backup og meta

ဖော်မြူလာနို့ သောက်တဲ့ကလေးက ဝမ်းပိုချုပ်တတ်သလား

ဖော်မြူလာနို့ သောက်တဲ့ကလေးက ဝမ်းပိုချုပ်တတ်သလား

တော်တော်များများမှာ ကြားလာရတာက ကလေးက ဝမ်းချုပ်တယ်။ ဒါက ဖော်မြူလာနို့တွေ သောက်လို့ ထင်တယ် ဆိုတာမျိုးပါ။ တကယ်ရော ဟုတ်ရဲ့လား ဆိုတာကို ဒီဆောင်းပါးလေးကနေ ဆွေးနွေးသွားပေးမှာပါ။ ကဲ ….. ဖေဖေမေမေတို့ရေ ဖော်မြူလာနို့ သောက်တဲ့ကလေးက ဝမ်းပိုချုပ်တတ်သလား ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။

ဝမ်းချုပ်တာက ကလေးတွေမှာ အဖြစ်များလား

ဝမ်းချုပ်တာက ကလေးတွေမှာ အသက်အရွယ် မရွေးဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာပါ။ ကလေး တစ်ယောက်မှာ ပုံမှန်ထက် ဝမ်းသွားတာ နည်းတာ၊ ဝမ်းသွားရ ခက်တာမျိုးတွေကို ဝမ်းချုပ်တယ်လို့ ခေါ်ပါတယ်။ 

အသက်၂နှစ်အထက် ကလေးတွေမှာကျ ဝမ်းချုပ်တာက ကျန်းမာရေး အကြောင်းရင်းခံ တစ်ခုခုကြောင့် ဖြစ်သလို အနေအထိုင် အစားအသောက် ပြောင်းလဲတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ အနေအထိုင် အစားအသောက်ကြောင့် ကလေးက ဝမ်းချုပ်ရတာပါ။

ကလေးမှာ ဝမ်းချုပ်နေလားဆိုတာကို ဘယ်လို သိနိုင်မလဲ

ကလေးမှာ ဝမ်းချုပ်နေပြီဆိုရင်တော့ အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

  • တစ်ပတ်ကို ၂ ကြိမ်ထက် နည်းတဲ့ ဝမ်းသွားတာမျိုး
  • ဝမ်းကျန်နေသလို ခံစားရတာ
  • ဝမ်းသွားရင် နာကျင်တာ
  • ဝမ်းသွားရ ခက်နေတာမျိုးတွေပါ။

ဖော်မြူလာနို့ သောက်တဲ့ကလေးက ဝမ်းပိုချုပ်တတ်သလား

ဖော်မြူလာနို့သောက်တဲ့ကလေးက ဝမ်းပိုချုပ်တတ်သလား ဆိုတော့ ကလေးတွေ ဝမ်းချုပ်တိုင်း ဖော်မြူလာနို့ သောက်တာကြောင့်ရယ်လို့ တထစ်ချပြောလို့ မရပါဘူး။ ကလေးတွေကို ဝမ်းချုပ်စေနိုင်တဲ့ တခြား အကြောင်းအရင်းတွေလည်း အများကြီး ရှိနေပါသေးတယ်။ ဥပမာ ပြောရရင်

  • Potty training အိမ်သာသုံးတတ်အောင် လေ့ကျင့်ပေးတဲ့ အချိန်ဖြစ်တာ 

ကလေးတွေက အသက်လေး ၂ နှစ်လောက် ကျော်လာပြီဆိုရင်တော့ မေမေတို့က သေးခံသုံးတာထက် ကျောင်းလည်း ပို့ရတော့မယ်ဆိုတော့ ကလေးကို ရေအိမ်သုံးတတ်အောင် သင်ကြားပေးတာကို စလုပ်ကြပါတော့တယ်။

ကလေးက စစချင်းဆို အကျင့်မဖြစ်သေးတာကြောင့် ဝမ်းချုပ်တတ်ပါတယ်။ အိမ်မှာဆို မသိသာပေမဲ့ သူစိမ်းနေရာလိုမျိုး မူကြိုကျောင်းကို သွားတဲ့အခါ ပိုသိသာပါတယ်။ ကလေးက ဝမ်းသွားချင်တဲ့အခါ ရေအိမ်ကို သွားမှ အဆင်ပြေမှာ ဖြစ်တာကြောင့် ရေအိမ်ကို မသွားချင်တဲ့အခါ အောင့်ထားလိုက်တာမျိုးကလည်း ကလေးကို ဝမ်းချုပ်စေပါတယ်။ 

  • အသင့်စားအစားအစာတွေ အစားများတာ

ကလေးက အစားကို တော်တော်လေး စားတတ်တဲ့ အရွယ်ရောက်လာပြီဆိုတော့ ကလေးက ပုံမှန် မေမေပြင်ပေးတဲ့ အစားအစာတွေ အပြင် အပြင်စာတွေကိုပါ ကြိုက်လာကြပါပြီ။ ကြက်အူချောင်း၊ ဝက်အူချောင်းတွေ အပြင် ကြက်ကြော် အာလူးချောင်းကြော်တွေလိုမျိုး အမျှင်ဓာတ်နဲ့ အာဟာရ တန်ဖိုး နည်းတဲ့ အစားအစာတွေကို စားသုံးမှုတွေကြောင့်လည်း ကလေးတွေမှာ ဝမ်းချုပ်တာကို ခံစားကြရတာပါ။

  • အစားချေးများတာ 

ဒီအရွယ်ကလေးတွေက အစားချေးများတဲ့ အရွယ်တွေပါ။ အထူးသဖြင့် အသီးအရွက်နဲ့ အမျှင်ဓာတ် အစားနည်းကြပါတယ်။

နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ် ကြွယ်ဝတဲ့ အသီးအရွက်တွေကို အစားနည်းလာပြီး အဆီများတဲ့ အစားအစာတွေကို အစားများတာ၊ အသင့်စား အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေကို အစားများတာ၊ ရေသောက်နည်းပြီး အချိုရည်တွေ၊ ကဖင်းပါတဲ့ သောက်စရာတွေကို သောက်သုံးတာကလည်း ကလေးကို ဝမ်းချုပ်စေနိုင်ပါတယ်။ 

ဒါကြောင့် ဖော်မြူလာနို့သောက်လို့ ကလေး ဝမ်းချုပ်တယ်လို့ ယတိပြတ်ပြောဖို့ ခက်ပါတယ်။ ကိုယ့်ကလေးမှာ ဒီလိုနေထိုင်စားသောက်ပုံတွေ ရှိနေရင်လည်း ဝမ်းချုပ်တာ ဖြစ်နိုင်ပါတယ်။ 

သားသားမီးမီးတို့ ဝမ်းချုပ်တာကို ဘယ်လို ဖြေရှင်းကြမလဲ!  

ဝမ်းချုပ်တာက ဖြေရှင်းလို့ရတဲ့  ကျန်းမာရေးပြဿနာပါ။ ဒီတော့ သားသားမီးမီးတွေမှာ ဝမ်းချုပ်တာမျိုး ဖြစ်လာပြီဆိုရင်တော့ မေမေတို့အနေနဲ့ ဒီနည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရပါတယ်။ 

  • ကလေးကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ရေအိမ်သုံးတတ်အောင် သင်ပေးပါ

ကလေးကို နည်းစနစ် မှန်မှန်နဲ့ ရေအိမ် အသုံးပြုတတ်အောင် သင်ပေးတာက ကလေးကို ဝမ်းချုပ်တာက သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။ ကလေးကို ရေအိမ် သုံးတတ်အောင် သင်ပေးတဲ့အခါ အတင်းအကျပ် သင်ပေးတာမျိုး မလုပ်ဘဲ ကလေးကို အဆင်အပြေဆုံး ဖြစ်စေမယ့် နည်းလမ်းလေးတွေနဲ့ ဖြည်းဖြည်းချင်း သင်ပေးတာမျိုးက ကလေးကို ဝမ်းချုပ်မှုကင်းစေပြီး ကောင်းမွန်တဲ့ ရေအိမ်သုံးတဲ့ အလေ့အထကိုလည်း သင်ကြားပြီးသား ဖြစ်မှာပါ။

  • နေ့စဉ်စားသုံးမှုကို ဂရုစိုက်ပေးပါ

ကလေးရဲ့ နေ့စဉ်စားသုံးမှုက ကလေးရဲ့ အစာခြေစနစ်အပေါ် အများကြီး သက်ရောက်မှု ရှိနေပါတယ်။ ဒါကြောင့် ကလေးကို အစားအစာ ပြင်ဆင်ပေးတဲ့အခါ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေနဲ့ ပေါင်မုန့်ညိုစတာတွေကို ပြင်ဆင်ပေးဖို့ လိုပါမယ်။

ကလေးကို လုံလောက်တဲ့ အရည်ပမာဏ သောက်သုံးမိစေဖို့လည်း ဂရုစိုက်ပေးဖို့ လိုပါမယ်။ အမျှင်ဓာတ်နဲ့ အာဟာရပါဝင်မှုနည်းတဲ့ အသင့်စား အပြင်စာတွေကို လျှော့ကျွေးပါ။ ဒီလို ပြင်ဆင်ပေးတာက ကလေးကို အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းချုပ်မှု ကင်းစေမှာပါ။ 

  • ဖော်မြူလာနို့ သေချာရွေးပေးပါ

ကလေးက ဝမ်းချုပ်တတ်တယ်ဆိုရင်တော့ ကလေးကို ဖော်မြူလာနို့ကို သေချာလေး ရွေးချယ်ပေးဖို့ လိုပါမယ်။ အထူးသဖြင့် ကလေးကို ဖော်မြူလာနို့ တိုက်မယ်ဆိုရင် အစာခြေစနစ်အတွက် အကျိုးပြုတဲ့ အာဟာရဓာတ်တွေ ဖြစ်တဲ့ Inulin လိုမျိုး prebiotic fiber နဲ့ lcFOS လို့ခေါ်တဲ့ အကျိုးပြု ဘက်တီးရီးယား အာဟာရ ပါဝင်တာမျိုးကို ရွေးချယ်ပေးပါ။ ဒီလို အာဟာရဓာတ်တွေ ပါဝင်နေတာက အစာခြေစနစ်ကို ကျန်းမာစေပြီး ကလေးကို ဝမ်းချုပ်တာအပြင် အမျိုးမျိုးသော အစာခြေစနစ် ပြဿနာတွေကနေ ကင်းဝေးစေမှာပါ။

အခုလောက်ဆိုရင်တော့ ကလေးမှာ ဝမ်းချုပ်ရတာက ဖော်မြူလာနို့ကြောင့်လား။ ဘာကြောင့် ဖြစ်ရတာလဲဆိုတာကို သိသွားလောက်ပြီ ဖြစ်သလို ကလေးမှာ ဝမ်းချုပ်မှု ကင်းစေဖို့ ဘယ်လိုလေးတွေ ဂရုစိုက်ရမလဲဆိုတာကိုလည်း မေမေတို့အနေနဲ့ သိလောက်ပြီ ထင်ပါတယ်။ ဒါကြောင့် ကလေးရဲ့ အနေအထိုင် အစားအသောက်ကို သေချာလေး ဂရုစိုက်ပေးလို့ ဝမ်းချုပ်တာ အပါအဝင် အစာခြေစနစ် ပြဿနာ ကင်းအောင် ဂရုစိုက်လိုက်ပါ။ 

တကယ်လို့ ဒီနည်လမ်းလေးတွေနဲ့ လုပ်ဆောင်ကြည့်ပေမယ့် ကလေးက ဝမ်းချုပ်တာ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးဖို့ကိုလည်း အကြံပြုချင်ပါတယ်။ 

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

 

How Can I Help Relieve Constipation for My Baby and Toddler? https://www.happyfamilyorganics.com/learning-center/article/constipation-in-older-babies-and-toddlers/ Accessed Date 26 June 2023

 

Formula Feeding https://mumsandbabies.com.au/being-a-mum/formula-feeding/ Accessed Date 26 June 2023

 

Constipation Treatment for Infants and Children https://hsc.unm.edu/medicine/departments/pediatrics/divisions/continuum-of-care/pdf/constipation-treatment-infants-children.pdf Accessed Date 26 June 2023

 

Constipation https://raisingchildren.net.au/babies/health-daily-care/poos-wees-nappies/constipation Accessed Date 26 June 2023

 

Patient education: Constipation in infants and children (Beyond the Basics) https://www.uptodate.com/contents/constipation-in-infants-and-children-beyond-the-basics/print Accessed Date 26 June 2023

ယခုပုံစံ

03/07/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသက်နှစ်နှစ်နောက်ပိုင်းမှာ အာဟာရပြည့်ဝစေဖို့ မျှတတဲ့ အစားအစာများနဲ့အတူ ဖော်မြူလာနို့တိုက်စို့

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement