backup og meta

နီကိုတင်းကပ်ခွာ သုံးပြီး ဆေးလိပ်ဖြတ်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 01/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နီကိုတင်းကပ်ခွာ သုံးပြီး ဆေးလိပ်ဖြတ်ကြမယ်

    ဆေးလိပ်ဖြတ်တဲ့အခါ တိခနဲ ဖြတ်ဖို့ ခက်နေရင် Nicotine replacement therapy (NRT)လို့ခေါ်တဲ့ နီကိုတင်း အစားထိုး ကုထုံးတွေရဲ့ အကူအညီကို ယူနိုင်ပါတယ်။ နီကိုတင်း အစားထိုး ကုထုံးမှာ နီကိုတင်းကပ်ခွာ ၊ ရှူဆေး၊ ငုံဆေး စသဖြင့် အစားစား ရှိပါတယ်။ ဒီတစ်ခေါက်တော့ နီကိုတင်းကပ်ခွာကို သုံးပြီး ဆေးလိပ်ဖြတ်နည်းအကြောင်း ပြောပြပေးချင်ပါတယ်။

    နီကိုတင်းကပ်ခွာဆိုတာ

    ဆေးလိပ်သောက်တဲ့သူတွေရဲ့ ၇၀ရာခိုင်နှုန်းက ဆေးလိပ်ဖြတ်ချင်စိတ် ရှိကြပါတယ်။ ဒါပေမဲ့ စွဲလမ်းစေတဲ့ နီကိုတင်းကြောင့် မပြတ်နိုင်ဘဲ ပြန်ပြန်ပြီး သောက်မိနေကြတာ ဖြစ်ပါတယ်။ နီကိုတင်းသက်သက်က ကျန်းမာရေးအရ ဆေးလိပ်လောက် မထိခိုက်ပါဘူး။ ဒါကြောင့်လည်း နီကိုတင်းကို သုံးပြီး ဆေးလိပ်ဖြတ်ကြတာပါ။

    ဒါပေမဲ့ နီကိုတင်းကို စွဲပြီး ဆေးလိပ်သောက်မိတဲ့အခါ အန္တရာယ်ရှိပစ္စည်းတွေ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတာ၊ မသောက်ရ မနေနိုင်ဖြစ်ပြီး ဆက်ကာ ဆက်ကာ သောက်မိတာကြောင့် အချိန်ကြာလာတာတဲ့အခါ ကျန်းမာ‌ရေးကို အကြီးအကျယ်ထိခိုက်လာပါတယ်။

    နီကိုတင်းကို သုံးပြီး ဆေးလိပ်ဖြတ်တဲ့အခါ နည်းအမျိုးမျိုးရှိပြီး နီကိုတင်းကပ်ခွာကတော့ အလွယ်ဆုံးနဲ့ အလုပ်ရှုပ်အသက်သာဆုံးပါ။ နီကိုတင်းကပ်ခွာကို ကပ်ထားတဲ့အခါ နီကိုတင်းတွေက အရေပြားကနေတဆင့် သွေးထဲကို ရောက်ပြီး ဆေးလိပ်သောက်ချင်စိတ် ဖြစ်တာကို တားဆီးပေးပါတယ်။ ဒီလိုနည်းနဲ့ ဆေးလိပ်ပြတ်စေပါတယ်။

    နီကိုတင်းကပ်ခွာကို ဘယ်လိုအသုံးပြုရမလဲ

    အသုံးပြုနည်းက လွယ်ပါတယ်။

    • ကပ်ခွာကို ခွာပြီး ကိုယ်ကပ်ချင်တဲ့နေရာမှာ ကပ်လိုက်ရုံပါပဲ။
    • အမွေးအမျှင်မရှိ၊ အရေပြားမှာ ယားယံရောင်ရမ်းတာမရှိတဲ့ နေရာမှာကပ်ပါ။ အဆီမပြန်တဲ့နေရာလည်း ဖြစ်ဖို့ လိုပါတယ်။
    • ပြီးရင် သေချာကပ်အောင် အပေါ်ကနေ ၁၀စက္ကန့်လောက် လက်ဖဝါးနဲ့ ဖိထားပါ။
    • ကပ်ခွာမှာ နီကိုတင်းတွေ ပေနေတာကြောင့် ကပ်ပြီးတာနဲ့ လက်ကို ရေနဲ့ ဆပ်ပြာသုံးပြီး သေချာဆေးပါ။
    • နေ့စဉ် အချိန်မှန် ကပ်ခွာကို လဲပေးပါ။
    • တစ်နေရာမှာ ၁ပတ်ထပ် ပိုမကပ်သင့်ပါ။
    • ကပ်ခွာကို သေးသေးလေးတွေ ညှပ်ပြီး ကပ်တာ၊ တစ်ခါကပ်ရင် တစ်ခုထပ် ပိုကပ်တာလည်း မလုပ်ရပါဘူး။
    • ကပ်ခွာတစ်ခုကို ၂၄နာရီထက်ကြာအောင် မကပ်သင့်ပါဘူး။ အရေပြား လောင်တာ၊ ကပ်ခွာကွာလွယ်တာတွေ ဖြစ်နိုင်ပါတယ်။

    နီကိုတင်းကပ်ခွာ သုံးတဲ့အခါ ဘာတွေ သတိထားရမလဲ

    • ပမာဏကို အရင်တွက်ပါ။

    နီကိုတင်းကပ်ခွာတွေမှာ နီကိုတင်း ၇မီလီဂရမ်၊ ၁၄မီလီဂရမ်၊ ၂၁မီလီဂရမ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ကိုယ်ဘယ်လောက်‌သောက်ခဲ့လဲပေါ် မူတည်ပြီး ပမာဏတွေ ကွဲသွားနိုင်ပါတယ်။ ဥပမာ တစ်ရက်ကို ၁၀လိပ်လောက် သောက်ခဲ့တဲ့သူဆိုရင်တော့ ၂၁မီလီဂရမ်ပါတဲ့ ကပ်ခွာလောက် သုံးရနိုင်ပါတယ်။

    • ၂၄နာရီကြာအောင် ကပ်ထားရပါတယ်။

    နီကိုတင်းအာနိသင်ကို အပြည့်အဝရနေဖို့ဆိုရင် ၂၄နာရီလုံး ကပ်ထားဖို့ လိုပါတယ်။ ကပ်ခွာတွေက ‌ရေစိုခံဖြစ်တာကြောင့် ရေချိုးချိန်မှာပါ ကပ်ထားနိုင်ပါတယ်။ မနက်မိုးလင်းထဲက ကပ်ထားလိုက်ပြီး နောက်နေ့ မနက် အိပ်ရာနိုးမှ အသစ်လဲနိုင်ပါတယ်။

    တကယ်လို့ နီကိုတင်းရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ အိပ်မက်ဆိုးတွေ မက်တာကို ခံစားရတယ်ဆိုရင် ညအိပ်ချိန်မှာ ဖြုတ်ထားပြီး မနက်ကျမှ အသစ်ပြန်ကပ်ပါ။

    • သန့်ရှင်းပြီး အမွေးမရှိတဲ့နေရာမှာ ကပ်ပါ။

    များသောအားဖြင့်တော့ ကိုယ်လက်လှမ်းမီနိုင်တဲ့ ရင်ဘတ်၊ ပခုံး၊ လက်မောင်းအတွင်းသား၊ နောက်ကျော စတဲ့နေရာ‌တွေမှာ နီကိုတင်းကပ်ခွာ တွေကို ကပ်ကြပါတယ်။ ထိခိုက်ရှနာ ဖြစ်တဲ့နေရာတွေ၊ အဆီပြန်တဲ့နေရာတွေ၊ အမွေးအမျှင်ရှိတဲ့နေရာတွေမှာတော့ မကပ်သင့်ပါဘူး။

    • နေရာပြောင်းပြောင်းပြီး ကပ်ပေးပါ။

    အရေပြား ယားယံတာ၊ အဖြူကွက်တွေ မဖြစ်အောင် နေရာပြောင်းပြောင်းပြီး ကပ်ပေးပါ။ တစ်နေရာကို တစ်ပတ်ထက်ပိုပြီး မကပ်ပါနဲ့။

    • ကပ်ခွာကို သေချာစွန့်ပစ်ပါ။

    သုံးပြီးလို့ အသစ်လဲမယ်ဆိုရင် အဟောင်းကို သေချာစွန့်ပစ်ပါ။ စွန့်ပစ်တဲ့အခါ နီကိုတင်းကပ်ခွာ အစနှစ်ဖက်ကို ပူးကပ်ပြီး စွန့်ပစ်နိုင်ပါတယ်။

    • ကပ်ခွာသုံးနေတုန်း ဆေးလိပ်သောက်မိလည်း ဆက်ကပ်ထားပါ။

    တချို့တွေက ကပ်ခွာကပ်နေတုန်း ဆေးလိပ်သောက်မိတဲ့အခါ ဘာလုပ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။ ဘာမှလုပ်စရာမလိုပါဘူး။ ဆေးလိပ်ကိုသာ ကိုယ်နဲ့ ခပ်ဝေးဝေးမှာထားပါ။ ကပ်ခွာတွေကို ပုံမှန်အတိုင်း ဆက်ကပ်နိုင်ပါတယ်။ ၂၄နာရီပြည့်မှသာ အသစ်လဲပါ။

    နီကိုတင်းကပ်ခွာ သုံးရင် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်သလဲ။

    အဖြစ်အများဆုံးကတော့

    • အ‌ရေပြား ယားယံတာ၊ ရောင်ရမ်းတာ – ဒါတွေ ဖြစ်လာခဲ့ရင် ကပ်ခွာကပ်တဲ့နေရာကို ပြောင်းလိုက်ပါ။
    • ခေါင်းကိုက်တာ – နီကိုတင်း ပမာဏ များလို့ ဖြစ်နိုင်ပါတယ်။ ပမာဏကို လျှော့ကြည့်ပါ။
    • အိပ်မပျော်တာ၊ အိပ်မက်ဆိုးတွေ မက်တာ – ညအိပ်ခါနီးရင် ကပ်ခွာကို ဖြုတ်ပြီး မနက်ကျမှ အသစ်ပြန်ကပ်ပါ။

    နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ နီကိုတင်းကပ်ခွာ အသုံးမပြုခင် ဒီအချက်တွေ ရှိရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

  • ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ နှလုံးသွေးကြောပိတ်ပြီး အမောဖောက်ဖူးရင်
  • နှလုံးစည်းချက်မမှန်ရင်
  • နှလုံးသွေးကြောကျဉ်းပြီး ရင်ဘတ်အောင့်တဲ့ ဝေဒနာ ပိုဆိုးနေရင်
  • ကပ်ခွာနဲ့ မတည့်နိုင်လောက်တဲ့ အရေပြားရောဂါ တစ်ခုခု ရှိရင် (ဥပမာ နှင်းခူနာ)
  • ကိုယ်ဝန်ဆောင်နေတာ၊ နို့တိုက်နေတာ
  • အသက် ၁၈နှစ်အောက် ဖြစ်မယ်ဆိုရင် သုံးသင့် မသင့်ဆိုတာ အရင်တိုင်ပင်ဖို့ လိုပါတယ်။
  • နီကိုတင်းကပ်ခွာတွေက တကယ်ရော အစွမ်းထက်ရဲ့လား

    နီကိုတင်းကပ်ခွာ တွေက တခြား နီကိုတင်းအစားထိုးကုထုံးတွေ ဖြစ်တဲ့ ငုံဆေးတွေ၊ ရှူဆေးတွေ၊ စပရေးတွေလိုပဲ အာနိသင်ကောင်းတယ်လို့ဆိုပါတယ်။

    ကပ်ခွာကို တခြား နီကိုတင်းအစားထိုးကုထုံးတွေနဲ့ ရောသုံးပေးမယ်ဆိုရင် ဆေးလိပ်ဖြတ်လို့ ယင်းထတာကို သက်သာစေနိုင်ပါတယ်။ အထူးသဖြင့် ဆေးလိပ်ပြန်သောက်ချင်စိတ် ဖြစ်နေပြီဆိုရင် ကပ်ခွာရဲ့ နီကိုတင်းပမာဏကို တိုးတာ ဒါမှမဟုတ် တခြားကုထုံးတွေနဲ့ ပေါင်းသုံးတာတွေ လုပ်နိုင်ပါတယ်။

    နီကိုတင်းကပ်ခွာက များသောအားဖြင့် ၈ပတ်ကနေ ၁၂ပတ်လောက်အထိ သုံးရတတ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ကိုယ့်ရဲ့ အခြေအနေပေါ်မူတည်ပြီး ပမာဏကို လျှော့လို့ ရပါတယ်။ ဒီလိုနည်းနဲ့ ဆေးလိပ်ဖြတ်ကြတာ ဖြစ်ပါတယ်။

    နီကိုတင်းကပ်ခွာကို ဘယ်မှာဝယ်ရမလဲ

    မြန်မာနိုင်ငံအနေနဲ့ နီကိုတင်းကပ်ခွာကို ပေါပေါများများ မရနိုင်သေးပါဘူး။ ဆေးဆိုင်ကြီးတွေနဲ့ ဆေးရုံကြီးတွေမှာ စုံစမ်းကြည့်နိုင်ပါတယ်။ စစချင်း သုံးမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ အသုံးပြုဖို့ အကြံပေးချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 01/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement