တစ်နေ့တာမှာ အသုံးပြုမယ့် အသုံးအဆောင်တွေကို သန့်ရှင်းအောင် ဂရုစိုက်ပါ။ ညစ်ပေနေတာမျိုးရှိမယ်ဆိုရင် သေချာ သန့်စင်ဆေးကြောပါ။ သောက်ရေခွက်၊ ပန်းကန်ခွက်ယောက်တွေ မသန့်ရှင်းတာကလည်း ဝမ်းပျက်ဝမ်းလျှောတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်သလို အသည်းရောင်ရောဂါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသုံးအဆောင်တွေကို သန့်ရှင်းအောင် ထားပါ။
နေ့စဉ်ထိတွေ့နေရတဲ့ မျက်နှာပြင်တွေ၊ အိမ်ခန်းကြမ်းပြင် စတာတွေကို ပိုးသတ်ပါ။ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေ ရှိနေမယ်ဆိုရင် အအေးမိတာ၊ ရာသီတုပ်ကွေးနဲ့ အရေပြား ပြဿနာတွေကို ဖြစ်စေနိုင်လို့ပါ။
ခန္ဓာကိုယ်မှာ ကပ်တွယ်နေနိုင်တဲ့ မမြင်ရတဲ့ ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကြောင့် ကျန်းမာရေး ထိခိုက်တာမျိုး မဖြစ်စေဖို့နဲ့ ကြွက်သားတွေ ပြေလျော့ပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ မိုးရာသီမှာ တစ်နေ့ကို တစ်ကြိမ်လောက် ရေနွေးနွေးနဲ့ ရေချိုးပေးပါ။ ရေနွေးမကြိုက်ဘူးဆိုရင်တောင် ရိုးရိုးရေနဲ့ ဖြစ်ဖြစ် နေ့စဉ်ရေချိုးပြီး သန့်ရှင်းအောင် နေသင့်ပါတယ်။
- အဝတ်တွေကို မီးပူတိုက်ဝတ်ပါ
အဝတ်တွေကို အချိန်တိုင်းမှာ မီးပူတိုက်သင့်တယ်ဆိုပေမယ့် မိုးရာသီမှာ ပိုပြီး တိုက်သင့်ပါတယ်။ ဒါမှ အဝတ်အစားတွေ စိုထိုင်းဆကင်းပြီး ဘက်တီးရီးယားတွေ နဲ့ မှိုပိုးတွေ ကင်းမှာပါ။ အရေပြားပြဿနာတွေ ကင်းပြီး မုတ်သုံမှာ ကျန်းမာချင်တယ်ဆိုရင် အဝတ်အစားတွေကို မီးပူတိုက်ပြီးမှ ဝတ်ပါ။
- ခြင်မကိုက်အောင် ဂရုစိုက်ပါ
မိုးရာသီမှာ ခြင်တွေပေါက်ဖွားမှုနှုန်း မြင့်သလို သွေးလွန်တုပ်ကွေး အပါအဝင် ခြင်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာ တော်တော်များများကို ခံစားကြရပါတယ်။ ဒါကြောင့် မိုးရာသီမှာ ခြင်ကိုက်မခံရအောင် ဂရုစိုက်ပါ။ နေအိမ်ကို သန့်ရှင်းအောင် ထားပြီး ခြင်ပုန်းခိုမနေအောင် သတိထားပေးပါ။
- သန့်ရှင်းမှု အားနည်းတဲ့ အစာနဲ့ ရေကို ရှောင်ပါ
မိုးရာသီမှာ အပြင်စာတွေ စားတာကို လျှော့ပါ။ ရေကိုလည်း သန့်ရှင်းမှု သေချာလေး ဂရုစိုက်ပါ။ ရေသန့်ရှင်းမှုကို စိတ်မချရဘူးဆိုရင် ရေကို ကျိုချက်ပြီး သောက်ပါ။ ဒီလို လုပ်တာက အသည်းရောင်အသားဝါ ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောတာတွေကို ကာကွယ်ပြီးသား ဖြစ်ပါတယ်။
ပူပူနွေးနွေးချက်ပြုတ်ထားတဲ့ အိမ်ချက် အစားအစာတွေကိုပဲ စားပေးပါ။ အသီးအရွက်တွေကိုလည်း သေချာ ဆားရေစိမ်ပြီး ဆေးကြောပေးပါ။
သတင်းစကား
မုတ်သုံမှာ ကျန်းမာစေဖို့ အပေါ်မှာ ပြောခဲ့တာတွေ အပြင် လေ့ကျင့်ခန်း ပုံမှန်လုပ်တာ၊ အိပ်ရေးဝဝအိပ်တာ၊ အာဟာရ ပြည့်ဝအောင် စားတာ၊ မိုးရေမစိုအောင် တတ်နိုင်သမျှ ဂရုစိုက်တာမျိုးတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ မိုးရေထဲက ပြန်လာတဲ့အခါ ခြေလက်တွေကို သေချာဆေးကြောပြီး ခြောက်သွေ့အောင်နေပါ။ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ် ခံစားရတာမျိုး ရှိခဲ့မယ်ဆိုရင်လည်း ဆရာဝန်နဲ့ သေချာ ပြသဖို့ လိုပါမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။