းလမ်းကောင်းပါ။ အဆိုပါ Growing Up Milk လို့ခေါ်တဲ့ ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့တွေဟာ ကလေးအသက်အရွယ်အလိုက် အာဟာရလိုအပ်ချက်ပေါ်မူတည်ပြီး သိပ္ပံနည်းကျ ဖော်စပ်ထုတ်လုပ်ထားတာကြောင့် ကိုယ့်ကလေးအသက်အလိုက် တိုက်ကျွေးပေးဖို့ အကြံပြုချင်ပါတယ်။

ဒါ့ပြင် အစားအစာတွေကို ပူပူလောလော ချက်ပြုတ်ပြင်ဆင်ပေးတာ၊ လတ်လတ်ဆတ်ဆတ် သန့်သန့်ရှင်းရှင်း ပြင်ဆင်ပေးတာကလည်း ဆောင်းတွင်းမှာ ကလေးတွေ ဖျားနာမှု ကင်းစေဖို့ရော ကလေးကို ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းစေဖို့ပါ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ 

ဆောင်းရာသီကို စိုးရိမ်မှု ကင်းစွာနဲ့ ဖြတ်သန်းဖို့ အသင့်ပဲလား မေမေတို့ရေ ………

# အမှာစကား

ကလေးရဲ့ နေ့စဉ်စားသုံးမှုမှာ ထမင်း၊ အသား၊ ငါး၊ အသီးအရွက်၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ဖော်မြူလာနို့၊ နို့နဲ့နို့ထွက် ပစ္စည်းတွေကို သင့်တင့်မျှတစွာ ပြင်ဆင်ပေးပြီး ကလေးကို တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း ဂရုစိုက်မယ်။ အိပ်ရေးဝဝ အိပ်စေပြီး ကိုယ်လက်လှုပ်ရှားမှုလေးလည်း လုပ်စေမယ်ဆိုရင် ကိုယ်ခံအားကောင်းလို့ ဖျားနာမှုကင်းပြီး ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းစေနိုင်မှာပါ။ 

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

 

10 Winter Safety Tips for Children https://www.savethechildren.org/us/charity-stories/cold-weather-tips Accessed Date 20 September 2023

 

15 Simple Winter Safety Tips for Kids https://health.clevelandclinic.org/parents-know-these-winter-safety-tips/ Accessed Date 20 September 2023

 

Playing Outside in Winter: Tips to Keep Kids Warm & Safe https://www.healthychildren.org/English/safety-prevention/at-play/Pages/Winter-Safety.aspx Accessed Date 20 September 2023

 

Boosting your child’s immune system https://www.health.harvard.edu/blog/boosting-your-childs-immune-system-202110122614 Accessed Date 20 September 2023

 

How To Build Up Your Kid’s Immune System https://www.health.harvard.edu/blog/boosting-your-childs-immune-system-202110122614 Accessed Date 20 September 2023

ယခုပုံစံ

12/10/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသက်နှစ်နှစ်နောက်ပိုင်းမှာ အာဟာရပြည့်ဝစေဖို့ မျှတတဲ့ အစားအစာများနဲ့အတူ ဖော်မြူလာနို့တိုက်စို့

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement