တော်တော်များများက ပိုတက်ဆီယမ်ဓာတ်ရအောင် ငှက်ပျောသီးစားကြပါတယ်။ ကျောက်ကပ်၊နှလုံးတို့ကအစ ကြွက်သားတွေ၊အာရုံကြောတွေအထိ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးနီးပါး ပိုတက်ဆီယမ်ကိုလိုအပ်တာကြောင့်ပါ။ ဒါပေမယ့် ငှက်ပျောသီးတစ်မျိုးတည်းကိုပဲ အားကိုးပြီး စားနေဖို့တော့မလိုပါဘူး။ ဒီဓာတ်ကို ရနိုင်တဲ့တခြားအရင်းအမြစ်တွေက အများကြီးရှိနေသေးလို့ပါ။
ပဲစိမ်း
နှစ်ပြန်ကြော်တွေထဲမှာပါတတ်တဲ့ ပဲစိမ်းလေးတွေကို သိမှာပါ။ အဲဒီပဲတွေက ပိုတက်ဆီယမ်ကြွယ်ဝတဲ့အပြင် သံဓာတ်နဲ့ အမျှင်ဓာတ်ပါဝင်မှုများပါတယ်။ အချိုဓာတ်နဲ့ အဆီဓာတ်တော့ နည်းပါးပါတယ်။
အာလူး
အရွယ်တော် အာလူးလေးတွေမှာ ဗီတာမင်B1၊ B3 နဲ့ B6 တို့လည်းကြွယ်ဝပါသေးတယ်။ အာလူးကြော်စားမယ့်အစား ကျန်းမာရေးနဲ့ညီအောင်လို့ မီးဖုတ်စားတာ၊ ပူတင်းလုပ်စားတာ လိုမျိုး နည်းလမ်းအမျိုးမျိုးကိုစဉ်းစားသင့်ပါတယ်။
ထောပတ်သီး
ထောပတ်သီးကို ငှက်ပျောသီးလို တစ်လုံးလုံးစားစရာတောင်မလိုပါဘူး။တော်ရုံစားတာနဲ့တင် ပိုတက်ဆီယမ်အပြင် ဗီတာမင် A၊ C၊ E တို့ပါတော်တော်လေးရနိုင်ပါတယ်။ သူ့မှာပါတဲ့ အကျိုးပြုအဆီဓာတ်တွေကြောင့် ကိုလက်စထရောတောင်ကျနိုင်ပါသေးတယ်။
ဖရဲသီး
ဘယ်အချိန်စားစား ရင်အေးစေတဲ့ ဖရဲသီးကရေဓာတ်ပြည့်ဝစေတဲ့အပြင် ရောင်ရမ်းမှုကိုလျော့ကျစေနိုင်တဲ့lycopene လို အာဟာရဓာတ်တွေအများကြီးပေးစွမ်းနိုင်ပါတယ်။
နေကြာစေ့
နေကြာစေ့က စားရတာအလုပ်ရှုပ်လို့ သိပ်မစားဖြစ်တဲ့သူတွေအတွက် အခုဆိုရင် အခွံခွာပြီးသားအစေ့သီးသန့်ဘူးတွေဈေးကွက်မှာရှိနေပါတယ်။နေကြာစေ့က ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ အာဟာရဓာတ်တွေများစွာ ပါဝင်တာကြောင့် စားသုံးသင့်တဲ့ အစေ့အဆန်ထဲမှာပါဝင်ပါတယ်။ ဒါ့အပြင် အခုဆို ကျန်းမာရေးနဲ့ညီတဲ့ ဟင်းချက်ဆီအဖြစ်နေကြာဆီကို အသုံးများလာကြပြီဖြစ်ပါတယ်။
ဟင်းနုနွယ်
ပိုတက်ဆီယမ်တင်မကဘူး၊ သူ့မှာ မဂ္ဂနီဆီယမ်၊ သံဓါတ်၊ အမျှင်ဓာတ်နဲ့ ဗီတာမင် C တို့ပါရနိုင်ပါတယ်။ ထမင်းဝိုင်းမှာ ဆီနည်းတဲ့ အရွက်ကြော်လေးတစ်ခွက်ကတော့ မပါမဖြစ်ပါပဲ။
စပျစ်ခြောက်
အချိုကဲတဲ့ စပျစ်ခြောက်တော့ အမြဲမစားနဲ့ပေါ့။ မုန့်ထဲထည့်လုပ်တဲ့ စပျစ်ခြောက်လေးတွေ ဝယ်ထား၊ စားစရာတွေထဲထည့်စားစား၊ ဒီအတိုင်းစားစား အဆင်ပြေပါတယ်။
ခရမ်းချဉ်သီး
အပူပေးထားတဲ့( အစိမ်းမဟုတ်တဲ့) ခရမ်းချဉ်သီးမှာlycopene ပါဝင်မှုပိုများတာကြောင့် ကင်ဆာ၊ နှလုံးရောဂါနဲ့ ကိုလက်စထရောများခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။
လိမ္မော်ရည်
လိမ္မော်ရည်တစ်ခွက်ဟာ ပိုတက်ဆီယမ်၊ ဗီတာမင် C နဲ့တခြားအာဟာရဓာတ်တွေအပြင် အမျှင်ဓာတ်တောင်အဆစ်ပါသေးတာမို့ အစာချေဖျက်မှုအတွက်လည်းကောင်းပါတယ်။
ပိုတက်ဆီယမ်လိုချင်ရင် ငှက်ပျောသီးလည်းစား၊ ဒါလေးတွေလည်း တစ်လှည့်စီစားပေးပေါ့။ အာဟာရဓာတ်ညီညွတ်မျှတပြီး ကျန်းမာတဲ့နေထိုင်မှုဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။