home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ဆေးလိပ်ဖြတ် တဲ့အခါ ကြုံလာနိုင်တဲ့ အခက်အခဲများကို ဘယ်လိုကျော်လွှားကြမလဲ။

ဆေးလိပ်ဖြတ် တဲ့အခါ ကြုံလာနိုင်တဲ့ အခက်အခဲများကို ဘယ်လိုကျော်လွှားကြမလဲ။

“ဆေးလိပ်သောက်ခြင်းဟာ သင်နှင့် သင့်ပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်။” ဆိုတဲ့ ဆောင်ပုဒ်လေးကို လူတိုင်း ရင်းနှီးကြမှာပါ။ အဲ့ဒီဆောင်ပုဒ်အတိုင်း ဆေးလိပ်သောက်ခြင်းဟာ သောက်သုံးသူရော သူ့မိသားစု၊ ပတ်ဝန်းကျင်ရဲ့ ကျန်းမာရေးသာမက လူမှုရေး၊ စီးပွားရေး တွေကိုပါ ထိခိုက်စေနိုင်တဲ့ လက်နက်ကြီးတစ်ခုပါ။ ကျွန်မတို့ပတ်ဝန်းကျင်မှာ ဆေးလိပ်ဖြတ် ဖို့ ကြိုးစားကြတဲ့သူတွေ အများကြီးရှိပေမယ့် ဖြတ်ဖို့ကြိုးစားပြီးမှ မထိန်းနိုင်ဘဲ ပြန်သောက်မိကြတဲ့သူတွေလည်း ရှိနေကြပါတယ်။

ဆေးလိပ်ဖြတ် ချင်တဲ့စိတ်ရှိပြီး ဖြတ်တဲ့အခါ ဘာတွေကြုံတွေ့နိုင်တယ်၊ ဘယ်လိုရင်ဆိုင်ကြမယ်ဆိုတာကို ကြိုတင်မစဉ်းစားထားကြမိတာမျိုးကြောင့် တကယ်တမ်း အခက်အခဲတွေလည်းတွေ့တာနဲ့ အလွယ်တကူ လက်လျှော့မိတတ်ကြပါတယ်။ ဒါ့ကြောင့်လည်း ဒီဆောင်းပါးလေးမှာ ဆေးလိပ်ဖြတ်မယ့်သူတွေမှာ ကြုံတွေ့နိုင်တဲ့အခက်အခဲတွေနဲ့ အဲ့ဒီအခက်အခဲတွေကို ဘယ်လို ကြိုးစားပြီးကျော်လွှားကြမယ်ဆိုတဲ့ အချက်လေးတွေကို အဓိကထားပြီး ပြောပြပေးသွားမှာပါ။

ဆေးလိပ်ဖြတ်တဲ့ အခါ အောက်ပါအချက်တွေကြောင့် အခက်အခဲတွေဖြစ်လာကြပါတယ်။

၁။ ခန္ဓာကိုယ်က လိုအပ်ချက်တစ်ခုအနေနဲ့ ဆေးလိပ်ကို စွဲလမ်းနေခြင်း။

ဆေးလိပ်မှာပါတဲ့ အန္တရာယ်ပေးနိုင်တဲ့ nicotine ဆိုတဲ့ ပစ္စည်းက သောက်သုံးတဲ့သူကို စွဲလမ်းမှုဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာ ကြာလာတဲ့အခါမှာ ခန္ဓာကိုယ်နဲ့ ဦးနှောက်က ဆေးလိပ်ကြောင့်ရှိလာတဲ့ Nicotine ပမာဏကို အကျွမ်းတဝင်ဖြစ်သွားတဲ့ အတွက် အဲဒီလောက်ပမာဏမရှိရင်ကို မနေနိုင်တော့ဘဲ လိုအပ်ချက်တစ်ခုလို ဖြစ်လာစေပါတယ်။ ဆေးလိပ်စဖြတ်တဲ့ အခါ ဆေးလိပ်နောက်ဆုံးသောက်ပြီး ၂နာရီ အကြာလောက်မှာတင် nicotine ပမာဏ ကျသွားပါတယ်။ အဲ့ဒီလို ဦးနှောက်မှာ nicotine ပမာဏ ပြတ်လတ်သွားခြင်းက လူကို မသက်မသာဖြစ်စေပြီး ရောဂါလက္ခဏာ တွေ ခံစားရစေနိုင်ပြီး ဆေးလိပ် ပြန်သောက်ချင်စိတ်မျိုး ကို ဖြစ်လာစေပါတယ်။

ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်း၊ ဆေးလိပ်ကို အရမ်းလိုအပ်လာသလို ခံစားရခြင်း၊ စားသောက်ချင်စိတ် အပြောင်းအလဲ ဖြစ်လာခြင်း( အထူးသဖြင့် ကိုယ်အလေးချိန်တက်ခြင်း) ၊ စိတ်ခံစားမှု ပြောင်းလဲလာခြင်း(စိတ်တို၊ ဝမ်းနည်း၊ စသည်)၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ အာရုံးစူးစိုက်ရာတွင် ခက်ခဲခြင်း၊ အိပ်မပျော်ခြင်း စတဲ့ လက္ခဏာ တွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဆေးလိပ်ဖြတ်တဲ့သူတိုင်းမလွဲမသွေ ကြုံတွေ့ရမှာမျိုး မဟုတ်ပေမယ့် တစ်ခု မဟုတ် တစ်ခု ကြုံလာနိုင်တဲ့အတွက် ဒီအချက်လေးတွေကို ကြိုတင်နားလည်ပြင်ဆင်ထားမှ ဆေးလိပ်ကို အောင်အောင်မြင်မြင်ဖြတ်နိုင်ဖို့ လွယ်ကူနိုင်မှာဖြစ်ပါတယ်။

ဒီရောဂါလက္ခဏာတွေက တစ်သက်လုံးဖြစ်မှာ မျိုးမဟုတ်သလို ချက်ခြင်းလည်း နေသားကျဖို့ မလွယ်ကူနိုင်ပါဘူး။ အဲ့ဒီတော့ ဒီလို ခံစားရတာတွေကို နေသားကျပြီးအဆင်ပြေလာအောင် ဘာတွေလုပ်နိုင်မလဲ ဆိုတာလေးကို ပြောပြပေးပါမယ်။ နည်းလမ်းကတော့ နှစ်မျိုးရှိပါတယ်။ cognitive behavioural therapy လို့ခေါ်တဲ့ ကိုယ်ခံစားရတဲ့ ရောဂါ လက္ခဏာပေါ်မူတည်ပြီး လိုက်လျောညီထွေဖြစ်အောင် ပြုမူပြောင်းလဲ နေထိုင်ခြင်း နဲ့ medical therapies လို့ခေါ်တဲ့ ဆေးဝါးဖြင့် ကုသခြင်း ပဲ ဖြစ်ပါတယ်။

ပထမဆုံး cognitive behavioural therapy အတွက် ခံစားရတဲ့ ရောဂါ လက္ခဏာပေါ်မူတည်ပြီး ဥပမာ နည်းနည်းနဲ့ ရှင်းပြပေးပါမယ်။

  • ခေါင်းကိုက်ခြင်း- ဆေးလိပ်ဖြတ်ပြီး မကြာခဏခေါင်းကိုက်ပြီဆိုရင် အိပ်ရေးဝအောင်အိပ်ခြင်း၊ အစားကောင်းကောင်းစားခြင်း၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းစတဲ့ အချက်တွေကို ပိုပြီး ဂရုစိုက်လိုက်ရင် ခေါင်းကိုက်တာကို သက်သာစေနိုင်မှာပါ။ အိပ်မပျော်ခြင်း အတွက်လည်း လေ့ကျင့်ခန်းပုံမှန်လုပ်တာက အဆင်ပြေစေပါတယ်။
  • ဆေးလိပ်ကို အရမ်းလိုအပ်လာတယ်လို့ ခံစားရတဲ့အခါ- အဲ့လို အခါမျိုးမှာ ဆေးလိပ်မသောက်မိအောင် ကိုယ့်ကိုကိုယ် ချုပ်ထိန်းရပါမယ်။ လုံးဝမရတော့ဘူးလို့ ခံစားလာရရင် အသက်ကို ပြင်းပြင်း ဆယ်ကြိမ်လောက်ရှုသွင်း၊ ရှုထုတ်လုပ်ပေးနိုင်ပါတယ်။ ထပ်ပြီး လုပ်နိုင်တာကတော့ ရေများများသောက်ပြီး ဆေးလိပ်သောက်ချင်စိတ်ကို ပျောက်စေဖို့ လမ်းလျှောက်တာဖြစ်ဖြစ်၊ TV ကြည့်တာမျိုးဖြစ်ဖြစ် အခြား စိတ်ဝင်စားတဲ့ အလုပ်တစ်ခုခုနဲ့ စိတ်ပြောင်းနိုင်ပါတယ်။
  • ဝမ်းနည်းတာ၊ စိတ်တိုတာ၊ ဂဏာမငြိမ်ဖြစ်တာ စတဲ့ စိတ်ခံစားမှုပြောင်းလဲတာ တစ်ခုခု ဖြစ်လာပြီ ဆိုရင် အကောင်းမြင်တတ်တဲ့စိတ်လေး ဖြစ်လာအောင်ကြိုးစားရမှာပါ။ နောက်ပြီး သီချင်းနားထောင်တာ ဖြစ်ဖြစ် စိတ်ကို ပျော်လာအောင် ဖန်တီးနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့ ဆိုးကျိုးတွေ၊ ဆေးလိပ်ဖြတ်ရင် ရလာမယ့် ကောင်းကျိုးတွေကို သေချာတွေးပြီး ဒီစိတ်ကိုကျော်လွှား ရမှာပါ။
  • အာရုံစူးစိုက်ဖို့ ခက်ခဲတာမျိုးဖြစ်လာရင် တရားထိုင်တာမျိုးဖြစ်ဖြစ်၊ yoga ကျင့်တာမျိုးဖြစ်ဖြစ်၊ အိပ်ရေးဝအောင် အိပ်တာမျိုးဖြစ်ဖြစ် လုပ်နိုင်ပါတယ်။

ပိုပြီးထိရောက်ဖို့အောင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးကြည့်ပြီး ရောဂါလက္ခဏာတွေ သက်သာလာအောင် အကြံကောင်းများဖြင့် ဖြစ်စေ၊ ဆေးဖြင့်ဖြစ်စေ အကူညီတောင်းနိုင်ပါတယ်။

၂။ နောက်တစ်ခုကတော့ စိတ်က ဆေးလိပ်ကို စွဲလမ်းခြင်းပါ။

တစ်ချိုု့လူတွေမှာ စိတ်ခံစားချက်နဲ့ ဆေးလိပ်သောက်ခြင်းက အဆက်အစပ်ရှိနေတာကို တွေ့ရပါတယ်။ ဥပမာ တစ်ချိုု့က စိတ်ညစ်လို့သောက်တာ၊ ဝမ်းနည်းရင် သောက်တာ စသည်ဖြင့်ပေါ့။ အဲလို လူတွေအတွက်ကတော့ ဆေးလိပ်ဟာ ဒီလို အခြေအနေတွေရဲ့ ဖြေရှင်းချက်မဟုတ်ဘူး ဆိုတာကို သိထားပြီး ဆေးလိပ်သောက်တဲ့ ဆိုးကျိုးတွေ၊ ဆေးလိပ်ဖြတ်ရင် ရလာမယ့် ကောင်းကျိုးတွေကို လည်း ကိုယ့်ဘာသာကိုယ် သတိပေးနေဖို့ အရေးကြီးပါတယ်။

၃။ အမူအကျင့် တစ်ခု အနေနဲ့ စွဲလမ်းနေခြင်း။

တစ်ချို့ကတော့ ဆေးလိပ်ကို နေ့စဉ် လုပ်နေကျ အကျင့်တစ်ခု အနေနဲ့ စွဲလမ်းမိနေတာမျိုးပါ။ ဒီလို လူမျိုးအတွက် အခြား စိတ်အာရုံပြောင်းနိုင်မယ့် အလုပ်တစ်ခုခုကို အစားထိုးပြီးလုပ်ဖို့ အကြံပေးချင်ပါတယ်။ ဆေးလိပ်သောက်ရမယ့် အချိန်ရောက်တိုင်း အခြား ကြိုက်တဲ့ မုန့်၊ (သို့) ပီကေ ဝါးခြင်း၊ (သို့) သီချင်းနားထောင်ခြင်း၊ စတဲ့ မိမိကြိုက်နှစ်သက်တဲ့ အလုပ်တစ်ခုခုကို အစားထိုးပြီးလုပ်နိုင်ပါတယ်။

ဒါ့အပြင် ဆေးလိပ် ဖြတ်တိုင်းမှာ ပြန်သောက်မိပြန်ပြီဆိုပြီး စိတ်ဓါတ်ကျစရာ၊ နောက်တစ်ခါလည်း မလုပ်နိုင်လောက်ဘူးလို့ စိတ်ဓါတ်ကျစရာမလိုပါဘူး။ အရာရာတိုင်းမှာ ကျဆုံးခြင်းဆိုတာက ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဆေးလိပ်ဆက်သောက်ခြင်းရဲ့ နောက်ဆက်တွဲတွေ၊ဆေးလိပ်ဖြတ်ခြင်းရဲ့ ကောင်းကျိုး တွေကို သေချာသိပြီး ဖြတ်ဖို့ပဲ အရေးကြီးပါတယ်။ ဆေးလိပ်ဖြတ်ရင်ဖြစ်လာနိုင်တဲ့ အခက်အခဲတွေအတွက် မိမိကိုယ်ကိုပြင်ဆင်ထားပြီး ကျော်လွှားနိုင်ဖို့ ဒီဆောင်းပါးလေးက အကူအညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။