backup og meta

သားသားမီးမီးတို့နဲ့ အသည်းရောင်အသားဝါ အေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားသားမီးမီးတို့နဲ့ အသည်းရောင်အသားဝါ အေ

    ချစ်ရတဲ့ သားသားမီးမီးလေးတွေကို ကျန်းမာပြီး ရောဂါကင်းစေချင်တာက မေမေဖေဖေတိုင်းရဲ့ စိတ်ကူးပါ။ ဒီတစ်ခေါက်တော့ ကာကွယ်လို့ရတဲ့ အသည်းရောင်အသားဝါ အေ ရောဂါ မဖြစ်ရလေအောင် ဘယ်လို ကာကွယ်လို့ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    သားသားမီးမီးတို့ကို အသည်းရောင်အသားဝါ အေ မဖြစ်ရလေအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို မပြောပြသေးခင်မှာ အသည်းရောင်အသားဝါ အေ အကြောင်းလေးကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

    သားသားမီးမီးတို့နဲ့ အသည်းရောင်အသားဝါ အေ

    အသည်းရောင်အသားဝါ အေ ရောဂါက အသည်းရောင်အသားဝါ အေဗိုင်းရပ်စ်ကြောင့် အသည်းမှာ ရောင်ရမ်းမှု ဖြစ်စေတာပါ။ ဒီအခြေအနေက နာတာရှည် အသည်းပျက်စီးမှု ဖြစ်စေနိုင်ပါတယ်။ ဒီ အသည်းရောဂါက ပြင်းထန်ပြီး အသက်အန္တရာယ် ရှိစေနိုင်တာကြောင့် မိဘတွေ အနေနဲ့ သေချာလေး ဂရုစိုက် ကာကွယ်ဖို့ လိုပါမယ်။ တချို့တွေမှာ အလိုလိုပျောက်သွားနိုင်တယ်ဆိုပေမယ့် မကူးစက်အောင် ကာကွယ်တာ၊ ရောဂါလက္ခဏာတွေ သိထားတာက အကောင်းဆုံးပါ။

    ကလေးတွေမှာ တွေ့ရတတ်တဲ့ အသည်းရောင်အသားဝါ အေ လက္ခဏာများ

    ၆နှစ်အောက် ကလေးတွေမှာတော့ လက္ခဏာမပြတတ်ပါဘူး။ ဒီထက်ကြီးတဲ့ ကလေးတွေ ဆိုရင်တော့

    • ဖျားတာ
    • အစားအသောက်ပျက်တာ
    • နုံးတာ
    • ဗိုက်အောင့်တာ
    • အန်တာ
    • ဆီးအရောင်ရင့်တာ
    • အသားနဲ့ မျက်လုံးဝါတာတွေ ခံစားရနိုင်ပါတယ်။

    များသောအားဖြင့် ဒီလက္ခဏာတွေက ပိုးကူစက်ပြီး ၂−၆ပတ်အတွင်းမှာ ပြသတတ်ပါတယ်။

    ဒီတော့ ဘယ်လို ကူးစက်ခံရနိုင်လဲ၊ ဘယ်လို ကာကွယ်လို့ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    အသည်းရောင်အသားဝါ အေ ဘယ်လို ကူးစက်နိုင်လဲ

    အသည်းရောင်အသားဝါ အေက အသည်းရောဂါ တစ်မျိုးပါ။ လူတစ်ယောက်ဆီကနေ တစ်ယောက်ဆီကို ရောဂါပိုးရှိသူရဲ့ မစင်တွေက အစာခြေစနစ်ထဲရောက်ရှိမှုကနေတဆင့် ကူးစက်ပါတယ်။ ရောဂါပိုးရှိနေတဲ့ အစားအစာတွေနဲ့ ရေတွေကို ကလေးက စားသုံးမိတာကနေတဆင့် အသည်းရောင်အသားဝါ အေပိုး ကူးစက်ခံရတာပါ။ ဒါ့ပြင် လက်သန့်ရှင်းမှု အားနည်းရင်လည်းး ရောဂါပိုး ကူးစက်ခံရနိုင်ပါတယ်။

    ကလေးမှာ အသည်းရောင်အသားဝါ အေ ရှိမှန်း ဘယ်လိုသိနိုင်မလဲ။

    တကယ်လို့ အပေါ်မှာ ပြောထားတဲ့ လက္ခဏာတွေ ရှိနေပြီဆိုရင် anti-HAV immunoglobulin M (IgM) ဆိုတဲ့ ပဋိပစ္စည်းကို စစ်ကြည့်မှာပါ။ ဒီပဋိပစ္စည်းက လက္ခဏာတွေစပြ၊ သက်သာပြီးလို့ ၄လကနေ  ၆လအထိ သွေးထဲမှာ ရှိနေနိုင်ပါတယ်။

    ကလေးမှာ အသည်းရောင်အသားဝါ အေ ဖြစ်တဲ့အခါ ဘယ်လိုကုသမလဲ။

    ကလေးအများစုကလည်း အလိုလိုသက်သာသွားကြတာ များပါတယ်။ လက္ခဏာတွေက တုပ်ကွေးလိုလို၊ သာမန်နေမကောင်းဖြစ်တာလိုလိုနဲ့ တူနေတာကြောင့် တချို့ဆို ပိုးရှိမှန်းတောင် မသိလိုက်ကြပါဘူး။

    ဒါ့ပြင် အသည်းရောင် အသားဝါ အေမှာ ကုစရာ ဆေးမရှိပါဘူး။ ဒါကြောင့် လက္ခဏာတွေ သက်သာဖို့ပဲ ကုရပါတယ်။ ဥပမာ ဝမ်းလျှောရင် ဓာတ်ဆားပေးတာမျိုးပေါ့။

    တချို့ကလေးတွေကတော့ အသည်းရောင်အသားဝါ အေပိုးကြောင့် ရုတ်တရက် အသည်းပျက်စီးသွားတာတွေ ဖြစ်တတ်ပါတယ်။ ဒါမျိုးဆိုရင်တော့ အသည်းအစားထိုးတာ လုပ်ရပါတယ်။

    ဘယ်လို ကာကွယ်ကြမလဲ

    အသည်းရောင်အသားဝါ အေကို ကာကွယ်နိုင်မယ့် နည်းလမ်းကတော့ ရှင်းပါတယ်။ ကူးစက်နိုင်ခြေတွေကို လျှော့ချတာပါ။ ဘယ်လို လျှော့ချကာကွယ်မလဲဆိုတာကိုတော့ အတူတူ ဆက်ကြည့်လိုက်ကြမယ်နော်။

    • အသည်းရောင် အသားဝါ အေ ကာကွယ်ဆေး ထိုးထားပါ။ ဒါက အထိရောက်ဆုံး ကာကွယ်နည်းတွေထဲက တစ်ခုပါ
    • ရောဂါပိုးရှိနေသူနဲ့ တိုက်ရိုက်ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ပေးပါ
    • ကောင်းမွန်တဲ့ ရေဆိုးနုတ်စနစ် ရှိအောင် ဂရုစိုက်ပါ
    • ဘေးကင်းသန့်ရှင်းတဲ့ သောက်သုံးရေကို သောက်သုံးပါ
    • လက်မကြာခဏဆေးတာလိုမျိုး ရောဂါ ကာကွယ်နိုင်တဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထလေးတွေကို လိုက်နာပေးပါ။

    ကျန်တာတွေကတော့ ဟုတ်ပါပြီ။ ဒီနေရာမှာ မေးစရာ ရှိလာနိုင်တာက သားသားမီးမီးတို့ကို ဘယ်အချိန်မှာ အသည်းရောင်အသားဝါ အေ ကာကွယ်ဆေး ထိုးပေးရမလဲဆိုတာမျိုးပေါ့။

    သားသားမီးမီးတို့နဲ့ အသည်းရောင်အသားဝါ အေ ကာကွယ်ဆေး

    သားသားမီးမီးတို့ကို အသက် ၁၂ လ [၁ နှစ်] ဒါမှမဟုတ် အသက် ၁၃ လရောက်ပြီဆိုရင် ပထမဆုံးအကြိမ် အသည်းရောင်အသားဝါ အေ ကာကွယ်ဆေးကို ထိုးနှံပေးရပါမယ်။ နောက်တစ်ကြိမ်ကိုတော့ ပထမအကြိမ် ထိုးပြီး ၆ လအကြာမှာ ထိုးပေးရမှာပါ။

    ကာကွယ်ဆေးကို ငယ်စဉ်မှာ မထိုးနှံဖြစ်ထားဘူးဆိုရင်လည်း ကလေးက အသက် ၂ နှစ် ကနေ ၁၈ နှစ်အတွင်းမှာလည်း ထိုးနှံပေးလို့ ရပါတယ်။ ကလေးကို ကာကွယ်ဆေး မထိုးနှံခင်မှာတော့ ကလေးကို ပြသနေကျ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့တော့ လိုပါမယ်။

    ကာကွယ်ဆေးထိုးတာက ဘေးထွက်ဆိုးကျိုးရှိနိုင်လား

    အသည်းရောင်အသားဝါ အေ ကာကွယ်ဆေးကလည်း အခြား ကာကွယ်ဆေးတွေလိုပဲ ကာကွယ်ဆေး ထိုးပြီးချိန်မှာ ဆေးထိုးတဲ့နေရာက နာတာ၊ နီရဲတာမျိုးတွေရှိနိုင်သလို အဖျားငွေ့ငွေ့ ရှိတာ၊ အစားစားချင်စိတ် မရှိတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီလို ခံစားရတာက ၁ ရက်ကနေ ၂ ရက်လောက်အထိ ကြာမြင့်နိုင်ပါတယ်။ ဒီကာလအတိုင်းအတာထက် ပိုကြာနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသစေချင်ပါတယ်။

    ဒီနေရာမှာ ဖေဖေမေမေတို့ကို ပြောပြချင်တာတစ်ခုက ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တာကြောင့် ကလေးကို အစားမစားခင်၊ ​ရေအိမ်က ဆင်းလာတိုင်းနဲ့ ညစ်ပေတဲ့အရာတွေကို ကိုင်တွယ်ပြီးတိုင်းမှာ ရေနဲ့ဆပ်ပြာသုံးပြီး လက်ကိုသေချာလေး ဆေးကြောတဲ့ အလေ့အထလေး လုပ်ပေးပါ။ ကလေးကို စောင့်ရှောက်သူအနေနဲ့လည်း ကလေးကိုရော ကိုယ်တိုင်ရဲ့ လက်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကိုပါ ​သေချာ ဂရုစိုက်ပေးပါ။ အစားအစာသန့်ရှင်းရေးနဲ့ သောက်သုံးရေ သန့်ရှင်းရေးကိုပါ သေချာလေး ဂရုစိုက်ပေးမယ်ဆိုရင် ကလေးကိုရော ချစ်ရတဲ့ မိသားစု တစ်ခုလုံးကိုပါ အသည်းရောင်အသားဝါ အေရောဂါကို ကာကွယ်ပြီးသား ဖြစ်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement