backup og meta

ကလေးတွေ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ရတဲ့ အကြောင်းရင်း (၆)ခု

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ရတဲ့ အကြောင်းရင်း (၆)ခု

    ကလေးတွေ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်နေလို့ တစ်ခုခုများဖြစ်နေကြတာလားဆိုပြီး စိုးရိမ်တဲ့ မိဘတွေ၊ ခဏခဏ လာမေးတဲ့ မိဘတွေ ရှိပါတယ်။ မျက်တောင်ခတ်တာက ခန္ဓာကိုယ်ရဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဒါပေမဲ့ လိုတာထက် ပိုခတ်နေရင်တော့ အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

    မျက်တောင်ခတ်တာက ကျန်းမာရေးအတွက် လိုအပ်ပါတယ်

    မျက်တောင်ခတ်တယ်ဆိုတာ ခန္ဓာကိုယ်က အလိုအလျောက် လုပ်နေတဲ့ ဖြစ်စဉ်ပါ။ မျက်တောင်ကို သတိတရ ခတ်နေစရာမလိုပါဘူး။

    မျက်လုံးခြောက်တဲ့အခါ၊ အလင်းစူးစူးတွေ ကြည့်မိတဲ့အခါ၊ မျက်လုံးထဲကို တစ်ခုခုဝင်တဲ့အခါ၊ မျက်လုံးကို တစ်ခုခု အန္တရာယ်ဖြစ်တော့မယ်လို့ ထင်တဲ့အခါ အလိုအလျောက် မျက်တောင်ခတ်သွားပါတယ်။

    မျက်တောင်ခတ်လိုက်ခြင်းအားဖြင့် မျက်လုံးကို စိုစွတ်စေသလို မျက်လုံးရဲ့ အပေါ်ယံလွှာကိုလည်း သန့်စင်‌စေပါတယ်။

    မျက်တောင်ခတ်တာ များနေပြီလို့ ဘယ်လိုသိနိုင်မလဲ

    မွေးစကလေးတွေကတော့ တစ်မိနစ်ကို ၂ကြိမ်လောက်ပဲ မျက်‌တောင်ခတ်ပါတယ်။ လမ်းလျှောက်တတ်စအရွယ်ဆိုရင်တော့ တစ်မိနစ်ကို ၁၅ခါလောက် ခတ်ပါတယ်။ လူကြီးတွေကတော့ တစ်မိနစ်ကို ၁၄-၁၇ကြိမ်ထိ ခတ်ပါတယ်။

    ဒီတော့ အကြမ်းအားဖြင့် တစ်မိနစ်ကို ၁၅ကြိမ်ထက် ပိုခတ်နေရင် များနေပြီလို့ ဆိုရမှာ‌ပေါ့။

    လက်တွေ့မှာတော့ အတိအကျကြီး လိုက်မတိုင်းကြပါဘူး။ မိဘတွေကလည်း သိလွယ်ပါတယ်။ မျက်တောင်ခတ်တာ အကြိမ်များနေရုံတင်မဟုတ်ဘဲ ခဏခဏ ပုတ်ခတ်ပုတ်ခတ်လုပ်နေတယ်ဆိုရင် ပိုတောင်သိလွယ်ပါသေးတယ်။

    ကလေးတွေ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ရတဲ့ အကြောင်းရင်း (၆)ခု

    (၁) မျက်လုံးထဲကို တစ်ခုခုဝင်သွားတာ

    ပြင်ပ ပစ္စည်းတစ်ခုခု (ဖုန်၊ သဲ၊ ခဲစ)လေးတွေ ဝင်တာ ဖြစ်သလို မျက်တောင်က အတွင်းထဲကို ပြန်ဝင်ပြီး မျက်လုံးကို ကသိကအောက် ဖြစ်အောင် လုပ်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    နောက်ပြီး က‌လေးပီပီ ဆော့ရင်းပြုရင်း မျက်လုံးကို တစ်ခုခုနဲ့ ခြစ်မိတာ၊ သတိမထားမိလိုက်တဲ့ အသေးစားထိခိုက်မှုလေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    အဲ့တာဆိုရင်တော့ မျက်လုံးပုတ်ခတ်ပုတ်ခတ် လုပ်တာအပြင် မျက်လုံးရဲတာ၊ မျက်ရည်ယိုတာတွေပါ ခံစားရမှာ ဖြစ်ပါတယ်။

    (၂) ဓာတ်မတည့်တာ

    ရာသီအကူးအပြောင်းမှာပဲဖြစ်ဖြစ်၊ တစ်ခုခု မတည့်တာနဲ့ ထိတွေ့မိရင်ပဲဖြစ်ဖြစ် မျက်လုံးယားတာကြောင့် သက်သာအောင် ခဏခဏ မျက်တောင်ခတ်ရပါတယ်။

    ကလေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်တာအပြင်  မျက်လုံးယားတာ၊ မျက်လုံးခဏခဏပွတ်တာ၊ မျက်ရည်ယိုတာ၊ နှာစေးတာတွေပါ ဖြစ်တတ်ပါတယ်။

    (၃) မျက်လုံးခြောက်တာ

    မျက်တောင်ခတ်တာက မျက်လုံးကို စိုစွတ်စေတာကြောင့် မျက်လုံးခြောက်နေရင် ခဏခဏ ပုတ်ခတ်ပုတ်ခတ် လုပ်မှာပါ။

    ဆောင်းတွင်းလိုအေးပြီး ခြောက်သွေ့တဲ့ ရာသီဥတုနဲ့ တစ်နေကုန် အဲကွန်းခန်းထဲမှာ နေရတဲ့ ကလေးတွေမှာ တွေ့ရတတ်ပါတယ်။

    (၄) အမြင်အာရုံပြဿနာ

    ကလေးက သူကြည့်တာကို ကောင်းကောင်းမမြင်ရတဲ့အခါ အမြင်အာရုံ ရှင်းတဲ့အနေနဲ့ မျက်တောင်ခတ်တတ်ကြပါတယ်။ ဥပမာ အနီးမှုန်အဝေးမှုန် စတဲ့ အမြင်အာရုံ ပြဿနာရှိတဲ့ ကလေးတွေက

    • မျက်မှောင်ကျုံ့ကြည့်တာ
    • စာအုပ်ဖတ်၊ TVကြည့်တဲ့အခါ အနီးကပ်ကြည့်တာ
    • မျက်လုံးပွတ်တာ
    • ခဏခဏ ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။

    (၅) မျက်စိစွေတာ

    များသောအားဖြင့်တော့ ၃နှစ်အရွယ်ဝန်းကျင်တွေမှာ ဖြစ်တတ်ပါတယ်။ မျက်စိက စွေနေတော့ တစ်ထောင့်ထောင့်ကို ကပ်နေတာမျိုးပါ။ မျက်စိစွေတဲ့ ကလေးတွေက သာမန်ကလေးတွေထက် မျက်တောင်ပိုခတ်ပါတယ်။

    (၆) Eyelid tics

    မိဘတွေကတော့ အကြောဆွဲနေတယ်လို့ ပြောကြပါတယ်။ တကယ်တော့ ticsမှာ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။

    အများစုကတော့ ရောဂါကြောင့် မဟုတ်ဘဲ ကလေးကြီးလာတဲ့အခါ အလိုလိုပျောက်သွားတတ်ပါတယ်။

    တချို့တွေမှာတော့ အိပ်ရေးမဝတာ၊ ပင်ပန်းတာ၊ စိုးရိမ်စိတ်များတာ၊ ပျင်းတာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

    ပင်ပန်းတယ်ဆိုတဲ့နေရာမှာ မျက်လုံးပင်ပန်းတာလည်း ပါပါတယ်။ တစ်နည်းအားဖြင့် မျက်လုံးညောင်းတာပေါ့။ ဖုန်းတွေ၊ TVတွေ အကြည့်များတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။ ဒါကို habitual ticsလို့ ခေါ်ပါတယ်။  အသက် ၅နှစ်ဝန်းကျင် ယောကျာ်းလေးတွေမှာ ပိုတွေ့ရတတ်ပါတယ်။

    ရှားရှားပါးပါး Tourette syndrome ဆိုတဲ့ အာရုံကြောရောဂါမှာဆိုရင် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်တာအပြင် ပါးစပ်ကနေ အသံမျိုးစုံ လုပ်တတ်ပါသေးတယ်။

    ဒါတွေကတော့ ကလေး မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရခြင်းရဲ့ အကြောင်းရင်းတွေပါ။

    ကလေးတွေ မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်တာ သက်သာစေဖို့ နည်းလမ်းများ

    မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်တာက များသောအားဖြင့် အန္တရာယ်မရှိဘူးဆိုပေမယ့် စစ်ဆေးကြည့်ဖို့တော့ သင့်ပါတယ်။ တခြားလက္ခဏာ မရှိဘ မျက်တောင်ခတ်တာပဲ များနေတယ်ဆိုရင်တောင် ၁-၂ပတ်လောက် ကြာတဲ့အထိ မသက်သာဘူးဆိုရင် မျက်စိဆရာဝန်နဲ့ ပြကြည့်ပါ။

    ကုသနည်းတွေကတော့ ဖြစ်တဲ့အကြောင်းရင်း‌ပေါ် မူတည်ပြီး အမျိုးမျိုးကွဲသွားနိုင်ပါတယ်။ ဥပမာ

  • မျက်လုံးထဲကို တစ်ခုခုဝင်သွားတာဆိုရင်တော့ အိမ်မှာတင် ရေသန့်သန့်နဲ့ ဆေးလို့ ရပါတယ်။ မျက်လုံးမှာ ထိခိုက်ဒဏ်ရာရထားတာဆိုရင်တော့ မျက်စိဆရာဝန်နဲ့ ပြသရမှာပါ။
  • ဓာတ်မတည့်တာဆိုရင်တော့ ဓာတ်မတည့်ပျောက်ဆေးတွေ တိုက်ရမှာပါ။ သောက်ဆေးတွေရော မျက်စဉ်းတွေရော ရှိပါတယ်။
  • မျက်လုံးခြောက်တယ်ဆိုရင်လည်း မျက်ရည်တု မျက်စဉ်းခတ်လို့ ရပါတယ်။ အခန်းထဲမှာ ရေငွေ့ထုတ်စက်လေး ဖွင့်ထားပေးပါ။
  • အနီးမှုန်၊ အဝေးမှုန်တွေကတော့ မျက်မှန်တပ်ရမှာပါ။ မျက်မှန်တပ်ပြီးသားဆိုရင်လည်း ပါဝါပြန်စစ်ဖို့ လိုပါတယ်။
  • မျက်စိစွေနေရင်လည်း ဒီလိုပဲ မျက်စိဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။
  • Habitual ticsတွေကတော့ အလိုလိုသက်သာတတ်ပါတယ်။ ရက်သတ္တပတ်အနည်းငယ်ကနေ နှစ်ပေါက်တဲ့အထိ ကြာနိုင်ပါတယ်။ ကြားထဲမှာလည်း ပြန်ပြန်ဖြစ်နိုင်ပါတယ်။

    မိဘတွေ လုပ်ပေးနိုင်တာကတော့ ကလေးကို အိပ်ရေးဝဝသိပ်ပါ။ ညနက်တဲ့အထိ မနေပါစေနဲ့။ ကလေးက စိတ်ဖိစီးမှုတွေ များနေလား၊ စိုးရိမ်စိတ်တွေ များနေလားဆိုတာကိုလည်း စောင့်ကြည့်ဖို့ လိုပါတယ်။

    ဖုန်းသုံးတာ၊ TVကြည့်တာကိုလည်း လျှော့ပါ။ ၂နှစ်အောက်ဆို TV၊ ဖုန်း လုံးဝမပြသင့်ပါ။ ၂-၁၂နှစ်ကြားဆိုရင်လည်း တစ်ရက်ကို ဖျော်ဖြေရေးအတွက် ကြည့်တာက ၁နာရီပဲ ဖြစ်သင့်ပါတယ်။

  • ကလေးက တခြားအကြောဆွဲတာတွေ၊ ပါးစပ်ကနေ ထူးထူးဆန်းဆန်း အသံတွေ လုပ်နေပြီဆိုရင်တော့ ကလေးဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။
  • ကလေးတွေမှာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်တာက အဖြစ်များပါတယ်။ အမျးစုက အန္တရာယ်မရှိပါ။ ဒါပေမဲ့ မိဘတွေအနေနဲ့ ဘာကြောင့်ဖြစ်လဲဆိုတာသိပြီး ထိရောက်တဲ့ ကုသမှုပေးနိုင်ရင်‌တော့ အကောင်းဆုံးပေါ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement