ကျား မဆက်ဆံကြတဲ့ လိင်ကွဲဆက်ဆံမှုဖြစ်စေ၊ Gay၊ Lesbian စတဲ့ လိင်တူဆက်ဆံခြင်းမျိုးဖြစ်စေ ဘယ်လိုဆက်ဆံပုံမျိုးမှာမဆို လိင်မှတဆင့်ကူးစက်တဲ့ရောဂါတွေ ခံစားရနိုင်ပါတယ်။ မလိုလားအပ်တဲ့ ကိုယ်ဝန်ပြဿနာတွေ ဖြစ်လာနိုင်တာကိုလည်း ကြိုတင်စဉ်းစားစရာပါပဲ။ မဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးဆေးဝါးပါပဲ။ လိင်ဆက်ဆံမှုတစ်ခု ရဲ့ နောက်ကွယ်က ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို အောက်ဖော်ပြပါနည်းလမ်းတွေနဲ့ အတတ်နိုင်ဆုံးလျှော့ချလိုက်ပါ။
လိင်ဆက်ဆံမှုတစ်ခု ကနေတဆင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မလာစေဖို့
(၁) ကာကွယ်ဆေးထိုးပါ။
အထူးသဖြင့်
- အသည်းရောင်အသားဝါအေ ကာကွယ်ဆေး
- အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး
- သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး
အသည်းရောင်အသားဝါအေ ဗိုင်းရပ်စ်ပိုးဟာ အစာလမ်းကြောင်းမှ တစ်ဆင့် ကူးစက်ပါတယ်။ လိင်ကနေလည်း ကူးစက်ပါတယ်။ အထူးသဖြင့် စအိုနဲ့ ဆက်ဆံတဲ့အခါမှာပါ။ အသည်းရောင်အသားဝါအေ ကာကွယ်ဆေးကို မြန်မာနိုင်ငံမှာတော့ တွင်တွင်ကျယ်ကျယ် မထိုးကြသေးပေမယ့် ထိုးနိုင်ရင်ကောင်းပါတယ်။
သွေးအပါအဝင် ခန္ဓာကိုယ်ကထွက်လာတဲ့ အရည်တွေကတစ်ဆင့် ကူးစက်နိုင်တာကတော့ အသည်းရောင်အသားဝါဘီရောဂါပါ။ မြန်မာနိုင်ငံရဲ့ တိုးချဲ့ ကာကွယ်ဆေးလုပ်ငန်းစဉ်မှာလည်း အသည်းရောင်အသားဝါဘီကာကွယ်ဆေးကို ထည့်သွင်းထိုးနှံပေးပါတယ်။ ကာကွယ်ဆေးဟာ အာနိသင်ကို ပြန်လည်တိုးမြှင့်ပေးရန်လိုတာမို့ Booster Dose အနေနဲ့ထပ်မံထိုးထားဖို့လိုအပ်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေနဲ့တိုင်ပင်ကာ ထိုးထားသင့်ပါတယ်။
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကတော့ အမျိုးသမီးတွေအတွက် အဓိကပါ။ လိင်ဆက်ဆံဖို့ အလားအလာရှိနေသရွေ့ ထိုးထားသင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ တိုးချဲ့ ကာကွယ်ဆေးလုပ်ငန်းစဉ် မှာလည်း အသက်ကိုးနှစ်မှာတစ်ခါ၊ ဆယ်နှစ်မှာတစ်ခါဆိုပြီး နှစ်ကြိမ် ထည့်သွင်းထိုးနှံပေးနေပါပြီ။ မိမိဟာ လိင်ဆက်ဆံမှုတစ်ခု ပြုလုပ်နိုင်တဲ့အရွယ်ဆိုရင်တော့ ကြိုတင်ထိုးထားသင့်ပါတယ်။
(၂) Pre Exposure Prophylaxis (PrEP) ကြိုသောက်ပါ။
PrEP ဆိုတာ HIV ပိုးကူးစက်နိုင်ခြေကိုလျှော့ချပေးတဲ့ဆေးပါ။ မိမိရဲ့ပါတနာဟာ ကံအကြောင်း မလှစွာနဲ့ HIV ပိုးရှိနေခဲ့ရင် သောက်ဖို့ လိုနိုင်ပါတယ်။
ဘယ်သူတွေသောက်သုံးသင့်သလဲ
- HIV ပိုးရှိသူနဲ့ လိင်ဆက်ဆံမယ်ဆိုရင် (အထူးသဖြင့် ဗိုင်းရပ်စ်ပမာဏက သူများကို ကူးနိုင်လောက်အောင် များနေခဲ့ရင်)
- HIVပိုးရှိသူနဲ့ အတူနေတဲ့အခါ ကွန်ဒုံးကို အမြဲမသုံးရင်
- လွန်ခဲ့တဲ့ခြောက်လအတွင်း လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတစ်မျိုးမျိုး ဖြစ်ခဲ့ဖူးရင်
- အကြောထဲဆေးထိုးတဲ့နည်းဖြင့် မူးယစ်ဆေးဝါးသုံးစွဲတတ်သူတစ်ဉီးနဲ့ လိင်ဆက်ဆံမယ်ဆိုရင်
- မိမိဟာ လိင်တူဆက်ဆံတဲ့ Gay တစ်ဉီးဖြစ်ခဲ့မယ်ဆိုရင်
အထက်ပါအချက်တွေနဲ့ ကိုက်ညီရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး သောက်သင့်ပါတယ်။ လိင်တူဆက်ဆံသူ Gay တွေဟာ သာမန်လူတွေထက် HIV ပိုးကူးစက်ဖို့အလားအလာရှိသူတွေမို့ PrEP ကြိုသောက်သုံးထားဖို့ လိုပါလိမ့်မယ်။ PrEP ဟာ HIV တစ်မျိုးထဲကိုပဲ ကာကွယ်နိုင်တာပါ။ ၉၀ ကနေ ၉၉ ရာခိုင်နှုန်းထိ ကာကွယ်ပေးပါတယ်။ အခြားသော လိင်မှတစ်ဆင့်ကူးစက်တဲ့ရောဂါတွေကိုတော့ မကာကွယ်ပေးနိုင်ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။
PrEP ဟာ အထက်ပါအချက်တွေနဲ့ကိုက်ညီနေသရွေ့ သောက်ရမှာပါ။ ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်ပါ။ ဆေးကို အခမဲ့ထုတ်ယူနိုင်တဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။
PrEP မသောက်ထားဘဲ HIV ရောဂါပိုးကူးစက်နိုင်တဲ့ လိင်ဆက်ဆံမှုတစ်ခုပြုလုပ်မိခဲ့ရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ပြီး Post Exposure Prophylaxis (PEP) ဆိုတဲ့ ထိတွေ့မှုအပြီး သောက်သုံး သင့်တဲ့ HIV ကာကွယ်ဆေးကို (၇၂) နာရီအတွင်းသောက်ပါ။
(၃) တားဆေးသုံးပါ။
ကိုယ်ဝန်ရဖို့အတွက် မမျိုးဉနဲ့ ဖိုသုက်ပိုးတို့ လိုပါတယ်။ ဒီတော့ မိန်းမနဲ့ ယောကျာ်းလိင်ဆက်ဆံမှုမှန်သမျှ ကိုယ်ဝန်ရနိုင်တာမို့ မလိုချင်သေးရင် တားဆေးသုံးထားဖို့ လိုအပ်ပါတယ်။ သန္ဓေတားဆေး အမျိုးအစားတွေ အများကြီးရှိတာကြောင့် မိမိနဲ့ကိုက်ညီတဲ့အမျိုးအစားကို ဆရာဝန်နဲ့တိုင်ပင်ပြီး သုံးနိုင်ပါတယ်။ တားဆေးမသုံးမိဘဲ လိင်ဆက်ဆံမိခဲ့ရင်တော့ (၇၂)နာရီအတွင်း အရေးပေါ်တားဆေးသုံးနိုင်ပါတယ်။ ခဏခဏသုံးလို့တော့ မကောင်းပါဘူး။
(၄) ကွန်ဒုံးဆောင်ထားပါ။
ကွန်ဒုံးဟာ HIV တင်မကဘဲ တခြားလိင်မှတစ်ဆင့်ကူးစက်ရောဂါတွေနဲ့ ကိုယ်ဝန်မရအောင် ကာကွယ်ပေးနိုင်တာကြောင့် စိတ်ချရတဲ့ လိင်ဆက်ဆံမှုတစ်ခု ကိုပေးစွမ်းနိုင်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းပါတယ်။ လိင်ဆက်ဆံတယ်ဆိုတာ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုကို ဖန်တီးဖို့ပါ။ ဒီတော့ စိတ်ကျေနပ်မှုအပြည့်အဝရပြီး စိုးရိမ်ပူပန်မှုတွေ ရှိမနေဖို့ ကြိုတင်ပြင်ဆင်လိုက်ပါ။ ကျန်းမာသာယာတဲ့ လိင်မှုဘဝကို ပိုင်ဆိုင်ရယူလိုက်ပါ။
ရေးသားသူ- ဒေါက်တာမှူးခင်
[embed-health-tool-ovulation]