backup og meta

ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်သလား

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်သလား

    ငယ်ငယ်တုန်းက ရေချိုးနေတုန်း ဆီးမသွားရဘူး။ ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်တယ်ဆိုပြီး လူကြီးတွေ ပြောတာ ကြားဖူးမှာပါ။ ဆီးကျောက်က ရေချိုးနေရင်း ဆီးသွားလို့ ဖြစ်တာလား။ ရေချိုးနေတုန်း ဆီးမသွားသင့်ဘူးလား။

    ဆီးကျောက်တွေက ဘယ်ကဖြစ်လာတာလဲ

    ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည်တတ်သလားဆိုတာကို မပြောခင် ဆီးကျောက်ဘာကြောင့် တည်တာလဲဆိုတာကို အရင်သိထားဖို့ လိုပါတယ်။ ဒါမှ ဖြစ်နိုင် မဖြစ်နိုင် စဉ်းစားလို့ ရမှာပါ။

    ကျောက်ကပ်အပါအဝင် ဆီးလမ်းကြောင်းရဲ့ ဘယ်နေရာမှာမဆို ဆီးကျောက်တည်တတ်ပါတယ်။ ကျောက်ကပ်မှာ တည်မလား၊ ဆီးပြွန်မှာ တည်မလား၊ ဆီးအိမ်မှာ တည်မလား နေရာစုံမှာ တည်နိုင်ပါတယ်။

    ဆီးကျောက်တည်ရတာက ဆီးထဲမှာ အနည်ကျပြီး ‌ကျောက်ဖြစ်နိုင်တဲ့ ကယ်ဆီယမ်၊ အောက်ဆဲလိတ်နဲ့ ယူရစ်အက်စစ်တွေ လိုတာထက်ပိုပါလာလို့ပါ။ တစ်ချိန်တည်းမှာပဲ သင့်ဆီးထဲမှာ ဒီကျောက်တွေ အနည်မကျအောင် ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတွေ မရှိဘူးဆိုရင် ခဲပြီး ကျောက်ဖြစ်လာမှာပါ။

    ဆီးကျောက်တည်ရတဲ့ အကြောင်းရင်းတွေကတော့

  • ရေသောက်နည်းတာ
  • ဆား‌တွေ၊ သကြားတွေ အစားများတာ
  • အဝလွန်တာ
  • အူမကြီးရောင်ရမ်းတဲ့ ရောဂါရှိတာ (Inflammatory bowel disease)
  • ပါရာသိုင်းရွိုက်ဟော်မုန်းချို့တဲ့တာ
  • ခဏခဏ ဆီးလမ်းကြောင်း ပိုးဝင်တာ
  • ဗီတာမင်စီတွေ၊ ကယ်ဆီယမ်ပါတဲ့ အစာအိမ်ဆေးတွေ၊ ဝမ်းပျော့ဆေးတွေကို အလွန်အကျွံ သုံးစွဲတာကြောင့်ပါ။
  • ဆီးကျောက်တည်တာက တစ်ခါဖြစ်ဖူးရင် နောက်ထပ်ဖြစ်နိုင်ခြေ များသလို မိသားစုဝင်ထဲမှာ ဖြစ်ဖူးတဲ့သူရှိရင်လည်း ကိုယ့်မှာ ဖြစ်နိုင်ခြေ ရှိပါတယ်။

    ဒါကတော့ ဆီးကျောက်တည်ရတဲ့ အကြောင်းရင်းတွေပါ။ ဒီထဲက အချက်တွေက ရေချိုးတာ၊ ရေချိုးရင်း ဆီးသွားတာာနဲ့ မဆိုင်တာကို သတိထားမိမှာပါ။

    ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် တတ်သလား

    အရှင်းဆုံးပြောရရင်တော့ ဒီနှစ်ခုက ဆက်စပ်မှု မရှိပါဘူး။ လူကြီးတွေက ရေချိုးရင်း အေးနေတဲ့အချိန် ဆီးပူတွေ သွားလိုက်ရင် ဆီးခဲပြီး ကျောက်တည်တာလို့ ပြောပေမယ့် ဒါက ဒီလို မဟုတ်ပါဘူး။ ခန္ဓာကိုယ်က အပူချိန်က ဒီလောက်ကြီး မြန်မြန်ပြောင်းနိုင်တာမျိုး မဟုတ်သလို ဆီးခဲလောက်အောင် ‌အေးတာလည်း မဟုတ်ပါဘူး။

    ဒါကြောင့် ရေချိုးနေတုန်း ဆီးသွားတာနဲ့ ကျောက်တည်တာနဲ့ မဆိုင်ပါဘူး။

    ဒါဆို ရေချိုးနေတုန်း ဆီးသွားလို့ ရလား

    ဒီလောက်လည်း မရိုးရှင်းပါဘူး။ ဆီးထဲမှာ ဘက်တီးရီးယားပိုးတွေ ပါတတ်တဲ့အတွက် ရေချိုးရင်း ဆီးသွားမယ်ဆို သတိထားရမယ့် အချက်တွေ ရှိပါတယ်။

    ဆီးထဲမှာ ပိုးတွေပါတဲ့အတွက် ရေချိုးခန်းကြမ်းပြင်မှာ ဆီးသွားလိုက်မယ်။ ကိုယ့်မှာလည်း ပြတ်ရှဒဏ်ရာတွေ၊ အနာတွေ ရှိနေမယ်ဆိုရင် ပိုးဝင်တာမျိုး ဖြစ်တတ်ပါတယ်။

    အများသုံး ရေချိုးခန်းတွေမှာဆိုရင် ပိုဆိုးပါတယ်။ ကိုယ့်ဆီကနေလည်း သူများကို ကူးနိုင်သလို သူများဆီကနေလည်း ကိုယ့်ဆီ ကူးနိုင်ပါတယ်။ ဒါကြောင့် ဒီလို အများသုံးရေချိုးခန်းမှာဆိုရင်တော့ ရေချိုးရင်း ဆီးမသွားသင့်သလို ရေချိုးခန်းဖိနပ်စီးပြီး ရေချိုးသင့်ပါတယ်။

    အိမ်သာရေချိုးခန်း တွဲလျက်ထားထားတဲ့ အိမ်တွေမှာတော့ ရေချိုးနေရင်း ရှူးပေါက်ချင်လာရင် အိမ်သာမှာ သွားပေါက်ပြီး ဆက်ချိုးနိုင်ပါတယ်။

    လိုရင်းကတော့ ရေချိုးခန်းကြမ်းပြင်မှာ ဆီးတွေနဲ့ ပေမနေစေဖို့ ပါပဲ။ ရှေးလူကြီးတွေကလည်း ဒီလိုသွားရင် ရေချိုးခန်းညစ်ပတ်မှာစိုးလို့ မသွားအောင် ခြောက်လှန့်ပြောခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

    ဒီလောက်ဆိုရင် ရေချိုးနေတုန်း ဆီးသွားရင် ဆီးကျောက်တည် နိုင်သလားဆိုတဲ့ မေးခွန်းကို အဖြေရလောက်ပါပြီ။ ဒါ့ပြင် ရေချိုးနေတုန်း ဆီးသွားသင့်လားဆိုတာရယ်၊ ဆီးသွားချင်ရင် ဘယ်လိုလုပ်ရမလဲဆိုတာရယ်ကိုပါ သိသွားလောက်ပါပြီ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement