brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

Thrift အဝတ်အစား တွေကနေ ကူးစက်နိုင်တဲ့ ရောဂါများ

ဒီနှစ်ပိုင်းတွေမှာ Thrift အဝတ်အစားတွေက တော်တော်ကြီး တွင်ကျယ်လာပါတယ်။ ကွန်တိန်နာကျတွေဆိုပြီး စျေးကွက်ထဲမှာ အများကြီး ရှိပါတယ်။ Thrift အဝတ်အစားတွေက ပတ်ဝန်းကျင် ညစ်ညမ်းမှုကို လျှော့ချပေးနိုင်တာ၊ စျေးသက်သာတာတွေကြောင့် ဝတ်တဲ့သူလည်း များပါတယ်။ ဒါပေမဲ့ Thrift အဝတ်အစား တွေကနေ ကူးစက်နိုင်တဲ့ ရောဂါများနဲ့ ဘယ်လိုမကူးစက်အောင် ကာကွယ်ကြမလဲဆိုတာကိုတော့ သိထားရပါမယ်။

Thrift အဝတ်အစား တွေကနေ ကူးစက်နိုင်တဲ့ ရောဂါများ

Thrift အဝတ်အစား တွေကနေ ဘယ်လိုမျိုး ကူးစက်တာလဲ

Thrift အဝတ်အစား တော်တော်များများကို ရောင်းတဲ့သူတွေက အနည်းဆုံးတစ်ခေါက်လောက် လျှော်ပြီး မီးဖိုထိုးပြီးသားတွေပါ။ တချို့ကျတော့လည်း မလျှော်ဘဲ အထုပ်ဖောက်ပြီး တန်းရောင်းကြတာတွေလည်း ရှိပါတယ်။

Thrift ကိုယ်တိုင်က ဝတ်ပြီးသား အဝတ်အစားဖြစ်သလို ဆိုင်ပေါ်ရောက်တော့လည်း လူတိုင်းက ကိုင်လိုက်၊ စွပ်လိုက်နဲ့ စမ်းဝတ်ကြည့်ကြပါတယ်။ ပြောရမယ်ဆိုရင် အင်္ကျီတစ်ထည်တည်းကို လူတွေ မျှပြီး ဝတ်နေကြတဲ့ ပုံစံနဲ့ တူပါတယ်။

နောက်ပြီး ပိုးရှိတဲ့ အင်္ကျီကို တစ်ယောက်က ကိုင်လိုက်မယ်။ လက်ကို ပိုးပါသွားပြီး နောက်တစ်ထည်ကို ကိုင်မိရင် အဲ့အင်္ကျီကိုပါ ပိုးကရောက်သွားမှာပါ။

အဝတ်အထည်တွေကို လျှော်တဲ့အခါမှာလည်း သန့်တာတွေနဲ့ ရောလျှော်ရင် ပိုးတွေက သန့်တဲ့အဝတ်ဆီကိုပါ ရောက်သွားနိုင်ပါတယ်။

Thrift အဝတ်အစားတွေကနေ ဘယ်လိုရောဂါပိုးတွေ ကူးစက်နိုင်သလဲ

အများဆုံး ကူးစက်နိုင်တဲ့ ပိုးတွေကတော့

  • သန်း

သန်းလို့ ပြောလိုက်ရင် ခေါင်းကသန်းအပြင် ခန္ဓာကိုယ်မှာ တွယ်တဲ့သန်း၊ ဆီးခုံမွေးမှာ တွယ်တဲ့သန်း အကုန်လုံးပါပါတယ်။ များသောအားဖြင့်တော့ အဝတ်အစားတွေကနေ ခန္ဓာကိုယ်မှာ တွယ်တဲ့သန်းတွေ ကူးတတ်ပါတယ်။ ကိုယ်က ဦးထုပ်ဆောင်းကြည့်ခဲ့ရင်တော့ သန်းက ခေါင်းမှာ တွယ်လာနိုင်တာပေါ့။

ဝဲကလည်း ရောဂါရှိသူနဲ့ အဝတ်အစားတွေကို မျှပြီး ဝတ်ရာကနေ ကူးတတ်ပါတယ်။ ခုနကပြောသလို လူတိုင်းက အဝတ်အစားကို စမ်းဝတ်နေကြရင် အများနဲ့ မျှပြီး သုံးရသလို ဖြစ်တာကြောင့် ဝဲလည်း ကူးနိုင်ပါတယ်။

အရေပြားမှိုစွဲတဲ့ရောဂါတွေကလည်း အဝတ်အစားတွေ မျှပြီး ဝတ်ရာကနေတဆင့် ကူးတတ်ပါတယ်။ ကိုယ့်မှာ မှိုရောဂါရှိနေတာကို မသိဘဲ ဝတ်လိုက်မိရင် နောက်လူကိုပါ ရောဂါမျှလိုက်သလို ဖြစ်နေမှာပါ။

Thrift အဝတ်အစား တွေကနေ ရောဂါမကူးအောင် ဘယ်လိုကာကွယ်ကြမလဲ

Thrift အဝတ်အစား တွေကနေ ရောဂါမကူးစေဖို့ဆိုရင်

  • အဝတ်အစားတွေ ဝယ်လာပြီးရင် သေချာလျှော်ပါ

ဒါကတော့ Thriftမှ မဟုတ်ပါဘူး။ စမ်းဝတ်ကြည့်လို့ရတဲ့ အဝတ်အစားတွေ မှန်သမျှကို ကိုယ်တကယ်မဝတ်ခင်မှာ လျှော်ရမှာပါ။ Thrift အဝတ်အစားတွေဆိုရင် မရောင်းခင်မှာ လျှော်ထားရင်တောင် ဆိုင်ပေါ်တင်ပြီးတဲ့အခါ နေ့စဉ်စမ်းဝတ်ကြည့်တာကြောင့် ပိုးတွေ ကပ်နေနိုင်ပါတယ်။

အဝတ်လျှော်တဲ့အခါ များသောအားဖြင့်တော့ ရိုးရိုးရေနဲ့ ဆပ်ပြာမှုန့်နဲ့ စိမ်ပြီး လျှော်ရင် ရပါပြီ။ တချို့အဝတ်တွေကတော့ ရေနွေးနဲ့ စိမ်ပြီး လျှော်ဖို့ လိုနိုင်ပါတယ်။ အသားပေါ်မူတည်ပြီး သင့်တော်တာနဲ့ လျှော်ပါ။

ပထမတစ်ခေါက်မှာတော့ တခြားအဝတ်တွေနဲ့ မရောဘဲ သီးသန့်လျှော်ပါ။ နောက်အခေါက်တွေဆိုရင်တော့ ရောလျှော်လို့ ရပါပြီ။

  • နေပူပြပါ

လျှော်ပြီးသွားရင်လည်း ခြောက်သွေ့အောင် နေပူပြပါ။ ဒါမှမဟုတ် မီးပူသေချာတိုက်ပါ။ ဒါမှ လျှော်ဖွပ်ပြီး ကျန်နေတဲ့ ပိုးမွှားတွေပါ သေမှာပါ။

  • လက်ဆေးပါ

ဆိုင်မှာ အဝတ်တွေကို ကိုင်တွယ်ပြီးရင် လက်ဆေးပါ။ စမ်းဝတ်ကြည့်ထားရင် အိမ်ရောက်တဲ့အခါ ရေချိုးသန့်စင်ပါ။ ဦးထုပ်စမ်းဆောင်းခဲ့ရင် ခေါင်းလျှော်ချပါ။

ဒီလိုနည်းနဲ့ဆိုရင် Thrift အဝတ်အစားတွေကနေ ရောဂါပိုးကူးစက်တာကို လျှော့ချနိုင်ပါတယ်။

အကြံပြုချက်

Thrift အဝတ်အစားတိုင်းက ရောဂါပိုးကူးစေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သန့်ရှင်းမှု အားနည်းတဲ အဝတ်အစားကို ဝတ်မိရင်တော့ ကူးနိုင်ပါတယ်။ ဒါကြောင့် ဝယ်ယူပြီးရင် မဝတ်ခင်မှာ တစ်ကြိမ်လောက်တော့ လျှော်ဖွပ်ပြီးမှ ဝတ်ဖို့ အကြံပြုလိုပါတယ်။

Htet Htet Zaw Win
Htet Htet Zaw Win
Written byHtet Htet Zaw Winအထွေထွေရောဂါကုဆရာဝန် · HHG
16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။