ဘေဘီလေးတွေမှာဖြစ်တဲ့ လေထိုးလေအောင့် သက်သာစေဖို့

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လမ်းလျှောက်တတ်စကလေးတစ်ယောက်က ခံစားရတဲ့ဝေဒနာတွေကိုသေချာတိတိကျကျမပြောနိုင်သေးပေမယ့် မအီမသာဖြစ်နေတဲ့နေရာလေးကို ကိုင်ပြီးတော့တော့ နာတယ်လို့ပြောတတ်နေပါပြီနော်။ ဒီလိုပြောတတ်တဲ့ ကလေးက ဗိုက်ကလေးကို ကိုင်ပြီး နာတယ်ပြောနေပြီဆိုရင်လေထိုးလေအောင့်ဖြစ်နေတာဖြစ်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာဘေဘီလေးကို သက်သာအောင်ဘယ်လို လုပ်ပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးပါရစေ။

ဘေဘီလေးတွေကလေထိုးလေအောင့်ဖြစ်နိုင်လား……..

အသက် တစ်နှစ်အောက်ကလေးတွေမှာတော့လေနြာဖစ်နိုင်ပါတယ်။ ဒီလိုကနေမှ အရွယ်လေးရောက်လို့ လမ်းစလျှောက်တတ်ပြီဆိုရင်တော့ အစားတွေလည်း စားတတ်နေပြီဖြစ်တာကြောင့်လေထိုးလေအောင့်ကဖြစ်လာနိုင်ပြီပေါ့။လေထိုးလေအောင့်က ဘယ်အရွယ်မို့လို့ မဖြစ်ဘူးဆိုတာ မရှိပါဘူး။ ဒါကြောင့်ဘေဘီလေးတွေလည်းလေထိုးလေအောင့်ဖြစ်နိုင်ပါတယ်။

ဘာကြောင့်လေထိုးလေအောင့်ဖြစ်ရတာလဲ……….

လေထိုးလေအောင့်ဖြစ်ရတာကလေပွစေတဲ့အစားတွေအများကြီးစားမိတာကြောင့်လေတွေထရတာလို့ သိထားကြပါတယ်။ ဒီလိုဗိုက်ထဲမှာလေပွတာက လူတိုင်းလိုလိုနေ့စဉ်ကြုံနေရကျပြဿနာပါ။ ဒါပေမယ့်လေတက်ပြီးလေက လွယ်လွယ်ကူကူထွက်သွားတဲ့အခါမျိုးမှာတော့လေထိုးလေအောင့်ကမဖြစ်နိုင်ဘူးပေါ့။ ဒီလိုမှမဟုတ်ဘဲလေက ခန္ဓါကိုယ်အပြင်ဘက်ကိုလေလည်တာကနေတဆင့်ဖြစ်ဖြစ်၊လေတက်တာကနေဖြစ်ဖြစ် အဆင်ပြေပြေမထွက်သွားနိုင်ဘူးဆိုရင် ဗိုက်ထဲမှာလေထိုးလေအောင့်တဲ့ပြဿနာတွေဖြစ်လာပြီလေ။

Solid Foods ကိုစစားမယ့် ကလေးတစ်ယောက်အဖို့ကတော့ စားလေ့စားထမရှိတဲ့ အစားအစာတွေကိုစားတဲ့အကျင့်စမွေးမြူချိန်ဆိုတော့ အစာအိမ်ထဲမှာလေတွေဖြစ်နိုင်ခြေက ပုံမှန်ထက်ပိုများနေပါတယ်။ စစားတဲ့အစားအစာတွေနဲ့ အစားအသောက်အလေ့အထတွေကြောင့်လည်းဘေဘီလေးမှာလေထိုးလေအောင့်တဲ့ပြဿနာခံစားရနိုင်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့်လည်းလေထိုးလေအောင့်ဖြစ်နိုင်ပါတယ်

  • ကလေးက ပဋိဇီဝပိုးသတ်ဆေးတစ်ခုခုသောက်နေရတာ
  • နို့သကြားဓါတ်နဲ့ ဓါတ်မတည့်တာ
  • အစားအသောက်အပြောင်းအလဲ
  • ပန်းဂေါ်ဖီလိုမျိုးလေထစေနိုင်တဲ့ အစားအစာတွေစားမိတာ
  • အစားကိုသေချာဝါးမစားတာ
  • အစားစားရင်း၊ တစ်ခုခုသောက်ရင်းလေတွေအများကြီးမြိုချမိတာ
  • ရေလုံလောက်အောင် မသောက်တာ
  • အစာခြေစနစ်ပြဿနာတစ်ခုခုခံစားနေရတာတွေကြောင့်လည်း ကလေးမှာလေထိုးလေအောင့်တာဖြစ်စေနိုင်ပါတယ်။

ဘယ်လိုလက္ခဏာတွေတွေ့ရနိုင်လဲ……….

ဘေဘီလေးမှာ အခုလိုလက္ခဏာတွေတွေ့ရပြီဆိုရင်ဘေဘီလေးကလေထိုးလေအောင့်ခံစားနေရတာပါ။

  • လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမယ်
  • ကလေးက လူးလွန့်နေမယ်
  • နေမထိထိုင်မသာဖြစ်နေမယ်
  • အစားပြည့်ပြည့်ဝဝကျွေးပေမယ့်လည်း ငိုနေမယ်
  • မကြာခဏလေတက်နေမယ်
  • ကလေးက ဒူးထောင်ရက်အနေအထားနဲ့ ဒူးနှစ်ဖက်ကို ပိုက်ပြီး ထိုင်နေမယ်
  • ကလေးက ညည်းရင်း ဗိုက်လေးကိုဖိနေမယ်
  • ဝမ်းသွားရခက်နေမယ်ဆိုရင်ဘေဘီလေးကလေထိုးလေအောင့်ဖြစ်နေပါပြီ။

ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ…….

ပြဿနာတိုင်းကအဖြေရှိတယ်ဆိုသလိုပါပဲ။ဘေဘီလေးလေထိုးလေအောင့်ဖြစ်တဲ့အခါမှာလည်း သက်သာအောင်လုပ်ပေးလို့ရတဲ့နည်းလမ်းတွေရှိပါတယ်။

ပြဿနာရဲ့ ဇစ်မြစ်ကိုရှာပါ – ကလေးတွေမှာလေထိုးလေအောင့်ဖြစ်စေတဲ့ အဒိကအကြောင်းအရင်းက အစားအသောက်ပါ။ ဒါကြောင့် ကလေးကို အစားအသောက်ပြင်ဆင်ပေးတဲ့အခါဂေါ်ဖီထုပ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ ပဲအမျိုးမျိုး၊ ကြက်သွန်နီ၊ အာလူးတို့ကျွေးမိလားဆိုတာကို ဆန်းစစ်ကြည့်ဖို့ လိုပါမယ်။

ညင်ညင်သာသာလေးနှိပ်နယ်ပေးပါ – ကလေးရဲ့ ဝမ်းဗိုက်ကလေးကို နာရီလက်တံအတိုင်း ညင်ညင်သာသာလေးပွတ်ပေးပြီး နှိပ်နယ်ပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးရဲ့ ဗိုက်ထဲကလေတွေကို ထွက်သွားစေနိုင်တာကြောင့်လေထိုးလေအောင့်ဖြစ်တာကို သက်သာစေနိုင်မှာပါ။ အစားစားပြီးတိုင်းလုပ်ပေးနိုင်ရင် အဆင်ပြေပါတယ်။လေထုတ် ေပးတဲ့ သဘောပေါ့။

အမျှင်ဓါတ်ပါတဲ့ အစားအစာတွေကျွေးပါ – အမျှင်ဓါတ်ပါတဲ့ အစားအစာတွေက အစာခြေစနစ်ကို သန့်စင်စေနိုင်သလို အစာခြေစနစ်ကို ကျန်းမာစေပြီးလေထိုးလေအောင့်ဖြစ်တာကို အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။

အစာကိုကြေညက်အောင် ဝါးစားခိုင်းပါ – ကလေးကို အစာတစ်လုတ်မြိုမချခင်တိုင်းမှာ အနည်းဆုံး ၁၀ ကြိမ်ဝါးမိစေဖို့ သတိပေးပါ။ အစာကိုကြေညက်အောင်ဝါးစားပေးတာကလေထိုးလေအောင့်မဖြစ်အောင် ကာကွယ်ရာရောက်ပါတယ်။

ရေဓါတ်လုံလောက်အောင် ဂရုစိုက်ပါ – ကလေးကို တစ်နေ့တာမှာရေလုံလောက်စွာသောက်မိအောင် ဂရုစိုက်ပေးပါ။ရေလုံလောက်အောင်သောက်သုံးမှုက ဝမ်းချုပ်တာကို ကာကွယ်ပေးသလိုလေတွေကို ခန္ဓါကိုယ်ပြင်ပကို အဆင်ပြေပြေထွက်သွားအောင်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။

ရေနွေးနွေးလေးနဲ့ရေချိုးပေးပါ – ကလေးကိုရေနွေးနွေးလေးနဲ့ရေချိုးပေးတာကလေထိုးလေအောင့်တဲ့ပြဿနာကို သက်သာစေဖို့ ထိရောက်တဲ့နည်းလမ်းတွေထဲကတစ်ခုပါ။ ဒါကြောင့်ဘေဘီလေးကလေထိုးလေအောင့်ဖြစ်နေမယ်ဆိုရင်ရေနွေးလေးနဲ့ရေချိုးသန့်စင်ပေးလိုက်ပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇွန် 27, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဇွန် 27, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။