backup og meta

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


24/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

    ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။

    မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ

    ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။

    ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ ဓာတ်ဆီစုပ်ရင်း ပါးစပ်ထဲ ဝင်သွားတာလည်း ဖြစ်တတ်ပါတယ်။

    ဒါကတော့ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ လမ်းကြောင်းတွေပါ။

    ခန္ဓာကိုယ်ထဲကို ဓာတ်ဆီ ဝင်လာခဲ့ရင် ဘာတွေ ဖြစ်လာနိုင်သလဲ

    ဝင်လာတဲ့ လမ်းကြောင်းပေါ် မူတည်ပြီး လက္ခဏာတွေက ကွာခြားနိုင်ပါတယ်။ ဝင်လာတဲ့ ပမာဏ၊ ဘယ်လောက်ကြာကြာထိတွေ့ထားလဲ စတဲ့ အချက်တွေပေါ်လည်း မူတည်ပါတယ်။

    ဓာတ်ဆီငွေ့တွေ ရှူမိတယ်ဆိုရင်

    ဓာတ်ဆီငွေ့က အသက်ရှူလမ်း‌ကြောင်းနဲ့ အဆုတ်ကို ကသိကအောက် ဖြစ်စေပါတယ်။ များလွန်းရင် သွေးထဲကို ရောက်သွားနိုင်ပါတယ်။ သွေးထဲရောက်သွားတဲ့အခါ တစ်ရှူးတွေက အောက်ဆီဂျင် ကောင်းကောင်းမရတာကြောင့် ပျက်စီးလာပါတယ်။

    လက္ခဏာအနေနဲ့

    • ခေါင်းမူးတာ
    • ခေါင်းကိုက်တာ
    • မျက်နှာတွေ ပူလာတာ
    • ချောင်းဆိုးတာ
    • ယိုင်တိုင်တိုင်ဖြစ်လာတာ
    • စကားတွေ လေးလာတာ
    • အမြင်တွေ ဝါးလာတာ
    • အသက်ရှူကျပ်တာတွေ ဖြစ်လာပါတယ်။

    ပိုဆိုးရင်တော့ တက်တာ၊ ကိုမာဝင်တာ၊ နှလုံးခုန်မမှန်တာ၊ နှလုံးပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။

    အရေပြားမှာ ထိတွေ့မိတဲ့အခါ

    ဓာတ်ဆီ အနည်းအပါး ပေတာ၊ ခဏလောက် ပေတာက အန္တရာယ်မရှိပါဘူး။ အရေပြားက ဓာတ်ဆီမှာပါတဲ့ ဓာတုပစ္စည်းတွေကို အလွယ်တကူ မစုပ်ယူနိုင်ပါဘူး။ ဒါပေမယ့် အချိန်ကြာကြာ ပမာဏများများ ထိတွေ့ရင်တော့ အရေပြားထဲ ရောက်သွားနိုင်ပါတယ်။ ဒါဆိုရင်တော့

    • အရေပြား လောင်တာ
    • ရောင်ရမ်းတာ
    • အရည်ကြည်ဖုတွေ ထတာ
    • ပြည်လို အရည်တွေ ထွက်တာ
    • မျက်လုံးထဲ ဝင်ရင် အမြင်ခဏကွယ်သွားတာ၊ မျက်စိနာတာ၊ မျက်ဝတ်ထွက်တာတွေ ဖြစ်တတ်ပါတယ်။

    မတော်တဆ သောက်မိတဲ့အခါ

    ဓာတ်ဆီကို အစာအိမ်က တခြားအဆိပ်တွေလောက် မစုပ်ယူနိုင်ဘူးဆိုပေမယ့် အန္တရာယ်ကတော့ ရှိပါတယ်။ အကြီးမားဆုံး အန္တရာယ်က ဓာတ်ဆီကို သောက်မိပြီး သီးတဲ့အခါ ဒါမှမဟုတ် အန်တဲ့အခါ အဆုတ်ထဲကို ဝင်သွားတတ်ပါတယ်။ အဆုတ်က ဓာတ်ဆီကို အလွယ်တကူ စုပ်ယူနိုင်တာကြောင့် chemical pneumonitis ဆိုတဲ့ အဆုတ်ရောင်ပြဿနာ ဖြစ်လာနိုင်ပါတယ်။

    လူကြီးတွေမှာ ၂အောင်စသာသာလောက် သောက်မိရင်ကို အဆိပ်သင့်နေပါပြီ။ ၁၂အောင်စဆိုရင်တော့ သေဆုံးတဲ့အထိ  ဖြစ်သွားနိုင်ပါတယ်။ ကလေးတွေမှာဆိုရင်တော့ အောင်စဝက်လောက်နဲ့တင် အသက်အန္တရာယ် ဖြစ်သွားနိုင်ပါတယ်။

    မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

    • အန်တာ
    • ရင်ပူတာ
    • မူးတာ
    • စကားတွေ ဗလုံးဗထွေးပြောတာ
    • မျက်နှာရဲလာတာ
    • ယိုင်တိုင်တိုင်ဖြစ်တာ
    • တက်တာ
    • သတိလစ်တာ
    • အဆုတ်နဲ့ ကိုယ်တွင်းအင်္ဂါတွေ သွေးယိုတာ
    • နှလုံးပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။

    ဓာတ်ဆီမျိုချမိတဲ့အခါ အစာအိမ်ကိုသာမက အဆုတ်ပါ ထိခိုက်တတ်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။

    မတော်တဆ ဓာတ်ဆီပါးစပ်ထဲဝင်တဲ့အခါ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာများ

    မတော်တဆ ဓာတ်ဆီနဲ့ ထိတွေ့မိတဲ့အခါ   ဘယ်လိုနောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်လဲဆိုတာက

    • လူနာက ဓာတ်ဆီကို သောက်မိတာလား၊ ရှူမိတာလား၊ ထိမိတာလားဆိုတာနဲ့ ဆိုင်သလို
    • ဘယ်လောက်ပမာဏကို ထိတွေ့မိတာလဲ
    • အချိန်ဘယ်လောက်ကြာလဲ
    • လူနာရဲ့ အသက်၊ ကိုယ်အလေးချိန်၊ ကျား/မ
    • တခြား အဆိပ်ဖြစ်စေတာတွေနဲ့ရော ထိတွေ့မိတာ ရှိသေးလား စတဲ့ အချက်တွေပေါ် မူတည်ပါတယ်။

    ဓာတ်ဆီဆိုင်မှာ တန်းစီနေတုန်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်နေပေမယ့် အချိန်ကြာကြာ၊  ပမာဏများများ မထိတွေ့ဘူးဆိုရင် ပြဿနာမရှိပါ။ ဓာတ်ဆီကို ပိုက်နဲ့ စုပ်နေတုန်း မတော်တဆ ပါးစပ်ထဲကို အနည်းငယ်ဝင်သွားပေမယ့် ချက်ချင်းထွေးထုတ်လိုက်တယ်၊ ရေနဲ့ ကျင်းလိုက်တယ်၊ မျိုချမိတာ၊ သီးတာ မရှိဘူးဆိုရင်လည်း ပြဿနာမရှိပါ။

    အများကြီးထိတွေ့မိတာဆိုရင်တော့ အောက်ပါ နောက်ဆက်တွဲပြဿနာတွေ ဖြစ်တတ်ပါတယ်။

    အာရုံကြောစနစ်– အာရုံကြောကို ဖိနှိပ်လိုက်သလိုဖြစ်ပြီး သတိမကောင်းတာ၊ မူးဝေနေတာ၊ ပျို့တာ၊ ခေါင်းကိုက်တာ၊ အမြင်ဝါးတာ၊ ကြွက်သားတွေ အားနည်းတာတွေ ဖြစ်တတ်ပါတယ်။ အများကြီး မျိုချမိတာဆိုရင်တော့ ဦးနှောက်အလုပ်မလုပ်တော့တာ၊ အသက်မရှူနိုင်တော့တာ၊ တက်တာ၊ သတိလစ်တာ၊ ကိုမာဝင်တာ၊ သေဆုံးတာအထိ  ဖြစ်တတ်ပါတယ်။

    အသက်ရှူစနစ်– ဓာတ်ဆီက အသက်ရှူလမ်းကြောင်းက အမြှေးပါးတွေကို လောင်စားစေပြီး အဆုတ်ရောင်တာ ဖြစ်တတ်ပါတယ်။ ပန်းနာရင်ကျပ်လိုမျိုး ဖြစ်တတ်ပါတယ်။ Chemical pneumonitisလို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါ ဖြစ်တတ်ပါတယ်။

    နှလုံး– အသက်အန္တရာယ် ဖြစ်စေနိုင်လောက်တဲ့ နှလုံးခုန်မမှန်တာမျိုး ဖြစ်တတ်ပါတယ်။

    ကျောက်ကပ်– ပမာဏအများကြီး ရှူမိတဲ့အခါ ကျောက်ကပ်ပျက်တတ်ပါတယ်။ မျိုချမိတာဆိုရင်လည်း ကျောက်ကပ်ပြွန်လေးတွေ ပျက်စီးပြီး ဆီးဆိပ်တွေကို ဖယ်နိုင်စွမ်း ကျသွားပါတယ်။ ဆီးသွားနည်းလာပါတယ်။

    အစာခြေစနစ်– လောင်စားတတ်တဲ့ အာနိသင်ရှိတာကြောင့် အူလမ်းကြောင်းတလျှောက်က အင်္ဂါတွေ အကုန်လုံးကို ရောင်ရမ်းစေပါတယ်။

    အရေပြား– အသားလောင်တာ၊ ရောင်ရမ်းတာ၊ အချိန်ကြာကြာ ထိတွေ့မိရင် မီးလောင်သလို အရည်ကြည်ဖုတွေ ထတာ၊ နီရဲတာတွေ ဖြစ်တတ်ပါတယ်။

    မျက်လုံး– မျက်စိနာပြီး မြင်လွှာထိခိုက်တတ်ပါတယ်။

    မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဘယ်လိုကုသကြမလဲ

    ဓာတ်ဆီအတွက် သီးသန့်ဖြေဆေး မရှိပါဘူး။ ဒါကြောင့် ရှေးဦးသူနာပြုစုနည်းနဲ့ ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို ကုသတဲ့နည်းကသာ အကောင်းဆုံးပါ။ ဓာတ်ဆီရှူမိ၊ သောက်မိ၊ ထိမိတဲ့ လူအများစုကလည်း ပြန်ကောင်းကြပါတယ်။

    ဒီလို ပြန်ကောင်းကြတယ်ဆိုတာကလည်း အချိန်မီပြုစုကယ်ဆယ်နိုင်တာကြောင့်ပါ။

    မိမိပတ်ဝန်းကျင်မှာ တစ်ယောက်ယောက်က ဓာတ်ဆီကို သောက်လိုက်တယ်၊ အများကြီး ရှူမိတယ်၊ ထိတွေ့မိတယ် ဆိုပါစို့။ ချက်ချင်း ဆေးရုံသွားဖို့ ပြင်ထားပါ။ ပြင်နေတဲ့ အတောအတွင်းမှာ

    • ရှူမိတဲ့ လူနာဆိုရင် ချက်ချင်း လေဝင်လေထွက်ကောင်းတဲ့ နေရာကို ပို့ပါ။
    • ထိတွေ့မိတာဆိုရင်တော့ အဝတ်အစားတွေ အကုန်လုံးကို လဲပစ်ပါ။ ရေများများနဲ့ ချိုးချပါ။ အနည်းဆုံး ၁၅မိနစ်လောက် ရေပန်းအောက်မှာဖြစ်ဖြစ်၊ ခွက်နဲ့ဖြစ်ဖြစ် ဆက်တိုက်လောင်းချပြီး ဆပ်ပြာနဲ့ သန့်စင်ပါ။
    • မျက်လုံးထဲ ဝင်သွားတာဆိုရင်လည်း ရေဖွားဖွားနဲ့ ၁၅မိနစ်- မိနစ်၂၀လောက် ဆေးချပါ။ မျက်ကပ်မှန်တပ်ထားရင် ချွတ်လိုက်ပါ။
    • သောက်မိပြီဆိုရင်တော့ လူနာကို ငြိမ်ငြိမ်ထားပါ။ လက်ထိုးပြီး မအန်ပါနဲ့။ ရေတွေ အများကြီး မသောက်ချပါနဲ့။ မတော်တဆ အန်လိုက်ပြီဆိုရင် ဘေးစောင်းထားပါ။ ဆေးရုံတန်းသွားပါ။ လမ်းခရီးက ဝေးလို့ လူနာက ရေဆာတယ်၊ သတိလည်း ကောင်းတယ်၊ တက်လည်း မတက်ဘူး၊ ကောင်းကောင်းလည်း မျိုချနိုင်တယ်ဆိုရင် အနည်းငယ် တိုက်နိုင်ပါတယ်။

    ဆေးရုံရောက်ရင်တော့ နောက်ဆက်တွဲပြဿနာတွေအတွက် ကုသမှုတွေ စတင်ပါလိမ့်မယ်။

    မတော်တဆ ဓာတ်ဆီကို မျိုချမိတာက ဖြစ်ခဲတယ်ဆိုပေမယ့် ဖြစ်လာခဲ့ရင် ကယ်ဆယ်နိုင်အောင် ကြိုတင်လေ့လာထားသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    24/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement