ယနေ့ည မြန်မာနိုင်ငံကို ဝင်ရောက်မယ့် အနီရောင်အဆင့် မုန်တိုင်းဒဏ်အတွက် ဘယ်လိုပြင်ဆင်ကြမလဲ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မြန်မာနိုင်ငံက မြို့တော်တော်များများ အထူးသဖြင့် ရန်ကုန်မြို့မှာ လတ်တလောသိသာနေတဲ့အရာတစ်ခုကတော့ ရက်ဆက် မိုးသည်းသည်းရွာနေတာပါ။ ဒါက ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့ မုန်တိုင်းငယ်ရဲ့ ရှေ့ပြေးဖြစ်ပါတယ်။ ဒီမုန်တိုင်းငယ်က ဒီနေ့ည ညကြီးပိုင်းအချိန်မှာ ရခိုင်ကမ်းရိုးတန်းဒေသကို လေတိုက်နှုန်း ၄၅မိုင်ကနေ မိုင် ၅၀လောက်ထိနဲ့ ဝင်ရောက်တိုက်ခတ်မယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ မုန်တိုင်းကို ပြင်းထန်မှုအဆင့်သတ်မှတ်ရာမှာ အနီရောင်အဆင့်အဖြစ် သတ်မှတ်ထားပါတယ်။ မုန်တိုင်းဒဏ်ကို ရခိုင်ကမ်းရိုးတန်းဒေသတွေက အဓိက ခံစားရမယ်လို့ ခန့်မှန်းပြီး ကျန်တဲ့ဒေသတွေမှာလည်း မိုးဒီထက်ပိုလာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ရေကြီးရေလျှံနိုင်တဲ့ သတိပေးချက်လည်းထုတ်ထားပါတယ်။ တချို့မြို့နယ်တွေမှာ လေပြင်းအပြင်းအထန်တိုက်ခတ်လို့ အဆောက်အဦးတွေပျက်စီး၊ လူတွေထိခိုက်ဒဏ်ရာရတဲ့သတင်းတွေကြားနေရပါတယ်။ ဒါကြောင့် မုန်တိုင်းဝင်ရောက်လာတဲ့အချိန်မှာ ဘယ်လိုပြင်ဆင်နေထိုင်ကြမလဲဆိုတာနဲ့ပတ်သက်လို့ ဒီဆောင်းပါးမှာ ပြောပြပေးသွားမှာပါ။

(က) မုန်တိုင်းမဝင်လာခင် ပြင်ဆင်ထားသင့်သည်များ။

၁။ အိမ်ရဲ့အမိုးအကာတွေခိုင်မြဲမှုရှိမရှိ ကြိုတင်စစ်ဆေးပါ။ အမိုးလန်သွားတာတွေ၊ ပြုတ်ထွက်ကုန်တာတွေမရှိအောင် ပြင်ဆင်ပါ။
၂။ အိမ်မှာရှိတဲ့တံခါးတွေ ပွင့်ထွက်နေတာမရှိအောင် အသေအချာပိတ်ထားပါ။
၃။ အိမ်ပေါ် ကားပေါ်ကိုပြုတ်ကျနိုင်ခြေရှိတဲ့ အကိုင်းအခက်တွေကို ကြိုတင်ရှင်းလင်းထားပါ။
၄။ ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်လေးတွေကို အိမ်ထဲ ထည့်သိမ်းထားပါ။
၅။ အရေးပေါ်သေတ္တာကို အဆင်သင့်ပြင်ထားပြီး မိမိအနီးမှာထားပါ။ အရေးပေါ် သေတ္တာထဲမှာ အောက်ပါပစ္စည်းတွေပါဝင်သင့်ပါတယ်။
– လူတစ်ယောက်လျှင် တစ်ဂါလန်နှုန်းဖြင့် အနည်းဆုံး (၃)ရက်စာ ရေသန့်
– မပုပ်သိုးသွားမည့် သုံးရက်စာ အစားအသောက်
– ဆက်သွယ်ပြောဆိုလို့ရမည့် အရာတစ်ခုခု
– လက်နှိပ်ဓါတ်မီး၊ မီးအိမ်
– လိုင်းနံပါတ်အစုံဖုန်းများ
– ဘက်ထရီအပိုများ
– အရေးပေါ်အချိန်တွင် အချက်ပြနိုင်မည့် ဝီစီ
ပတ်တီး၊ ပလာစတာ၊ အနာပိုးသတ်နိုင်သည့်ဆေးရည်များ၊ အကိုက်အခဲပျောက်ဆေး၊ အမျိုးသမီးသုံးပစ္စည်းများ၊ ခြင်ပြေးလိမ်းဆေးများ၊ အခြားမိမိအတွက် မရှိမဖြစ်လိုအပ်သည့် အရေးပေါ်ဆေးဝါးများ (First aid kit ရှိလျှင်ပိုအဆင်ပြေပါသည်)
– ငွေသား
– တစ်ရှူးအခြောက်၊ တစ်ရှူးအစိုအစရှိသည့် သန့်စင်ရေးပစ္စည်းများ
၆။ ပြုတ်ထွက်လွင့်စင်သွားနိုင်တဲ့ပစ္စည်းတွေကို လေတိုက်ရိုက်တိုက်နိုင်တဲ့နေရာတွေကနေ ဖယ်ရှားပါ။
၇။ ရေပြတ် မီးပြတ်ဖြစ်သွားနိုင်လို့ အိမ်မှာရှိတဲ့ ရေဖြည့်တင်းလို့ရတဲ့အရာတွေကိုဖြည့်တင်းထားပါ။ လျှပ်စစ်ကိရိယာတွေကို အားသွင်းထားပါ။

(ခ) မုန်တိုင်းတိုက်ချိန်တွင်ပြုလုပ်သင့်သည်များ

၁။ လျှပ်စစ်ကိရိယာများကို ပလက်ဖြုတ်ထားပါ။ ဂက်စ်နှင့် ရေပိုက်များပိတ်ထားပါ။ အိမ်သုံးကိရိယာများကို ပလက်ဖြုတ်ထားပါ။
၂။ အရေးပေါ်သေတ္တာကို အနားမှာပဲထားပါ။
၃။ အိမ်ရဲ့ အခိုင်မာဆုံးနေရာမှာ မိသားစုဝင်တွေအကုန်လုံးစုရုံးနေထိုင်ပါ။
၄။ မုန်တိုင်းသတင်း သတိပေးချက်တွေကိုနားထောင်ပါ။
၅။ အိမ်ထဲကိုရေဝင်လာတယ်ဆိုရင် အမြင့်ကိုတက်ရောက်ပါ။ အိမ်မှာ ပြုတ်ကျတာတွေဘာတွေရှိမယ့်ပုံရှိရင် မွေ့ယာလိုပစ္စည်းမျိုးအောက်မှာ အကာအကွယ်ယူပါ။
၆။ မုန်တိုင်းက တစ်ခါတရံငြိမ်ကျသွားတတ်ပေမယ့် မပြီးသေးတာမျိုးဖြစ်တတ်လို့ လုံးဝပြီးပြီဆိုတဲ့သတင်းကြားမှ အပြင်ထွက်ပါ။
၇။ ကလေးတွေကို မကြောက်ရအောင် နှစ်သိမ့်ပါ။
၈။ အပြင်မှာရှိနေတုန်း မုန်တိုင်းမိတာနဲ့ကြုံတွေ့ခဲ့ရင် အမြန်ဆုံးအကာအကွယ်ရှိတဲ့နေရာကိုသွားပါ။ ကားလိုကြီးမားလေးလံတဲ့အရာတွေအောက်လည်း ပုန်းခိုလို့ရပါတယ်။
၉။ ဘယ်လိုမှ အကာအကွယ်အောက်ဝင်လို့မရဘူးဆိုရင် သစ်ပင်တွေ၊ ဓါတ်တိုင်တွေ၊ ဝါယာကြိုးတွေလိုမျိုး မြင့်တဲ့အရာတွေနဲ့ ဝေးရာမှာနေပါ။

(ဂ) မုန်တိုင်းပြီးသွားချိန် ပြုလုပ်ရမည်များ

မုန်တိုင်းပြီးသွားပေမယ့် စိတ်ချလက်ချလျှောက်သွားတာမျိုးလုံးဝမလုပ်ရပါ။ မုန်တိုင်းအပြီး သေဆုံးဒဏ်ရာရမှုတွေက မုန်တိုင်းပြီးပြီဆိုပြီး အပြင်လျှောက်သွားကြတဲ့အခါ အများဆုံးဖြစ်ပါတယ်။
၁။ မုန်တိုင်းသတင်းကိုနားထောင်ပါ။ အပြင်ထွက်လို့ရပြီလို့ တရားဝင်မထုတ်ပြန်မခြင်း အိမ်ထဲမှာပဲနေပါ။
၂။ အပြင်လျှောက်သွားတာ၊ လျှောက်ကြည့်တာမျိုးလုံးဝမလုပ်ပါနဲ့။
၃။ ကိုယ့်အိမ်နီးနားချင်းတွေ၊ တခြားသူငယ်ချင်းတွေအခြေအနေကိုမေးမြန်းပါ။
၄။ ဒီအချိန်မှာ မုန်တိုင်းကြောင့် ဓါတ်ကြိုးပြတ်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဓါတ်အားလိုင်းတွေနား၊ ဓါတ်ကြိုးပြတ်နေတယ်လို့ ထင်ရတဲ့နေရာနား၊ ရေအိုင်ထဲကို ဓါတ်ကြိုးပြတ်ကျနေတဲ့နေရာတွေနား လုံးဝ (လုံးဝ)မသွားပါနဲ့။ ဒါ့အပြင် သစ်ပင်တွေနားကိုလည်း ရှောင်ရှားပါ။ မုန်တိုင်းနောက်ဆက်တွဲသစ်ကိုင်းကျိုးကျတာတွေဖြစ်နိုင်ပါတယ်။

ဒီအချက်အလက်တွေကို အသေအချာလေ့လာမှတ်သားထားပြီး မုန်တိုင်းတိုက်ခတ်တဲ့အချိန်မှာ ဘေးကင်းလုံခြုံစွာ နေထိုင်ဖို့ တိုက်တွန်းပါတယ်။ အားလုံးပဲ ဘေးကင်းလုံခြုံကြပါစေ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ မေ 29, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း နိုဝင်ဘာ 14, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။