backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဆီးကျောက်တည်ခြင်းအတွက် ကုထုံးများ နဲ့ စစ်ဆေးနည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဆီးကျောက်တည်ခြင်းအတွက် ကုထုံးများ နဲ့ စစ်ဆေးနည်းများ

ဆီးကျောက်တည်တာက အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ အယောက် ၁၀၀ မှာ ၁၀ ယောက်ကျော်လောက် ဒီကျန်းမာရေးပြဿနာကို ခံစားကြရပါတယ်။ ဆီးကျောက်တည်တာက အရမ်းမပြင်းထန်ဘူးဆိုပေမယ့် သေချာလေး ဂရုစိုက်ဖို့တော့ လိုပါမယ်။

ဒီတစ်ခေါက်တော့ ဆီးကျောက်တည်ခြင်းအတွက် တိတိကျကျ အဖြေထုတ်ပေးနိုင်မယ့် စစ်ဆေးမှုလေးတွေအကြောင်း ဗဟုသုတရအောင် ပြောပြပေးချင်ပါတယ်။

ဆီးကျောက်တည်တယ် ဆိုတာ ဘာလဲ ……

ဆီးကျောက်တည်တယ် ဆိုတာ ဘာလဲ ......

ဆီးထဲမှာ ပျော်ဝင်နိုင်တဲ့ သတ္တုဓာတ်တွေနဲ့ ဆားတွေ အမြောက်အမြား ပါဝင်နေပါတယ်။ ဒီပျော်ဝင်နိုင်တဲ့ သတ္တုဓာတ်တွေနဲ့ ဆားတွေက ဆီးထဲမှာ အလွန်အကျွံများလာတဲ့အခါ ကျောက်ကပ်ထဲမှာ အနည်ထိုင်ပြီး ဆီးကျောက်တည်တာ ဖြစ်လာတာပါ။

ဆီးကျောက်က စဖြစ်စမှာ အရွယ်အစား သေးသေးလေးသာ ရှိပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း ကြီးထွားလာပြီး ကျောက်ကပ်ထဲက အချိုင့်လေးတွေထဲမှာ ပြည့်ပြည့်ဝဝ နေရာယူသွားတာပါ။ အချို့သော ဆီးကျောက်တွေက ကျောက်ကပ်ထဲမှာ ရှိနေပမယ့် ကျန်းမာရေးကို ထိခိုက်စေတာမျိုး မရှိသလို နာကျင်မှုကိုလည်း ခံစားရတာမျိုး မရှိပါဘူး။

အချို့သောအနေအထားမှာတော့ ဆီးကျောက်တွေက ကျောက်ကပ်နဲ့ ဆီးအိမ်ကို ဆက်သွယ်ထားတဲ့ ဆီးပို့ပြွန်ကနေတဆင့် ကျောက်ကပ်ဆီကနေ ဆီးအိမ်ဆီကို ရွှေ့လျားမှု လုပ်တဲ့အခါ နာကျင်မှုကို ခံစားရပါတယ်။ ဆီးကျောက်တွေက ဆီးအိမ်ထဲကို ရောက်တဲ့ ဆီးကနေတဆင့် ခန္ဓာကိုယ်ပြင်ပကို ရောက်ရှိလာပါတယ်။ တကယ်လို့ ကျောက်က ကြီးမယ်။ ဆီးအိမ်ဆီကို မရောက်ဘဲ ဆီးပို့ပြွန်ထဲမှာ ညပ်နေတာမျိုး ဖြစ်မယ်ဆိုရင် ခါးနာတာ၊ ဆီးသွားတဲ့အခါ နာကျင်တာ၊ အောင့်တာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဆီးကျောက်တည်တာ ဘယ်လောက် အဖြစ်များသလဲ …….

ဆီးကျောက်တည်တာက အရမ်းအဖြစ်မများဘူးဆိုပေမယ့် ၁၀၀ မှာ ၁၀ % လောက်တော့ ရှိတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ အမျိုးသားတွေက အမျိုးသမီးတွေထက် ပိုအဖြစ်များပါတယ်။ အတိအကျပြောပြရရင် အမျိုးသားတွေက ၁၀၀ မှာ ၁၁% လောက်ရှိပြီး အမျိုးသမီးတွေက ၁၀၀ မှာ ၉% လောက်ထိ ဖြစ်လေ့ရှိပါတယ်။

သွေးတိုး၊ ဆီးချိုရောဂါ ရှိသူတွေ၊ အဝလွန်သူတွေမှာ ဆီးကျောက်တည်တာ အဖြစ်များပါတယ်။ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာ အနေနဲ့ ဆီးကျောက်တည်တာကို ခံစားရတာပါ။

ဘာကြောင့် ဆီးကျောက်တည်ရတာလဲ …..

ဆီးကျောက်တည်ရတဲ့ အကြောင်းအရင်းက တစ်ခုမက ရှိပါတယ်။

  • ရေသောက်နည်းတာ
  • လေ့ကျင့်ခန်း အလွန်အကျွံ လုပ်တာ
  • ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ နည်းတာ
  • အဝလွန်တာ
  • ကိုယ်အလေးချိန်လျှော့ချဖို့ ခွဲစိတ်မှု ခံယူထားတာ
  • အချိုကဲ အငန်ကဲတာတွေ အစားများတာ
  • မျိုးရိုးရှိတာ
  • ဖရက်တို့စ်သကြား အလွန်အကျွံစားတာ
  • သွေးတိုးရှိတာ
  • ဆီးချိုရှိတာတွေကြောင့် ဆီးကျောက်တည်နိုင်ပါတယ်။

ဆီးကျောက်တည်နေရင် ခံစားရမယ့် လက္ခဏာတွေက ဘာတွေများလဲ ……

ဆီးကျောက်တည်နေရင် ခံစားရမယ့် လက္ခဏာတွေက ဘာတွေများလဲ ......

အချို့သော ဆီးကျောက်တွေက အသေးဆုံးအနေနဲ့ စပါးစေ့လေးလောက်အထိ ရှိနိုင်ပြီး အကြီးဆုံး အရွယ်အစားအနေနဲ့ကတော့ ဂေါက်သီးလုံးလောက်အထိ ရှိနိုင်ပါတယ်။ အရွယ်အစား ကြီးမှပဲ သိသိသာသာ လက္ခဏာပြတာမျိုးပါ။
ဆီးကျောက်ရှိနေမယ်ဆိုရင် အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
  • ဗိုက်အောက်ဘက်နားက ပြင်းပြင်းထန်ထန် နာကျင်မယ်
  • ဗိုက်အောင့်တာက အချိန်အတော်ကြာတဲ့အထိ မပျောက်ဘဲ ရှိနေမယ်
  • ဆီးထဲ သွေးပါမယ်
  • မအီမသာဖြစ်မယ်
  • အော့အန်မယ်
  • အဖျားတက်မယ်
  • ချမ်းတုန်မယ်
  • ဆီးအနံ့ဆိုးမယ်
  • ဆီးအရောင်နောက်မယ်
  • ဆီးပိုးဝင်မယ်
  • ပေါင်ခြံတဝိုက်ကနာမယ်
  • ချွေးစေးတွေပြန်မယ်
  • ဝမ်းလျှောမယ်
  • အားအင်ကုန်ခမ်းမယ် စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။  ဒီထက်ပိုပြင်းထန်မယ်ဆိုရင်တော့ ကျောက်ကပ်မှာ ပိုးဝင်ကူးစက်ခံရနိုင်ပါတယ်။

ဆီးကျောက်တည်ခြင်းအတွက် ကုထုံးများ နဲ့ စစ်ဆေးနည်းများ

ဆီးကျောက်တည်ခြင်းအတွက် ကုထုံးများ နဲ့ စစ်ဆေးနည်းများ

ဆီးကျောက်တည်ခြင်းအတွက် ကုထုံးကတော့ ကျောက်အမျိုးအစား၊ ဖြစ်တဲ့ကြာချိန်၊ ခံစားရတဲ့ လက္ခဏာတွေပေါ် မူတည်ပါတယ်။ ကုထုံးတွေကတော့

  • ရေများများသောက်ခိုင်းတာပါ။

ရေများများ သောက်ပေးတာက ဆီးကျောက်တွေကို ခွဲစိတ်စရာမလိုဘဲ ဖယ်ရှားနိုင်စေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ ရေသောက်ခိုင်းတာအပြင် ဆီးထဲမှာ အက်ဆစ်ဓာတ်နည်းစေဖို့၊ ဆီးကျောက်တွေ ထွက်ရလွယ်စေဖို့ ဆရာဝန်က သောက်ဆေးပေးတာမျိုး လုပ်ပါလိမ့်မယ်။

  • ခွဲစိတ်ဖယ်ရှားမယ်။

တကယ်လို့ ဆီးကျောက်က အရမ်းကြီးနေမယ်။ ဆီးသွားလို့မရလောက်အောင်အထိ ဆီးစွန့်ပြွန်မှာ ပိတ်နေတာမျိုး ဖြစ်မယ်ဆိုရင်တော့ ခွဲစိတ်ဖယ်ရှားတာမျိုး လုပ်ဖို့ လိုပါမယ်။ သုံးလေ့ရှိတဲ့ ခွဲစိတ်နည်းတွေကတော့

Shock-wave lithotripsy

ဒါကတော့ ခွဲစိတ်ဖို့ မလိုတဲ့ ကုထုံးတစ်ရပ်ပါ။ ဒီကုထုံးမှာ စွမ်းအားမြင့် အသံလှိုင်းတွေကို အသုံးပြုပြီး ကျောက်တွေကို ကြေအောင် လုပ်တာပါ။ ကြေသွားတဲ့ ကျောက်တွေက ဆီးကနေတဆင့် ခန္ဓာကိုယ် ပြင်ပကို ထွက်လာပါတယ်။

Ureteroscopy

ဒီကုထုံးမှာတော့ ဆီးပို့ပြွန်ကနေ တဆင့် မှန်ပြောင်းထည့်ပြီး ကျောက်တွေကို ချေဖျက်တာပါ။ ဒီနည်းကလည်း ကြီးမားတဲ့ ခွဲစိတ်မှုတွေ မလိုအပ်ပါဘူး။

PCNL (Percutaneous nephrolithotomy)

ကျောက်ကပ်မှာ အရွယ်အစားကြီးတဲ့ ကျောက်တွေ တည်နေတဲ့အခါ အသင့်တော်ဆုံး ခွဲစိတ်နည်းပါ။ ခါးနေရာမှာ လက်မဝက်လောက် ခွဲကြောင်းပေးပြီး ပြွန်ကို ထည့်သွင်းကာ ကျောက်ကပ်ထဲက ကျောက်တွေကို ဖယ်ရှားပေးတာပဲ ဖြစ်ပါတယ်။

ဆီးကျောက်ကို ပုံရိပ်ဖော် စစ်ဆေးနည်း

ဆီးကျောက်ကို ပုံရိပ်ဖော် စစ်ဆေးနည်း

ဆီးကျောက်တည်တယ်လို့ ယူဆတဲ့အခါ အရင်ဆုံး လုပ်လေ့ရှိတာက ဆေးမှတ်တမ်းကို ကြည့်ပြီး ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု လုပ်တာပါ။ ပြီးရင်တော့ လိုအပ်တဲ့ သွေးစစ်တာ၊ ဆီးစစ်တာတွေ လုပ်ရပါတယ်။

ကျောက်ကို မြင်နိုင်ဖို့ ဝမ်းဗိုက်ကို ဓာတ်မှန်လည်း ရိုက်ရပါတယ်။ ဒါပေမယ့် ဆီးကျောက်တိုင်းက ဓာတ်မှန်မှာ ပေါ်ချင်မှပေါ်မှာပါ။ ဒီတော့ လိုအပ်ရင် CT scanထပ်ရိုက်ရပါတယ်။

အချို့အခြေအနေတွေမှာတော့ သွေးထဲကို ဆိုးဆေးတစ်မျိုးထိုးသွင်းပြီး ဆီးလမ်းကြောင်းစနစ်ကို ပုံရိပ်ဖော်ရယူတဲ့ အထူးဓာတ်မှန် အမျိုးအစား တစ်မျိုးဖြစ်တဲ့ intravenous pyelogram or lVP ရိုက်ယူရတာမျိုးရှိပါတယ်။

ဆီးကျောက်တည်ခြင်းအတွက် ကုထုံးများ နဲ့ စစ်ဆေးနည်းများ ကို သေသေချာချာ သိလောက်ပြီ ထင်ပါတယ်။ ဆီးကျောက်တည်တာကို အကောင်းဆုံး ကာကွယ်ကြဖို့လည်း တိုက်တွန်းအကြံပြုလိုက်ပါရစေ။

ဆီးကျောက်တည်ခြင်း

ဆီးထဲမှာ ပျော်ဝင်နိုင်တဲ့ သတ္တုဓာတ်တွေနဲ့ ဆားတွေ အမြောက်အမြား ပါဝင်နေပါတယ်။ ဒီပျော်ဝင်နိုင်တဲ့ သတ္တုဓာတ်တွေနဲ့ ဆားတွေက ဆီးထဲမှာ အလွန်အကျွံများလာတဲ့အခါ ကျောက်ကပ်ထဲမှာ အနည်ထိုင်ပြီး ဆီးကျောက်တည်တာ ဖြစ်လာတာပါ။
ဆီးကျောက်က စဖြစ်စမှာ အရွယ်အစား သေးသေးလေးသာ ရှိပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း ကြီးထွားလာပြီး ကျောက်ကပ်ထဲက အချိုင့်လေးတွထဲမှာ ပြည့်ပြည့်ဝဝ နေရာယူသွားတာပါ။ အချို့သော ဆီးကျောက်တွေက ကျောက်ကပ်ထဲမှာ ရှိနေပမယ့် ကျန်းမာရေးကို ထိခိုက်စေတာမျိုး မရှိသလို နာကျင်မှုကိုလည်း ခံစားရတာမျိုး မရှိပါဘူး။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement