backup og meta

စက်လှေကားညပ်တာ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 30/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စက်လှေကားညပ်တာ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။

    Shoping mallတွေ သွားတဲ့အခါ စက်လှေကားစီးရင်း ငါ့ခြေထောက်ညပ်သွားရင် ဘယ်လိုလုပ်မလဲလို့ တွေးဖူးလား။ စက်လှေကားညပ်တာ က ထင်သလောက်မရှားပါဘူးနော်။ အမေရိကန်နိုင်ငံမှာတောင် တစ်နှစ်ကို စက်လှေကားနဲ့ ဓာတ်လှေကားကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရသူ ၁၇,၀၀၀နဲ့ သေဆုံးသူ ၃၀လောက် ရှိနေပါတယ်တဲ့။ ဒါဆို စက်လှေကားညပ်တာ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။

    စက်လှေကားညပ်တာ ဘာကြောင့် ဖြစ်ကြတာလဲ။

    များသောအားဖြင့်တော့ စက်ပစ္စည်းရဲ့ ချို့ယွင်းမှုကြောင့် ဖြစ်ရတာပါ။ အသုံးပြုတဲ့ သူတွေကြောင့်လည်း ဖြစ်နိုင်သလို မတော်တဆ ဖြစ်သွားတာမျိုးလည်း ရှိပါတယ်။

    စက်ပစ္စည်းတွေကြောင့်ဆိုရင်တော့

    • စက်လှေကားကို ပုံမှန်ထိန်းသိမ်းမှု မလုပ်တာ

    စက်လှေကား ဆိုတာ တစ်နေ့ကို နာရီပေါင်းများစွာ ဆက်တိုက်အလုပ်လုပ်ရပြီး ဝန်အလေးကြီးတွေကိုလည်း တင်ဆောင်ထားရတာပါ။ ဒါကြောင့် ပုံမှန်ထိန်းသိမ်း စစ်ဆေးတာမျိုး မလုပ်ဘူးဆိုရင် ဘယ်က ပျက်လို့ပျက်မှန်းမသိဘဲ လူထိခိုက်မှပဲ သိလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။

    • လှေကားထစ်တွေ ပျက်စီးနေတာ

    လှေကားထစ်တွေက ဝန်အလေးကြီးတွေကို ထမ်းပြီး တက်လိုက် ဆင်းလိုက် လုပ်နေရတာဆိုတော့ ကျွံကျ ပျက်စီးတာ အဖြစ်များပါတယ်။

    • လက်တန်းတွေ ကောင်းကောင်း အလုပ်မလုပ်တာ

    စစချင်း စက်လှေကားပေါ် တက်မယ်ဆိုရင် လက်တန်းလေးကို ကိုင်ပြီး အဆင်ပြေတာမလား။ စီးနေရင်လည်း လက်တန်းလေးကို ကိုင်စီးတာ ပိုပြီး စိတ်ချရတယ်လေ။ ရုတ်တရက် လက်တန်းက ရပ်သွားရင် စက်လှေကားက ဆက်သွားနေတော့ လူကို ဆောင့်လိုက်သလို ဖြစ်ပြီး မတော်တဆ ပြုတ်ကျနိုင်တာပေါ့။

    ဒီလိုဆိုလို့ လက်တန်းမကိုင်ဘဲ စီးရမှာ မဟုတ်ပါဘူးနော်။ လှုပ်နေတဲ့ စက်လှေကားမှာ လက်တန်းလေး ကိုင်ထားမှ ကိုယ်နေဟန်ချက်ကို ထိန်းနိုင်မှာပါ။ လက်တန်းကို မသုံးခိုင်းတာထက် ပုံမှန်စစ်နေပေးဖို့က ပိုအရေးကြီးတာ ဖြစ်ပါတယ်။

    • အတက်အဆင်းနေရာက ဘီးသွားစိတ်လေးတွေ မကောင်းတာ

    အတက်အဆင်းနေရာမှာ လှေကားထစ်လေးတွေ ဝင်သွားတဲ့ ဘီးသွားစိတ်လို နေရာလေးတွေ ရှိတယ်ဟုတ်။ စက်လှေကားညပ်ပြီဆိုရင်လည်း အဲ့နေရာမှာ ညပ်တာတ အများဆုံးပါ။ ပုံမှန်ပြုပြင်ထိန်းသိမ်းတာမျိုး မလုပ်တဲ့အခါကျတော့ မူလီတွေချောင်၊ ဘီးသွားစိတ်တွေ ပျက်စီးပြီး ဖိနပ်ကြိုးတွေ၊ အဝတ်စတွေ ညပ်တာကြောင့် လူပါ ညပ်သွားတာ ဖြစ်ပါတယ်။

    • လျှပ်စစ်အား မငြိမ်တာ

    ခုဆို Shopping mallတွေမှာလေ စက်လှေကား တစ်ဖက်က လာ၊ တစ်ဖက်က မလာတာမျိုးတွေ ရှိတယ်ဟုတ်။ တစ်ခါတလေ ခြေကျင်တက်ရင်း တန်းလန်းနဲ့ ရုတ်တရက် စက်လှေကားကြီး ရွေ့လာတာလည်း ကြုံဖူးမှာပါ။ ဒါက အန္တရာယ်များပါတယ်။ ရုတ်တရက် ဆောင့်တွန်းလိုက်သလိုဖြစ်ပြီး ချော်ကျတာ၊ မှောက်ရက်လဲတာတွေ ဖြစ်တတ်ပါတယ်။

    • ကြမ်းပြင်ချောနေတာ

    အထူးသဖြင့် တက်ခါနီး၊ ဆင်းခါနီး နေရာမှာ ချောနေတယ်ဆိုရင် ချော်လဲပြီး အန္တရာယ်ဖြစ်တတ်ပါတယ်။

    လူတွေပေါ့ဆမှုကြောင့် ဖြစ်တဲ့ပြဿနာတွေကတော့

  • စက်လှေကားအပေါ်ကို လူတွေ အများကြီးတက်တာ
  • စက်လှေကားက သူခံနိုင်တာထက် အများကြီး ပိုသယ်ရတဲ့အခါဖြစ်ဖြစ်၊ လူတွေက အတင်းလောပြီး တစ်ယောက်နဲ့ တစ်ယောက် အတင်းကျော်တက်ရင်ဖြစ်ဖြစ် မတော်တဆ ချော်လဲတာ၊ ပြုတ်ကျတာ၊ ညပ်တာတွေ ဖြစ်တတ်ပါတယ်။

    • စက်လှေကားပေါ်မှာ အန္တရာယ်များတဲ့ အပြုအမူတွေ လုပ်တာ

    စက်လှေကားကို ပြောင်းပြန်တက်တာ၊ စက်လှေကားဘေးက ဘရပ်ရှ်လေးတွေမှာ ဖိနပ်၊ ခြေထောက်ကို ထိုးပြီး သန့်ရှင်းရေး လုပ်တာကြောင့် ညိပြီး ထိခိုက်တတ်ပါတယ်။

    စက်လှေကားကြောင့် ဘယ်လိုထိခိုက်တွေ ရနိုင်သလဲ။

    စက်လှေကားနဲ့ ပတ်သက်ပြီး စက်လှေကားညပ်တာ တစ်ခုတည်း ဖြစ်တတ်တာ မဟုတ်ပါဘူး။ ချော်လဲတာ၊ မတော်တဆ ပြုတ်ကျတာတွေ ဖြစ်ပြီး

    • ခြေပွတ်တိုင်လည်သွားတာ
    • အသားတွေ ပွန်းပဲ့ပြီး စုတ်ပြဲတာ
    • ခြေချောင်းလက်ချောင်းတွေ ညပ်တာ
    • အရေပြားလှန်တာ
    • အရိုးကျိုးတာ
    • ခါး၊ ဇက်နဲ ကျောရိုးတွေ ထိခိုက်ဒဏ်ရာရတာာ
    • ဓာတ်လိုက်တာတွေ ဖြစ်တတ်ပါတယ်။

    စက်လှေကားညပ်တာ မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။

    စက်လှေကားညပ်တာ အပါအဝင် တခြားမတော်တဆမှုတွေ မဖြစ်စေဖို့ တာဝန်ရှိသူတွေက စက်လှေကားကို ပုံမှန်ပြုပြင် ထိန်းသိမ်းသင့်ပါတယ်။

    အသုံးပြုသူတွေဘက်ကလည်း ကိုယ်တိုင် အန္တရာယ်ကင်းရှင်းစေဖို့

    • စက်လှေကားမှာ ရပ်တဲ့အခါ လှေကားထစ်ရဲ့ အလယ်မှာ ရပ်ပါ။ ဘေးအစွန်းတွေကို ရှောင်ပါ။
    • လက်ကိုင်တန်းကို ကိုင်စီးပါ။ မတော်တဆ စက်လှေကားရပ်သွားရင် ဒါမှမဟုတ် သူများက ကိုယ့်ကို တိုက်သွားရင်တောင် မပြုတ်ကျအောင် ထိန်းထားနိုင်မှာပါ။
    • ဖိနပ်ကြိုးတွေ၊ အဝတ်စတွေကို ဂရုစိုက်ပါ။ စက်လှေကားမှာ ညပ်ပြီး လူပါပါသွားတတ်ပါတယ်။
    • ခြေထောက်တွေ၊ ဖိနပ်တွေကို ဘေးနားက ဘရပ်ရှ်မှာ သန့်ရှင်းရေး သွားမလုပ်ပါနဲ့။ မတော်တဆ ညပ်သွားတတ်ပါတယ်။
    • ကလေးတွေနဲ့ စီးရင် ပိုပြီး ဂရုစိုက်ပါ။ စစီးတည်းက ဆင်းတဲ့အချိန်အထိ ကလေးရဲ့ လက်ကို ဆွဲထားပါ။ လူများတယ်ဆို လူတိုးမခံရအောင် ကိုယ်နဲ့ ကာထားပါ။
    • စက်လှေကားရဲ့ အရေးပေါ် ပိတ်တဲ့ ခလုတ်ကို ရှာထားပါ။ ဒါမှ ကိုယ်တိုင်ဖြစ်ဖြစ် တခြားတစ်ယောက်ယောက်ဖြစ်ဖြစ် အန္တရာယ်ဖြစ်တဲ့အခါ ချက်ချင်းပိတ်ပြီး ကူညီနိုင်မှာ ဖြစ်ပါတယ်။

    စက်လှေကား စီးတဲ့အခါ အန္တရာယ်ကင်းစေဖို့

    စက်လှေကားညပ်တာ ၊ ချော်လဲပြုတ်ကျတာတွေ ဖြစ်တတ်တယ်ဆိုပေမဲ့ သတိထားမယ်ဆိုရင် ဒီအန္တရာယ်တွေကို ရှောင်လို့ ရပါတယ်။ တာဝန်ရှိသူတွေဘက်ကလည်း အသုံးပြုသူတွေ အန္တရာယ်ကင်းအောင် ပုံမှန်ပြုပြင်ထိန်းသိမ်းဖို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 30/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement