home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆီးထဲအချိုဓာတ်များတာ ကြောက်စရာလား

 ဆီးထဲအချိုဓာတ်များတာ ကြောက်စရာလား

ဘယ်လိုအခြေအနေတွေမှာ ဆီးထဲအချိုဓာတ်ပါဝင်တတ်သလဲဆိုတာနဲ့ ဒီလိုဖြစ်ရင် သတိထားရမယ့်အချက်လေးတွေ ပြောပြပေးချင်ပါတယ်။

ပုံမှန်ဆိုရင် ကိုယ်တွင်းကအချိုဓာတ်တွေကို ကျောက်ကပ်ကတစ်ဆင့် စစ်ထုတ်ပစ်လိုက်တဲ့အတွက် ဆီးထဲမှာအချိုဓာတ် (သကြားဓာတ်) မပါပါဘူး။ ဆီးထဲမှာအချိုဓာတ်ပါဝင်လာတာကို ဆေးပညာအရ glycosuria လို့ခေါ်ပါတယ်။ glycosuria ဖြစ်စေတဲ့အချက် အဓိက ၃ ချက်ရှိတယ်။ ဒါတွေကတော့

၁။ဆီးချိုရောဂါ – သူ့ကြောင့်အဖြစ်အများဆုံးပါ။ ဆီးချိုရောဂါရှိနေရင် ကိုယ်ထဲကနေ အင်ဆူလင်ဓာတ်မထုတ် လုပ်နိုင်တော့ပါဘူး။ ထုတ်နိုင်သေးရင်လည်း ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။ သွေးတွင်းအချိုဓာတ်ကို ထိန်းချုပ်ပေးတဲ့ အင်ဆူလင်ဓာတ် အလုပ်မလုပ်နိုင်တော့တဲ့အတွက် သွေးတွင်းသကြားဓာတ်မြင့်လာပါတယ်။ သွေးတွင်းသကြားဓာတ် တအားမြင့်တက်လာပြီး ကျောက်ကပ်ကတောင် စစ်မထုတ်နိုင်တော့တဲ့အခါမှာတော့ ဆီးထဲမှာပါ အချိုဓာတ်တွေ ပါဝင်လာပါတော့တယ်။

၂။ကျောက်ကပ်ရောဂါ – တချို့သူတွေကျ သွေးတွင်းသကြားဓာတ်မမြင့်သလို ဆီးချိုရောဂါလည်းမရှိပေမဲ့ ဆီးထဲအချိုဓာတ်ပါနေတတ်ပါတယ်။ ဒါကတော့ မွေးရာပါကျောက်ကပ်ရောဂါနဲ့ တခြားကျောက်ကပ်ရောဂါ တစ်ခုခုကြောင့် သွေးတွင်းအချိုဓာတ်တွေကို ကောင်းကောင်းမစစ်ထုတ်နိုင်တော့တဲ့အခါမျိုးမှာ ကြုံရတတ်ပါတယ်။

၃။ကိုယ်ဝန်ဆောင်ခြင်း – ကိုယ်ဝန်ရှိချိန်မှာသွေးပေါင်ချိန်ရော၊ သွေးတွင်းအချိုဓာတ်ပါ ပုံမှန်ထက်များလာပါတယ်။ အမျိုးသမီးတိုင်းမဟုတ်ပေမဲ့ ကိုယ်ဝန်ဆောင်တချို့ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးထဲအချိုဓာတ်ပါတာမျိုး ကြုံရတတ်ပါတယ်။ ဘာလို့လဲဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာ ကျောက်ကပ်က ကိုယ်တွင်းအချိုဓာတ်တွေ ပိုစွန့်ပစ်နိုင်အောင် အားပေးလို့ဖြစ်ပြီး ဒါကိုရောဂါလို့သတ်မှတ်ဖို့တော့ ခက်ခဲပါတယ်။ ရောဂါတစ်ခုခုကြောင့် ဟုတ်၊ မဟုတ်ဆိုတာကို ထပ်ပြီးအတည်ပြုဖို့လိုပါတယ်။ များသောအားဖြင့် ကလေးမွေးပြီးရင် ပုံမှန်ပြန်ဖြစ်သွားတတ်ပါတယ်။

ဆီးထဲအချိုဓာတ်ပါတာက အရေးပေါ်ကုသဖို့လိုတဲ့ အခြေအနေတစ်ခုတော့မဟုတ်ပါဘူး။ လက္ခဏာလည်း သိသိသာသာမပြတတ်တဲ့အတွက် လူအတော်များများက ဆီးထဲအချိုဓာတ်ပါနေတာကို သိတောင်မသိကြပါဘူး။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်ရင်း ဒါမှမဟုတ် တခြားရောဂါအတွက်စစ်ဆေးရင်းနဲ့ အမှတ်မထင်တွေ့ရှိတာမျိုးပဲ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဆီးထဲအချိုဓာတ်ပါတာကို မကုသဘဲ ထားလိုက်ရင်တော့ ဒီလိုလက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။

ရေဓာတ်ခမ်းခြောက်သလို ခံစားရခြင်း၊ ရေအလွန်အမင်း ဆာနေခြင်း

– ဗိုက်အလွန်အမင်း ဆာခြင်း

– ဆီးခဏခဏသွားခြင်း

ဆီးမထိန်းနိုင်ဖြစ်ခြင်း

တကယ်လို့ ဆီးချိုရောဂါကြောင့် ဆီးထဲအချိုဓာတ်ပါနေတာဆိုရင်တော့

– ရုတ်တရက်ပိန်ကျသွားခြင်း

– ပင်ပန်းနွမ်းနယ်နေခြင်း

အမြင်အာရုံအားနည်းလာခြင်း

အနာကျက်နှေးသွားခြင်း

လည်ပင်းနဲ့ ချိုင်း(ဂျိုင်း)လို နေရာတွေမှာ အသားမည်းလာခြင်း စတဲ့လက္ခဏာတွေပါ တွဲဖြစ်လာနိုင်ပါတယ်။

ဆီးထဲအချိုဓာတ်ပါခြင်းက အောက်ခံရောဂါတစ်ခုခုကြောင့် ပေါ်လာတဲ့ လက္ခဏာတစ်ခု ဖြစ်တာကြောင့် သီးသန့်ကုသနည်းစနစ်မရှိပါဘူး။ အချိုဓာတ် ဘာကြောင့်ပါရသလဲဆိုတဲ့ အကြောင်းရင်းကိုရှာပြီး ကုသဖို့က ပိုအဓိကကျပါတယ်။ ဆီးချိုရှိလို့ဖြစ်တာဆိုရင် ဆီးချိုရောဂါကို အဓိကထားပြီးကုသရမယ်၊ ကျောက်ကပ်နဲ့ဆိုင်တဲ့ ပြဿနာဆိုရင် ကျောက်ကပ်ကိုအဓိကထားမယ်၊ ဒါမျိုးပုံစံနဲ့သွားပါတယ်။

ဆီးထဲအချိုဓာတ်ပါတာမဖြစ်အောင် ကာကွယ်လို့ရတဲ့ နည်းလမ်းလည်း မရှိပါဘူး။ အချိုအစိမ့်တွေလျှော့စားခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်း၊ အမျှင်ဓာတ်ပါတဲ့အစားအစာတွေနဲ့ အချိုဓာတ်နည်းတဲ့သစ်သီးဝလံတွေ များများစားပေးရင် ဆီးထဲအချိုဓာတ်မပါအောင် အတော်အသင့် ကာကွယ်မှုပေးပါတယ်။ မိသားစုဝင်ထဲမှာ ဆီးချိုရောဂါ၊ အဝလွန်ရောဂါ ရှိသူပါခဲ့ရင် ဆီးထဲအချိုဓာတ် ပါနိုင်ခြေများတဲ့အတွက် ပိုဂရုစိုက်သင့်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးထဲအချိုဓာတ်ပါဖူးရင် နောက်ပိုင်းမှာ ဆီးချိုရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

ရေးသားသူ – Dr.Htoo Tint

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 14/09/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။