backup og meta

ပူနွေးစိုစွတ်ချိန်မှာ ပြေးလွှားဆော့ကစားကြမယ့် သားသားမီးမီး တို့ကို ဘာတွေ ဂရုစိုက်ပေးရမလဲ

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


25/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ပူနွေးစိုစွတ်ချိန်မှာ ပြေးလွှားဆော့ကစားကြမယ့် သားသားမီးမီး တို့ကို ဘာတွေ ဂရုစိုက်ပေးရမလဲ

ရာသီဥတုကလည်း ပူ၊ လေထုရဲ့ စိုထိုင်းဆကလည်း များနေတဲ့အချိန်ကို hot and humid condition ပူနွေးစိုစွတ်တဲ့ အခြေအနေလို့ ခေါ်ပါတယ်။ ဘယ်ရာသီပဲဖြစ်ဖြစ်  ကလေးရဲ့ သဘာဝကတော့ ဆော့ကြမှာပါပဲ။ မိဘတွေကတော့ ကလေးတွေကို အန္တရာယ်ကင်းအောင် ဂရုစိုက်ပေးဖို့ပါ။ ဒါကြောင့် ပူနွေးစိုစွတ်ချိန်မှာ ပြေးလွှားဆော့ကစားကြမယ့် သားသားမီးမီး တို့ကို ဘာတွေ ဂရုစိုက်ပေးရမလဲ ဆိုတာကို သိထားသင့်ပါတယ်။

ပူနွေးစိုစွတ်ချိန်က သာမန်ပူတဲ့အချိန်ထက် ပိုပြီးအန္တရာယ်များပါတယ်။

ဘာကြောင့်လဲဆိုတော့ စိုထိုင်းဆများနေတာက အဓိက ပြဿနာပါ။ ခန္ဓာကိုယ်မှာ အပူသက်သာစေဖို့ အကောင်းဆုံးနည်းလမ်းက ချွေးထွက်ဖို့ရယ် ဒီချွေးက အငွေ့ပျံဖို့ရယ်ပါ။ ပူတဲ့အတွက် ချွေးတော့ ထွက်ပါရဲ့။ စိုထိုင်းဆများနေတာကြောင့် ချွေးက အငွေ့မပျံတဲ့အတွက် ခန္ဓာကိုယ်က အေးသင့်သလောက် မအေးပါဘူး။

ဒါကြောင့် ခန္ဓာကိုယ်မှာ အပူချိန်တွေ မြင့်တက်နေပါလိမ့်မယ်။ အထူးသဖြင့် အပူချိန်ကို ကောင်းကောင်း မထိန်းသိမ်းနိုင်သေးတဲ့၊ ပူတဲ့ဒဏ်ကို ပိုခံရတဲ့ ကလေးတွေမှာ ကျန်းမာရေးအန္တရာယ်ပိုဖြစ်နိုင်တယ်ဆိုတာကို သတိထားသင့်ပါတယ်။

ပူနွေးစိုစွတ်ချိန်မှာ ပြေးလွှားဆော့ကစားကြမယ့် သားသားမီးမီး တို့ကို ဘာတွေ ဂရုစိုက်ပေးရမလဲ

ပူနွေးစိုစွတ်တာကြောင့် ချွေးထွက်ရင်တောင် ချွေးက ကောင်းကောင်း အငွေ့မပျံတာကြောင့် အပူချိန်တက်နေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ပြင်ပကနေ ခန္ဓာကိုယ်အေးအောင် ကူညီပေးရမှာပါ။

  • ကလေးတွေကို အရည်များများတိုက်ပါ။

ရေ၊ ဓာတ်ဆားရည်၊ အုန်းရည်၊ သစ်သီးဖျော်ရည် စသဖြင့် ခပ်အေးအေး အရည်တွေကို မကြာခဏ တိုက်ဖို့ လိုပါတယ်။ ချွေးထွက်လေလေ အရည်တွေ များများတိုက်ပေးဖို့ လိုလေလေပါ။

  • ရေချိုးပေးပါ။
  • ခန္ဓာကိုယ်အေးအောင် အပြင်ကနေ လုပ်ပေးနိုင်တဲ့ နောက်ထပ် နည်းလမ်းက ရေချိုးပေးတာပါ။ ရာသီဥတု‌ပေါ် မူတည်ပြီး ရေ ၂ကြိမ်လောက် ချိုးပေးပါ။ ကလေးက ရေချိုးရတာ မကြိုက်ရင် ရေစိုဝတ်နဲ့ ရေပတ်ရွှဲရွှဲ သုတ်ပေးပါ။ ပြီးရင် အဝတ်အစားတွေ လဲပြီး ပွပွချောင်ချောင် ချည်သားတွေ ဝတ်ပေးပါ။

    • အေးတဲ့နေရာမှာ ထားပါ။

    နေပူတဲ့အချိန်ဆို ကလေးတွေကို အပြင်မှာ ပေးမဆော့ဘဲ အိမ်ထဲမှာပဲ ထားပါ။ အိမ်ထဲမှာဆိုရင်လည်း နေရောင်မကျတဲ့နေရာမှာ ထားပါ။ ပန်ကာ၊ အဲကွန်း ဖွင့်ထားပါ။

    • ပူလွန်းတဲ့အချိန်မှာ ပေးမဆော့ပါနဲ့။

    လူကြီးတွေကို ပူလွန်းတဲ့အချိန်မှာ လေ့ကျင့်ခန်း မလုပ်ခိုင်းသလိုပဲ ကလေးတွေလည်း ပူလွန်းတဲ့အချိန်မှာ ချွေးထွက်များတဲ့ ကစားနည်းတွေ ပေးမဆော့သင့်ပါဘူး။ မနက် ၉နာရီနဲ့ ညနေ ၃-၄ကြားဆို က‌လေးကို အိမ်ထဲမှာပဲထားပါ။ ပူလွန်းတဲ့အချိန် ပြေးပြေးလွှားလွှား ဆော့တဲ့အခါ ခန္ဓာကိုယ်အပူချိန် တက်ပါတယ်။

    ခန္ဓာကိုယ်အပူချိန်တက်လို့ ချွေးထွက်ပေမယ့် ချွေးက အငွေ့မပျံတဲ့အခါ ကိုယ်ထဲမှာ အပူတွေ အောင်းနေပြီး ကလေးအတွက် အန္တရာယ်များပါတယ်။ ဒါကြောင့် ပူလွန်းတဲ့အချိန်ဆို ကလေးကို ပေးမဆော့တာ ကောင်းပါတယ်။

    • အန္တရာယ်ကင်းတဲ့ နည်းတွေနဲ့ ပေးဆော့ပါ။

    အပြင်ထွက်ပြီး မဆော့ရဘူး။ ချွေးထွက်များတဲ့ ကစားနည်းတွေ မဆော့ရဘူးဆိုရင် ကလေးတွေက အိမ်ထဲမှာပဲ ဆော့မှာပါ။ အဲ့ဒီမှာလည်း နောက်ထပ် သတိထားစရာတစ်ခုရှိပါတယ်။ ဒါကတော့ ကားထဲမှာ ပိတ်မိတာပါ။

    ကလေးတွေ အချင်းချင်း ဆော့တဲ့အခါ ကားထဲမှာ ဝင်ပုန်းတာ ဒါမှမဟုတ် မတော်တဆ ကားထဲမှာ ပိတ်မိနေတာတွေ ဖြစ်တတ်ပါတယ်။ နွေရာသီမှာ ကလေးတွေ ကားထဲမှာ ပိတ်မိတာက အသက်အန္တရာယ်ရှိပါတယ်။

    ၁၀မိနစ်အတွင်းမှာတင် အပူချိန်က ၂၀ဒီဂရီလောက်ထိ တက်လာနိုင်တဲ့အတွက် ကလေးတွေ ကားထဲမှာ အပူလျှပ်ပြီး သေဆုံးတတ်ပါတယ်။ ဒါကြောင့် ကားအပါအဝင် အလုံပိတ်နေရာတွေမှာ ဝင်မဆော့ဖို့ ကလေးတွေကို သတိပေးထားပါ။ ကိုယ်တိုင်ကလည်း ကားသော့တွေ၊ အခန်းသော့တွေကို လုံအောင် သိမ်းပါ။

    ကလေးတွေမှာ ဖြစ်တတ်တဲ့ အပူဆိုင်ရာ အရေး‌ပေါ် လက္ခဏာများ

    ကလေးတွေရဲ့ ခန္ဓာကိုယ်က အပူချိန်ကို ကောင်းကောင်းမတုံ့ပြန်နိုင်တာကြောင့် အပူဒဏ်ကို ပိုခံရသလို ဖြစ်လာရင်လည်း အန္တရာယ်များပါတယ်။ ဒါကြောင့် ပူနွေးစိုစွတ်တဲ့ ရာသီမှာ မိဘတွေအနေနဲ့ ဒီလက္ခဏာတွေကို သတိထာားစောင့်ကြည့်သင့်ပါတယ်။

    • ခန္ဓာကိုယ်အပူချိန် ရုတ်တရက် တက်လာရင် (ဖျားတာနဲ့ မှားတတ်ပါတယ်။ ဖျားနေတယ်ထင်ပြီး ပါရာစီတမောတွေ မတိုက်ပါနဲ့ဦး။ အထူးသဖြင့် အပူချိန် ၁၀၀ကျော်ရင် အပူလျှပ်တာကို သတိရပါ။)
    • ကလေးက ခြေဖျားလက်ဖျားတွေ အေးစက်နေရင်
    • ကလေးအသားတွေ ပူခြစ်နေရင်
    • ချွေးထွက်များနေရင်
    • ကလေးကြည့်ရတာ နုံးနေရင်
    • ရေခဏခဏ တောင်းသောက်တာ၊ ဆီးရောင်တွေ ရင့်နေတာ တွေ့ရင်
    • ဂျီတိုက်နေရင်
    • ပျို့အန်ရင် သတိထားပါ။

    အပူနဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို ခေါ်သွားဖို့ လိုပါတယ်။

    အကြံပေးချက်

    ကလေးတွေက ဘယ်ရာသီမှာပဲဖြစ်ဖြစ် ပြေးလွှားဆော့ကစားချင်ကြပေမယ့် ပူနွေးစိုစွတ်တဲ့ ရာသီဆို သတိထားပါ။ ခန္ဓာကိုယ်က အေးအောင် လုပ်ဖို့ခက်တာကြောင့် အပူနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ပိုဖြစ်တတ်ပါတယ်။ အန္တရာယ်ရှိတဲ့ လက္ခဏာတွေကို သိထားပြီး သတိထားစောင့်ကြည့်ဖို့၊ အချိန်မီ ကုသမှုခံယူဖို့လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    25/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement