backup og meta

အဆိပ်သောက်ထားသူကို အရေးပေါ် ပြုစုနည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆိပ်သောက်ထားသူကို အရေးပေါ် ပြုစုနည်း

    မတော်တဆပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ဖို့ပဲဖြစ်ဖြစ် အဆိပ်သောက်ထားသူကို တွေ့တဲ့အခါ သင်ဘာလုပ်မလဲ။ သင့်မှာ အရေးပေါ် ပြုစုနည်းနဲ့ ပတ်သက်ပြီး ဗဟုသုတတွေ ရှိထားခြင်းက အရေးပေါ် အခြေအနေမှာ အများကြီး အထောက်အကူ ပြုမှာပါ။

    ဘယ်လို အဆိပ်အမျိုးအစားတွေ သောက်တတ်ကြလဲ

    ပုံမှန်သောက်နေကျ အိမ်သုံးဆေးတွေကို အလွန်အကျွံသောက်တာ၊ အိမ်မှာသုံးတဲ့ သန့်ရှင်းရေးသုံးပစ္စည်းတွေ (ဥပမာ ချေးချွတ်ဆေး၊ လက်သည်းဖျက်ဆေး၊ ဓာတ်ဆီ၊ ဒီဇယ်ဆီ) စတာတွေကို သောက်မိတာ၊ နယ်ဘက်တွေမှာဆိုရင် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေကို သောက်မိကြတာ များပါတယ်။

    တချို့တွေက သန့်ရှင်းရေးသုံးပစ္စည်းတွေကို မူလဗူးထဲမှာ မဟုတ်ဘဲ ရေသန့်ဗူးတွေ၊ တခြား‌ဖျော်ရည်ထည့်ဗူးနဲ့ ထည့်ထားတာကြောင့် မှားသောက်ကြတာ ရှိသလို သတ်သေဖို့ ကြိုးစားတဲ့အနေနဲ့ တမင်တကာ သောက်ကြတာလည်း ရှိပါတယ်။

    လူကြီးတွေဆိုရင်လည်း သတိမေ့ပြီး ဆေးတွေကို သောက်နေကျထက် အလုံးရေတွေ ပိုသောက်မိတာ၊ ကလေးတွေဆိုရင်လည်း အရသာပါတဲ့ဆေးတွေကို ယူပြီး ဗူးလိုက်မော့တာ ရှိပါတယ်။

    အဆိပ်တွေက ခန္ဓာကိုယ်ထဲကို ဘယ်လိုဝင်လာနိုင်သလဲ

    အဆိပ်တွေက ခန္ဓာကိုယ်ထဲကို သောက်တာကနေပဲ ဝင်တတ်တာ မဟုတ်ပါဘူး။ ဥပမာ Organophosphates (OP) လို့ခေါ်တဲ့ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးဆိုရင် သောက်တာတင်မကဘဲ ရှူမိတာ၊ အရေပြားကနေ စိမ့်ဝင်တာကနေလည်း အဆိပ်သင့်တတ်ပါတယ်။

    အဆိပ်သောက်ထားသူကို အဆိပ်သင့်နေမှန်း၊ အဆိပ်တစ်ခုခုသောက်ထားမှန်း ဘယ်လိုသိနိုင်မလဲ

    အဆိပ်သင့်တဲ့ လက္ခဏာတွေကတော့ သောက်ထားတဲ့အဆိပ်၊ ပမာဏ၊ ကြာချိန် စတာတွေပေါ် မူတည်ပြီး ကွာခြားတတ်ပါတယ်။ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့

    • လူနာဆီကနေ ထူးဆန်းတဲ့ အနံ့တွေ ထွက်နေတာ
    • ပါးစပ်ကနေ ဗိုက်ထဲထိ ပူတယ်လို့ ပြောတာ
    • ပျို့အန်တာ၊ ဗိုက်အောင့်တာတ
    • အသက်ရှူရခက်တာ
    • အမြင်တွေ ဝါးလာတာ
    • မူးဝေတာ
    • သတိလစ်တာ
    • တက်တာ စတာတွေ ဖြစ်ပါတယ်။

    ဒါ့ပြင် ဘေးနားမှာ ဆေးလုံးတွေ ပြန့်ကျဲနေတာ၊ ဆေးရည်တွေ မှောက်တာ၊ ပိုးသတ်ဆေး၊ ‌ပေါင်းသတ်ဆေးတွေ လျော့နေတာ စတာတွေလည်း တွေ့ရနိုင်ပါတယ်။

    အဆိပ်သောက်ထားသူကို အရေးပေါ် ပြုစုနည်း

    အဆိပ်သောက်ထားသူနဲ့ နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရပြီဆိုပါစို့။ သင်ဘာလုပ်မလဲ။ အရေးကြီးဆုံးက ပြာမသွားပါနဲ့။ စိတ်အေးအေးထားပြီး တစ်ဆင့်ပြီး တစ်ဆင့် လုပ်သွားပါ။

    အရင်ဆုံး အရေးပေါ်ကား ခေါ်ပါ။ ဒါမှမဟုတ် ပတ်ဝန်းကျင်က လူတွေကို ကားစီစဉ်ခိုင်းပြီး ဆေးရုံသွားဖို့ ပြင်ပါ။ အဆိပ်သင့်ထားတဲ့ လူနာကို အိမ်မှာ ကုလို့ မရပါ။

    ပြီးရင်တော့ ဆေးရုံကားကို စောင့်နေစဉ်အတွင်းမှာ

  • လူနာက အသက်ရှူသေးလား၊ နှလုံးခုန်သေးလား စမ်းပါ။ နှလုံးမခုန်တောာ့ဘူးဆိုရင် နှလုံးကို ဖိပြီး အသက်ကယ်ပါ။
  • လူနာက သတိကောင်းသေးတယ်ဆိုရင်တော့ အဆိပ်တွေနဲ့ ထိတွေ့မှု နည်းစေဖို့ ကူညီပေးရမှာ ဖြစ်ပါတယ်။
  • အဆိပ်သောက်ထားတယ်ဆိုရင် ပါးစပ်ထဲမှာ ကျန်သေးလားကြည့်ပြီး ကျန်နေရင် ထုတ်ပစ်ပါ။ လက်ထိုးပြီးအန်ခိုင်းတာ လုံးဝမလုပ်ရပါ။ မတော်တဆ အန်လာခဲ့ရင် ဘေးစောင်းထားပါ။
  • OPလိုမျိုး အဆိပ်ဆိုရင် အရေပြားကနေလည်း စိမ့်ဝင်နိုင်တဲ့အတွက် လက်အိတ်စွပ်ပြီး လူနာရဲ့ အဝတ်တွေကို လဲပစ်ပါ။ ထိတွေ့ထားတဲ့ နေရာတွေကို ရေနဲ့ ၁၅မိနစ်၊ မိနစ် ၂၀လောက် လောင်းချပါ။ အဝတ်တွေကို အိတ်နဲ့ သက်သက်ထည့်ပါ။
  • မျက်လုံးကို အခိုးရိုက်ထားတယ်ဆိုရင် မျက်လုံးကို ရေသန့်သန့်နဲ့ မိနစ် ၂၀လောက်ဆေးပါ။ မျက်ကပ်မှန်တပ်ထားရင် ချွတ်ပါ။
  • အငွေ့တွေ ရှူထားမိတယ်ဆိုရင်တော့ ပတ်ဝန်းကျင်မှာ လေဝင်လေထွက်ကောင်းအောင် ဂရုစိုက်ပါ။
  • လူနာကို ပြုစုနေစဉ်အတွင်း ကိုယ်တိုင်လည်း အဆိပ်တွေနဲ့ မထိတွေ့မိအောင် ဂရုစိုက်ပါ။ ပြီးတာနဲ့ ရေချိုးချပါ။

    ဒါ့ပြင်

    • ဆေးရုံသွားတဲ့အခါ လူနာသောက်ထားတဲ့ အဆိပ်ကို ယူသွားပါ။ ဒါကလည်း ဆေးကုသမှုမှာ အထောက်အကူ ဖြစ်ပါတယ်။
    • လူနာကို ရေတိုက်တာ၊ အစားကျွေးတာတွေ မလုပ်ရပါ။

    ဆေးရုံရောက်သွားရင်တော့ ကျန်းမာရေးဝန်ထမ်းတွေက အဆိပ်အမျိုးအစားပေါ် မူတည်ပြီး လိုအပ်တဲ့ ကုသမှုတွေ ပေးပါလိမ့်မယ်။

    အဆိပ်မှားမသောက်မိအောင် ဘယ်လိုကာကွယ်ကြမလဲ

    ကိုယ့်ကိုယ်ကို သတ်သေတာ မဟုတ်ဘဲ မတော်တဆ သောက်မိတာကနေ ကာကွယ်ဖို့

    • လူကြီးတွေကို တစ်ရက်စာ ဆေးတွေပဲ ထည့်ပေးပါ။ မဟုတ်ရင် မေ့ပြီး ပိုသောက်မိနိုင်ပါတယ်။
    • ဆေးတွေ၊ အန္တရာယ်ရှိ ပစ္စည်းတွေကို ကလေးတွေ မမီနိုင်တဲ့နေရာမှာ ထားပါ။ ဆေးဗူးတွေကို လုံအောင် ပိတ်ပါ။
    • အိမ်သုံးသန့်ရှင်းရေး ပစ္စည်းတွေကို အညွှန်းအတိုင်း အသုံးပြုပါ။
    • သန့်ရှင်းရေးသုံး ပစ္စည်းတွေ၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေကို ရေသန့်ဗူးထဲ၊ စားသောက်စရာ ဗူးတွေထဲကို မထည့်ပါနဲ့။
    • စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေကို လက်အိတ်ဝတ်ပြီးမှ ကိုင်ပါ။ ဆေးဖြန်းချိန်မှာ အကာအကွယ်ဝတ်ပါ။
    • ပိုးသတ်ဆေးတွေ ကိုင်ပြီးတဲ့အခါ ရေချိုးပါ။ လက်ဆေးပါ။ လက်ဆေးပြီးမှ အစာစားပါ။

    တကယ်လို့ သေကြောင်းကြံစည်လိုစိတ်နဲ့ သောက်တာဆိုရင်တော့ စိတ်ကျန်းမာရေးပညာရှင်နဲ့ ပြသပြီး ဆွေးနွေးမှု ခံယူဖို့ တိုက်တွန်းချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement