backup og meta

ကလေးကို အိပ်ရာမဝင်ခင်မှာ မကျွေးသင့်တဲ့ အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို အိပ်ရာမဝင်ခင်မှာ မကျွေးသင့်တဲ့ အစားအစာများ

    ချစ်မဝတဲ့ သားသားမီးမီးတို့ အစားအစာတွေကို အရသာရှိရှိနဲ့ အများကြီး အားပါးတရ စားနေတာကို မြင်ရတာက ဖေဖေမေမေတို့ကို စိတ်ချမ်းသာစေတဲ့ မြင်ကွင်းတစ်ခုဟုတ်။ ကလေးက စားလည်းစား ထွားလည်းထွား ကျန်းလည်းကျန်းမာတယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ကလေးကို အချိန်အခါအလိုက် ကျွေးသင့်တာတွေ ရှိသလို မကျွေးသင့်တာလေးတွေလည်း ရှိနေပါတယ်နော်။ ဒီတစ်ခေါက်တော့ ကလေးကို အိပ်ရာမဝင်ခင်မှာ မကျွေးသင့်တဲ့ အစားအစာများ အကြောင်း ဖေဖေမေမေတို့ ဗဟုသုတရရှိစေဖို့ မျှဝေပေးလိုက်ရပါတယ်။

    ကလေးကို အိပ်ရာမဝင်ခင်မှာ မကျွေးသင့်တဲ့ အစားအစာများ

    ကလေးကို အိပ်ရာမဝင်ခင်မှာ မကျွေးသင့်တဲ့ အစားအစာများ ကတော့

  • ကဖင်းပါတဲ့ သောက်စရာတွေ
  • လက်ဖက်ရည်အေး၊ ကော်ဖီအေး၊ bubble tea၊ ကော်ဖီ၊ စွမ်းအားဖြည့်အချိုရည်နဲ့ အခြားသော ကဖင်းပါတဲ့ အချိုရည်တွေကို သားသားမီးမီးတို့ အိပ်ရာမဝင်ခင်မှာ တိုက်ကျွေးတာမျိုး မလုပ်မိဖို့ လိုပါမယ်။  အကြောင်းကတော့ ကလေးကို အိပ်ရာမဝင်ခင်မှာ ကဖင်းပါတဲ့ သောက်စရာတွေ စားစရာတွေ ကျွေးတာက ကလေးကို မအိပ်ချင်အောင် လှုံ့ဆော်ပေးလိုက်သလို ဖြစ်ပြီး ကလေးက ကောင်းကောင်းအိပ်ပျော်ဖို့ ခက်သွားစေနိုင်တာကြောင့်ပါ။ ဒါကြောင့် ကလေးကို ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေချင်တယ်။ အိပ်ရေးမဝတာမျိုး မဖြစ်စေချင်ဘူးဆိုရင်တော့ အိပ်ခါနီးမှာ အခုပြောပြခဲ့တဲ့ သောက်စရာလေးတွေကို မတိုက်မိဖို့ လိုပါမယ်။

    • အချိုများတဲ့ သောက်စရာတွေ

    ဆိုဒါ၊ သကြားထည့်ထားတဲ့ အသီးဖျော်ရည်တွေ၊ အချိုရည်တွေလိုမျိုး သကြားပါဝင်မှု များတာတွေကို ကလေးတွေ အိပ်ရာမဝင်ခင်မှာ မတိုက်ပါနဲ့။ ဒါတွေက ကလေးကို သွေးတွင်းသကြားဓာတ် မြင့်စေပြီး အာရုံစိုက်ဖို့ ခက်ခဲတာ၊ တက်ကြွမှု လွန်ကဲတာတွေကို ဖြစ်စေနိုင်သလို မအိပ်ခင်မှာ သွားမတိုက်မိဘဲ အိပ်ပျော်သွားမယ်ဆိုရင် သွားပိုးစားတာ၊ သွားပျက်စီးတာတွေကိုပါ ခံစားရနိုင်လို့ပါ။

    • ဆီကြော်စာတွေ

    သားသားမီးမီးတို့က ဆီကြော်စာတွေ ဖြစ်ကြတဲ့ ကြက်ကြော်၊ အာလူးချောင်းကြော် စတာတွေကို တော်တော်လေး နှစ်နှစ်ခြိုက်ခြိုက် စားတတ်ကြပါတယ်။ ဒီအစားအစာတွေက အလွန်အကျွံ စားမယ်ဆိုရင် အဝလွန်စေနိုင်ပါတယ်။

    တကယ်လို့ ကလေးက ဒီအစားအစာတွေကို ညဘက် အိပ်ရာမဝင်ခင်မှာ စားမိမယ်ဆိုရင်တော့ အဆီများလွန်းတာကြောင့် အစာကြေခဲတာ၊ အစာချေဖျက်ဖို့ အချိန်ယူရတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အစာခြေစနစ်က သေချာ မချေဖျက်ရသေးခင်မှာ ကလေးက အိပ်ပျော်သွားမယ်ဆိုရင် ရင်ပြည့်တာ၊ ဗိုက်အောင့်ဗိုက်နာဖြစ်တာတွေကိုပါ ခံစားရစေနိုင်ပါတယ်။

    • ချောကလက်နဲ့ သကြားလုံးတွေ

    ချောကလက်မှာ ကဖင်း အနည်းငယ်နဲ့ အချိုဓာတ်တွေ အများကြီးပါနေပါတယ်။ သကြားလုံးတွေမှာတော့ အချိုဓာတ်က ရာနှုန်းပြည့် ပါဝင်နေတာပါ။ ဒီအစားအစာ ၂ မျိုးစလုံးက ကလေးကို အိပ်ရာဝင်ချိန်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့ ခက်စေနိုင်သလို သကြားလုံး ချောကလက်တွေက စားပြီးချိန်မှာ သွားမတိုက်မိဘဲ အိပ်ပျော်သွားမယ်ဆိုရင်တော့ ကလေးကို သွားနဲ့ ခံတွင်းပြဿနာတွေ ခံစားရစေမှာပါ။

    • သစ်သီးခြောက်တွေ

    သစ်သီးတွေက ပုံမှန်အားဖြင့် ကျန်းမာစေတယ် ဆိုပေမယ့် အိပ်ရာဝင်ခါနီး အများကြီး စားမိရင် ဗိုက်နာတာ၊ အစာခြေစနစ် ပြဿနာ ဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ အစာကြေခဲပြီး အိပ်ရာဝင် နောက်ကျစေနိုင်တာကြောင့် ကလေးကို သစ်သီးခြောက်ကျွေးမယ်ဆိုရင် နေ့တစ်နေ့တာရဲ့ အစောပိုင်းကာလတွေမှာ ကျွေးပေးပါ။

    သစ်သီးခြောက်တွေမှာ တာရှည်ခံပစ္စည်းတွေ၊ သကြားတွေ ပါဝင်နေနိုင်သလို အခြောက်ခံထားတာကြောင့် အစာကြေဖို့ ခက်ပြီး အန်တာ၊ အစာမကြေတာ၊ ရင်ပူတာတွေကို ဖြစ်စေနိုင်ပါတယ်။

    ကလေးတွေက ဘယ်လောက်ကြိုက်ကြိုက် ကလေးရဲ့ အိပ်စက်မှုနဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် အိပ်ရာဝင်ခါနီးမှာ သားသားမီးမီးတို့ကို ဒီအစားအစာတွေ လုံးဝမကျွေးဖို့ လိုပါမယ်နော် မေမေဖေဖေတို့ရေ …….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement