လက္ခဏာတွေ အနေနဲ့ ဆီးသွားရင် နာတာ၊ ဆီးစပ်ကိုက်တာ၊ ဆီးခဏခဏ သွားချင်တာ၊ ဆီးသွားရခက်တာ၊ ဆီးထဲသွေးပါတာ၊ ဆီးအရောင်နောက်တာ စတာတွေ ခံစားရနိုင်ပါတယ်။
ဆီးအိမ်ကင်ဆာဆိုတာ ဆီးအိမ်ရဲ့ နံရံမှာ ကင်ဆာဆဲလ်တွေ ပွားလာတာကို ပြောတာပါ။ ဆေးလိပ်သောက်တဲ့သူတွေ၊ လုပ်ငန်းခွင်မှာ ဓာတုပစ္စည်းတွေနဲ့ အထိအတွေ့များတဲ့သူတွေ၊ ကင်ဆာမျိုးရိုးရှိတဲ့သူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ လက္ခဏာတွေကတော့ ခါးနာတာ၊ ဆီးသွားရင် နာတာ၊ ဆီးထဲမှာ သွေးပါတာ၊ ခဏခဏ ဆီးသွားချင်တာ စတာတွေပဲ ဖြစ်ပါတယ်။

ဆီးအိမ် ရောဂါတွေကို ဘယ်သူတွေ ပိုဖြစ်နိုင်လဲ။
အကြမ်းအားဖြင့်တော့ အသက်ကြီးလာလေလေ ဆီးအိမ်ရောဂါဖြစ်နိုင်ခြေ ပိုများလေလေပါ။ ဒါ့ပြင် အမျိုးသမီးတွေက ဆီးလမ်းကြောင်း ပိုတိုပြီး စအိုနဲ့ ပိုနီးတဲ့အတွက် အမျိုးသားတွေထက်စာရင် ပိုးဝင်လွယ်ပြီး ဆီးလမ်းကြောင်းရောဂါတွေ ပိုဖြစ်နိုင်ပါတယ်။ ဒါ့ပြင်
- အိပ်ရာထဲမှာ အကြာကြီး လဲနေတဲ့သူတွေ
- ရေသောက်နည်းတဲ့သူတွေ
- ဆီးလမ်းကြောင်း ခွဲစိတ်ထားတဲ့သူတွေ
- ဆီးပိုက်ကို မလဲဘဲ အကြာကြီး တပ်ထားတဲ့သူတွေ
- မွေးရာပါ ဆီးလမ်းကြောင်း ပုံမှန်မဟုတ်တဲ့သူတွေ
- ဆီးကျိတ်ကြီးတဲ့သူတွေ
- ကိုယ်ဝန်ဆောင်တွေ
- ဆီးချိုရောဂါသည်တွေက ဆီးအိမ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ပိုဖြစ်နိုင်ပါတယ်။
ဆီးအိမ်ရောဂါတွေကို ဘယ်လိုစစ်ဆေးသိရှိနိုင်သလဲ။
လူနာခံစားနေရတဲ့ ရောဂါဝေဒနာနဲ့ ပတ်သက်ပြီး ရောဂါရာဇဝင်မေးမြန်းတာ၊ စမ်းသပ်တာ လုပ်ပါတယ်။ ပြီးရင် ရောဂါအခြေအနေပေါ်မူတည်ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်မှာပါ။ ဥပမာ
- ဆီးစစ်တာ၊ ဆီးပိုးမွေးတာ
- ဆီးသွားပြီးရင် ဆီးအိမ်ထဲမှာ ဆီးဘယ်လောက်ကျန်သလဲဆိုတာ စစ်ဆေးတာ
- ဆေးထိုးပြီး ဆီးလမ်းကြောင်းတစ်လျှောက် (ကျောက်ကပ်အပါအဝင်) ဓာတ်မှန်ရိုက် စစ်ဆေးတာ
- ဆီးအိမ်မှန်ပြောင်းကြည့်တာ
- အာထွာဆောင်းရိုက်တာ
- သံလိုက်ဓာတ်မှန်ရိုက်တာ စသဖြင့် လိုသလို စစ်ဆေးလို့ ရပါတယ်။
ဆီးအိမ်ရောဂါတွေကို ဘယ်လိုကုသနိုင်သလဲ။
ဆီးအိမ်ရောဂါတွေကို ကုသတဲ့ နေရာမှာ လူနာအခြေအနေ၊ ရောဂါအခြေအနေ၊ ဖြစ်ရတဲ့အကြောင်းအရင်း စတာတွေကို ချိန်ညှိပြီး ကုသပေးရပါတယ်။ ရောဂါချင်းတူရင်တောင် ကုသတဲ့ နည်းတူချင်မှ တူမှာပါ။ ဆေးဝါးတွေနဲ့ ကုသလို့ ရသလို၊ ခွဲစိတ်နည်းတွေနဲ့လည်း ကုသလို့ ရပါတယ်. ခွဲစိတ်ရာမျာလည်း အရင်လို သမားရိုးကျ ခွဲကောင်းကြီးကြီးနဲ့ ခွဲရတဲ့အခါရှိသလို စက်ရုပ်လက်တံနဲ့ အသေးစား ခွဲစိတ်မှုတွေလည်း ရှိပါတယ်။ ကင်ဆာဆိုရင်တော့ ရောင်ခြည်ပြတာ၊ ဆေးသွင်းတာတွေပါ ပါဝင်နိုင်ပါတယ်။
Takeaways
ဆီးအိမ်ဟာ အညစ်အကြေး (ဆီး)တွေ စုထားတာဖြစ်တဲ့အတွက် ရောဂါဖြစ်လွယ်ပါတယ်။ ဆီးအိမ်ရောဂါတွေရဲ့ ရှေ့ပြေးလက္ခဏာကတော့ ဆီးအပြောင်းအလဲဖြစ်တာပါပဲ။ ဒါကြောင့် မိမိဆီးမှာ အရင်ကနဲ့ မတူဘဲ တစ်ခုခု ပြောင်းလဲနေပြီဆိုရင် ဆီးအိမ်အပါအဝင် ဆီးလမ်းကြောင်း ပြဿနာတစ်ခုခုလို့ ယူဆပြီး ကုသမှု ခံယူသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။