ကျောက်ကပ်ပြည်တည်တာက ဆီးပိုးဝင်ရာကနေ အဖြစ်များပါတယ်။ အထူးသဖြင့် ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်ပါ။ များသောအားဖြင့်တော့ အလွယ်တကူကုသလို့ရပါတယ်။ ခဏခဏ ဖြစ်မယ်။ သေချာမကုသဘူးဆိုရင်တော့ ကျောက်ကပ်အထိ ပိုးတွေ ပြန့်ပြီး ကျောက်ကပ်ပြည်တည်တတ်ပါတယ်။
ကျောက်ကပ် ရောဂါခံစားရတဲ့အခါ ဘာလက္ခဏာတွေ ပြမှာလဲ။
ကျောက်ကပ်ရောဂါတွေက အများအားဖြင့် လက္ခဏာမပြတာ များပါတယ်။ လက္ခဏာပြတဲ့အခါမှာလည်း ရောဂါက ရင့်နေပါပြီ။ အောက်ကလက္ခဏာတွေ မကြာမကြာ ခံစားနေရရင်တော့ သတိထားသင့်ပါတယ်။
- နုံးတာ
- အာရုံစူးစိုက်လို့ မရတာ
- အိပ်မပျော်တာ
- အစားအသောက်ပျက်တာ
- ကြွက်တက်တာ
- ခြေကျင်းဝတ်တွေ ဖောတာ
- မနက်အိပ်ရာနိုးနိုးချင်းမှာ မျက်နှာတွေ ဖောအစ်နေတာ
- အသားအရေတွေ ခြောက်ပြီး မည်းလာတာ
- ဆီးခဏခဏ သွားရတာ (အထူးသဖြင့် ညဘက်တွေမှာ)
ဒီထက်ပိုဆိုးလာလို့ ကျောက်ကပ်ပျက်တဲ့ အဆင့်ထိရောက်လာပြီဆိုရင်တော့
- ဆီးသွားတာ ပုံမှန်မဟုတ်တာ (ပုံမှန်ထက်များတာ၊ နည်းတာ)
- သွေးအားနည်းတာ
- သွေးတိုးထိန်းရခက်လာတာ
- ပိုဖောလာတာ
- သွေးတွင်းပိုတက်ဆီယမ် တက်လာတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။
ဘယ်သူတွေမှာ ကျောက်ကပ်ရောဂါပိုဖြစ်နိုင်လဲ။
အဖြစ်အများဆုံးကတော့ ဆီးချိုရောဂါရှိတဲ့သူတွေပါ။ ဆီးချိုကို ကောင်းကောင်းမထိန်းနိုင်လေလေ ကျောက်ကပ်ထိဖို့ အခွင့်အရေးများလေလေပါပဲ။ ဒါ့ပြင်
- သွေးတိုးရောဂါ
- အသက်အရွယ်ကြီးတာ
- မိသားစုထဲမှာ နာတာရှည် ဆီးချိုရောဂါရှိရင်လည်း ကိုယ့်မှာ ဖြစ်နိုင်ခြေများပါတယ်။

ကျောက်ကပ်ရောဂါကို ဘယ်လိုစစ်ဆေးနိုင်သလဲ။
ကျောက်ကပ် ရောဂါကို စစ်ဆေးတဲ့အခါ လူနာအခြေအနေ၊ ရောဂါအခြေအနေပေါ်မူတည်ပြီး စစ်ဆေးရတာလေးတွေ ရှိပါတယ်။ အသုံးများတာတွေကတော့
- GFR လို့ခေါ်တဲ့ ကျောက်ကပ်အလုပ်လုပ်နိုင်စွမ်းကို စစ်ဆေးတာ
- အယ်ထွာဆောင်းတွေ၊ ကွန်ပျုတာဓာတ်မှန်တွေ ရိုက်တာ
- ကျောက်ကပ်အသားစ စစ်ဆေးတာ
- ဆီးစစ်တာ
- ကျောက်ကပ်ဓာတ်လို့ လူသိများတဲ့ Creatinine စစ်တာတွေပဲ ဖြစ်ပါတယ်။
ကျောက်ကပ် ရောဂါကို ဘယ်လိုကုသနိုင်သလဲ။
ကျောက်ကပ်ရောဂါကို ကုသတဲ့ နည်းကလည်း ရောဂါအခြေအနေ၊ လူနာအခြေအနေပေါ် မူတည်ပါတယ်။ ဆေးဝါးတွေ၊ ခွဲစိတ်နည်းတွေနဲ့ အများဆုံး ကုသပါတယ်။ ကျောက်ကပ်က ကုလို့မရအောင် ပျက်စီးနေပြီဆိုရင်တော့ ကျောက်ကပ်ဆေးတာ၊ ကျောက်ကပ်အစားထိုးတာတွေ လုပ်ရနိုင်ပါတယ်။
ကျောက်ကပ် ရောဂါမဖြစ်အောင် ဘယ်လိုနေထိုင်စားသောက်ကြမလဲ။
အသက်ကြီးတာကြောင့်၊ မျိုးရိုးလိုက်တာကြောင့် ဖြစ်တဲ့ ကျောက်ကပ်ရောဂါတွေကို ကာကွယ်လို့ မရပေမယ့် ဖြစ်နိုင်ခြေနည်းသွားအောင်၊ တခြားအကြောင်းရင်းကြောင့် ကျောက်ကပ်မထိအောင် ကာကွယ်လို့ရပါတယ်။ နည်းလမ်းတွေကတော့
- ရေများများသောက်ပါ။
- ဆီးချို၊ သွေးတိုး စတဲ့ ရောဂါအခံတွေရှိရင် သေချာထိန်းထားပါ။
- ဆားလျှော့စားပါ။
- ဆေးလိပ်ဖြတ်ပါ။
- အကိုက်အခဲပျောက်ဆေးတွေကို ကိုယ့်သဘောနဲ့ကိုယ် မသောက်ပါနဲ့။
Takeaways
ကျောက်ကပ် က နှစ်လုံးရှိတယ်၊ ပျက်စီးသွားရင်တောင် အစားထိုးလို့ရတယ်၊ ကျောက်ကပ်တစ်လုံးတည်းနဲ့လည်း အသက်ရှင်နိုင်တယ်လို့ ပြောကြပေမယ့် တကယ့် လက်တွေ့မှာ ဝေဒနာတွေ အများကြီး ခံစားရပါတယ်။ ငွေကုန်ကြေးကျလည်း များပါတယ်။ ကျောက်ကပ်မကောင်းရင် နောက်ဆက်တွဲ ကိုယ်တွင်းအင်္ဂါတွေပါ ထိခိုက်နိုင်တာကြောင့် ကိုယ့်ရဲ့ ကျောက်ကပ်လေးကို ကောင်းကောင်းလေး စောင့်ရှောက်ဖို့ အကြံပြုချင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။