backup og meta

သားသားမီးမီးတို့ကို စိတ်ဓာတ်ကြံ့ခိုင်သူလေးတွေ ဖြစ်စေဖို့ ဘယ်လို ပျိုးထောင်ပေးမလဲ!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 01/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားသားမီးမီးတို့ကို စိတ်ဓာတ်ကြံ့ခိုင်သူလေးတွေ ဖြစ်စေဖို့ ဘယ်လို ပျိုးထောင်ပေးမလဲ!

    သားသားမီးမီးတို့ကို ထူးချွန်ထက်မြက်စေချင်ကြတာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ဒီလို ထူးချွန်ထက်မြက်စေချင်တယ်ဆိုတဲ့ဆန္ဒလေးမှာ အတူကပ်ပြီး ပါလာတတ်တာလေး တစ်ခုက သားသားမီးမီးတို့ကို စိတ်ဓာတ် ကြံ့ခိုင်ပြီး လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းမွန်စေချင် ကြတာပါ။ တစ်ယောက်တည်း မွေးထားတဲ့ သားသားမီးမီးတို့ရဲ့ မိဘတွေဆို ဒီအချက်လေးကို ပိုဂရုစိုက်ကြပါတယ်။  တစ်ယောက်တည်း မွေးထားတဲ့ ကလေးက စိတ်အားငယ်တတ်တယ်ဆိုရင် မေမေဖေဖေတို့အတွက် အတော်လေး ရင်မအေးစရာ ဖြစ်ပြီပေါ့။ ဒီလိုဆိုတော့ ကလေးကို စိတ်ဓာတ်ကြံ့ခိုင်သူလေးဖြစ်အောင် သင်ကြားပေးလို့ရမလား! သားသားမီးမီးတို့ကို စိတ်ဓာတ်ကြံ့ခိုင်သူလေးတွေ ဖြစ်စေဖို့ ဘယ်လို ပျိုးထောင်ပေးမလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

     လူကြီးတွေ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတဲ့ အချက်တစ်ခု

    ဖေဖေမေမေတို့ အမှတ်မှားနေတာ ဖြစ်နိုင်သလို အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတဲ့ အချက်လေး တစ်ခု ရှိနေနိုင်ပါတယ်။ ဒါကတော့ လူကြီးတွေမှာမှ စိတ်ဖိစီးမှု ရှိတယ် ကလေးတွေမှာ မရှိဘူးလို့ပေါ့။ တကယ်ကတော့ ဒီလို မဟုတ်ပါဘူး။ စိတ်ဖိစီးမှုက ကလေးတွေမှာလည်း ရှိနိုင်ပါတယ်။

    အပူအပင်ကင်းတဲ့ ကလေးဘဝဆိုတာက သီချင်းတွေထဲမှာပဲ ရှိတာပါ။ ကလေးတွေမှာလည်း သူ့အတိုင်းအတာနဲ့သူ စိတ်ဖိစီးစရာ ရှိနေတတ်ပါတယ်။ အထူးသဖြင့် ကျောင်းနေအရွယ် ကလေးတွေမှာပါ။ ကျောင်းစာတွေလုပ်ရတာ၊ သူငယ်ချင်းတွေနဲ့ နေ့စဉ် ထိတွေ့နေရတာတွေကြောင့် စိတ်ဖိစီးတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ 

    ဒီလို စိတ်ဖိစီးမှုတွေက လိုတာထက် ပိုများလာချိန်မှာ ဘဝအတွေ့အကြုံကို သင်ယူနေရတဲ့ ကလေးရဲ့ စိတ်ဓာတ် ကြံ့ခိုင်မှုကို ထိခိုက်တာမျိုး ဖြစ်စေနိုင်တာကြောင့် ဒီကာလမှာ ကလေးကို စိတ်ဓာတ်ကြံ့ခိုင်စေဖို့ ပျိုးထောင်ပေးဖို့ လိုပါမယ်။

    သားသားမီးမီးတို့ကို စိတ်ဓာတ်ကြံ့ခိုင်သူလေးတွေ ဖြစ်စေဖို့ ဘယ်လို ပျိုးထောင်ပေးမလဲ!

    သားသားမီးမီးတို့ကို စိတ်ဓာတ်ကြံ့ခိုင်သူလေးတွေ ဖြစ်စေဖို့ ဘယ်လို ပျိုးထောင်ပေးမလဲ! ဆိုတော့ အပိုင်း (၂) ပိုင်း ခွဲပြီး ပြောပြပေးချင် ပါတယ်။ ဒါကတော့ 

    • စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုနဲ့ 
    • ရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်မှုပါ။

    စိတ်ပိုင်းဆိုင်ရာ ဂရုစိုက်မှု

    စိတ်ပိုင်းဆိုင်ရာကို အရင်ပြောပြပေးမယ်နော်။ သားသားမီးမီးတို့ကို စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေဖို့ ဆိုရင်တော့ – 

    ကိုယ်တိုင်က စံပြ ဖြစ်အောင် နေပါ

    သားသားမီးမီးတို့ရဲ့ စံပြနမူနာ ယူစရာက မေမေဖေဖေတို့ပါ။ ဒါကြောင့် ကလေးကို စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေချင်တယ်ဆိုရင်တော့ ကိုယ်တိုင်ကလည်း စိတ်ဓာတ် ကြံ့ခိုင်သူ ဖြစ်အောင် နေဖြစ်ဖို့ လိုပါမယ်။ 

    စိန်ခေါ်မှုတွေကို အခွင့်အရေးလို့ မြင်တတ်အောင် သင်ပေးပါ

    ဘဝမှာ အခက်အခဲဆိုတာက လူတိုင်း ကြုံဖူးကြမှာပါ။ ဒီလို အခက်အခဲ ကြုံလာတဲ့အခါ စိတ်ပျက်စရာလို့ မမြင်ဘဲ အခွင့်အရေးလို့ မြင်တတ်အောင် ငယ်စဉ်ကတည်းက အလေ့အကျင့် လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက ကလေးကို စိတ်ဓာတ်ကြံ့ခိုင်စေဖို့ အထောက်အကူ ဖြစ်စေမှာပါ။

    ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ရှိအောင် မွေးမြူပေးပါ

    စိတ်ဓာတ် ကြံ့ခိုင်စေဖို့ အရေးအကြီးဆုံး အချက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် ရှိအောင် မွေးမြူပေးတာပါ။ ကလေးက ငယ်စဉ်ကတည်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိမှပဲ စိတ်ဓာတ်ကြံ့ခိုင်သူလေး ဖြစ်တော့မှာပေါ့။

    စိတ်အားထက်သန်တတ်သူလေး ဖြစ်အောင် လေ့ကျင့်ပေးပါ

    ကလေးကို စိတ်အားထက်သန်တတ်အောင် သင်ကြားပေးထားတာကလည်း ကလေးကို စိတ်ဓာတ်ကြံ့ခိုင်စေမယ့် နည်းလမ်းပါပဲ။ ကလေးကို တစ်ခုခုကို လုပ်ဆောင်တဲ့အခါ ပြီးဆုံးအောင် လုပ်တတ်ဖို့ ငယ်စဉ်ကတည်းက သင်ကြားပေးထားပါ။ ဒီအလေ့အကျင့်ကလည်း ကလေးကို စိတ်ဓာတ်ကြံ့ခိုင်သူအဖြစ် ကြီးပြင်းလာစေမှာပါ။ 

    စိတ်ခံစားမှုကို ထိန်းချုပ်တတ်အောင် သင်ပေးပါ

    စိတ်ခံစားမှုတွေကို ထိန်းချုပ်တတ်ဖို့က ကလေးတစ်ယောက်အတွက် ခက်ခဲနိုင်ပါတယ်။ ခံစားချက်တွေကို ထိန်းချုပ်ထားတယ်ဆိုတာ မျိုသိပ်ထားခိုင်းတာ မဟုတ်ပါဘူး။ ဒေါသထွက်တဲ့အခါ၊ ဝမ်းနည်းတဲ့အခါ ဘယ်လိုမျိုး နည်းလမ်းမှန်မှန်နဲ့ ဖွင့်ထုတ်ရမလဲဆိုတာကို သင်ပေးတာ ဖြစ်ပါတယ်။

     ဥပမာ –  ကလေးက စိတ်ကြီးတယ်။ တစ်ခုခုဆို ပစ္စည်းတွေကို ကိုင်ပေါက်တယ်ဆိုတာ သူ့ရဲ့ ဒေါသဖြစ်တဲ့ ခံစားချက်ကို မဖော်ပြတတ်လို့ပါ။ စိတ်မကျေနပ်ရှိတဲ့အခါ ဒေါသထွက်လို့ ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်နဲ့ သူများကို မထိခိုက်အောင် ဒေါသကို ဘယ်လိုဖော်ပြမလဲဆိုတာကို သင်ပေးတာမျိုးပါ။ 

    ရုပ်ပိုင်းဆိုင်ရာ ဂရုစိုက်မှု

    ကလေးကို အပေါ်မှာ ပြောခဲ့သလို စိတ်ပိုင်းဆိုင်ရာအရ ကြံ့ခိုင်အောင် သင်ကြားပေးပြီးပြီ ဆိုရင်လည်း ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်စေဖို့အတွက် အာဟာရလေးကို သေချာလေး ပြည့်ဝအောင် ဖြည့်ဆည်းပေးဖို့ လိုပါမယ်။ 

    ကလေးကို အာဟာရ ပြည့်ဝစေဖို့အတွက် ​ငယ်စဉ်ကတည်းက အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဒီတော့ ကလေးကို နေ့စဉ် စားသုံးမှုမှာ – 

    • ပရိုတင်း

    ပရိုတင်းက ကိုယ်ခံအားကောင်းစေဖို့ အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့အပြင် ဦးနှောက်နဲ့ အာရုံကြောတွေ ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ပရိုတင်း ပြည့်ဝစေဖို့ အရေခွံ မပါတဲ့ ကြက်သား၊ အဆီမပါတဲ့ အနီရောင်အသား၊ ပဲအမျိုးမျိုး၊ ဥအမျိုးမျိုး စတာတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။

    • အမျှင်ဓာတ်

    အစာခြေစနစ် ကျန်းမာပြီး သားသားမီးမီးတို့ ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် လုံလောက်တဲ့ အာဟာရဓာတ်တွေကို စုပ်ယူနိုင်စေဖို့အတွက် အမျှင်ဓာတ် ပြည့်ဝဖို့က အရေးကြီးပါတယ်။ အမျှင်ဓာတ် ပြည့်ဝစေဖို့ – အစိမ်းရောင် အသီးအရွက်တွေ၊ ပဲအမျိုးမျိုးကို ပြင်ဆင်ပေးလို့ ရသလို ကလေးက အသီးအရွက်တွေ ပဲတွေကို မကြိုက်ဘူးဆိုရင် သားသားမီးမီးတို့ လိုအပ်တဲ့ အာဟာရတွေနဲ့ အမျှင်ဓာတ်တို့ ပါဝင်နေတဲ့ Growing Up Milk လို့ခေါ်တဲ့ ဖွံ့ဖြိုးစကလေးဖော်စပ်စာ ဖော်မြူလာနို့ကို ကိုယ့်ကလေးအသက်အလိုက် တိုက်ကျွေးပေးလို့ ရပါတယ်။

    • ကယ်လ်ဆီယမ်

    အရိုးနဲ့ သွားတွေ ကြံ့ခိုင်စေဖို့ ကယ်လ်ဆီယမ် ပြည့်ဝဖို့လည်း လိုပါမယ်။ ဒီတော့ ကလေးကို ကယ်လ်ဆီယမ် ပြည့်ဝစေဖို့ – နို့နဲ့ နို့ထွက်ပစ္စည်းတွေကို၊ အသီးအရွက်တွေကို ပြင်ဆင်ပေးဖို့ ရသလို ဖော်မြူလာနို့ကို ပြင်ဆင်ပေးတာကလည်း နည်းလမ်းကောင်းပါ။

    • ဗီတာမင် A

    ဗီတာမင် A က သားသားမီးမီးတို့ရဲ့ အမြင်အာရုံ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို ဦးနှောက်နဲ့ အာရုံကြော ကျန်းမာစေဖို့၊ အသားအရေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။ ဒီတော့ သားသားမီးမီး ဗီတာမင် A ပြည့်ပြည့်ဝဝ ရစေဖို့ – မုန်လာဥနီ၊ ကန်စွန်းဥ၊ အစိမ်းရောင် အသီးအရွက် စတာတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။

    • ဗီတာမင် C

    ကိုယ်ခံအား ကောင်းစေဖို့၊ အသားအရေ ကျန်းမာစေဖို့၊ သံဓာတ်ပြည့်ဝပြီး သင်ယူလေ့လာနိုင်စွမ်း ကောင်းစေဖို့ ဗီတာမင် C က မေ့ထားလို့ မရပါဘူး။ ကလေးကို ဗီတာမင် C ပြည့်ဝစေဖို့ – ကီဝီသီး၊ လိမ္မော်သီး၊ ပန်းသီး၊ စပျစ်သီး စတာလေးတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။

    • ဗီတာမင် D

    စိတ်ဖိစီးမှုကင်းစေပြီး ရုပ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာစေဖို့ ဗီတာမင် D ကို ပြည့်ဝစွာ ရရှိဖို့ လိုပါမယ်။ ဒီတော့ ကလေးကို ဗီတာမင် D ပြည့်ဝစေဖို့  – နေရောင်နဲ့ ထိတွေ့စေလို့ ရသလို ဖော်မြူလာနို့ ပြင်ဆင်ပေးတာ၊ ဥအနှစ်တွေ ပြင်ဆင်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ 

    • ဖောလစ်အက်ဆစ်

    ဖောလစ်အက်ဆစ်က ဦးနှောက်နဲ့ အာရုံကြောတွေကို ကောင်းစွာ ဖွံ့ဖြိုးစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒီတော့ ကလေးကို ကောင်းစွာ ဖွံ့ဖြိုးစေဖို့အတွက် နေ့စဉ် စားသုံးမှုမှာ ဖောလစ်အက်ဆစ် ကြွယ်ဝတဲ့ –  အစေ့အဆန်တွေ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျို စတာတွေကို ပြင်ဆင်ပေးလို့ ရပါတယ်။

    ကလေးကို စိတ်ပိုင်းဆိုင်ရာကိုလည်း ဂရုစိုက်ပေးမယ် ရုပ်ပိုင်းဆိုင်ရာ အာဟာရ လိုအပ်ချက်ကိုလည်း ပြည့်ပြည့်ဝဝ ဖြည့်ပေးမယ်ဆိုရင် သားသားမီးမီးတို့က စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်း အရွယ်ရောက်လာမှာပါ။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 01/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement