ကလေးတွေ ငိုတယ်ဆိုတာ မဆန်းပါဘူး။ စကားမပြောတတ်သေးတဲ့သူတို့လေးတွေအတွက် ငိုတယ်ဆိုတာက သူတို့ဆာလောင်နေတယ်ဆိုတာ၊ သူတို့လေးတွေရဲ့အဝတ်တွေစိုနေတယ်ဆိုတာနဲ့ သူတို့မအီမသြာဖစ်နေတယ်ဆိုတာတွေကိုဖော်ပြပေးနေတဲ့အချက်ပြမှုပဲဖြစ်ပါတယ်။ ဒါ့အပြင်ငိုကြွေးခြင်းက သူတို့အနေနဲ့ဝေဒနာတစ်ခုခုကို ခံစားနေရတယ်ဆိုတာကိုလည်းဖော်ပြခြင်းဖြစ်ပါတယ်။ ဒီထဲမှာ အဖြစ်အများဆုံးကတော့လေနာဝေဒနာပါ။ အရမ်းကြီးပြင်းထန်ဆိုးရွားတဲ့ရောဂါတစ်မျိုးမဟုတ်ပေမယ့် ညတိုင်းငိုယိုနေတဲ့ ကိုယ့်ရဲ့ ကလေးကို ကြည့်ရတာ ဘယ်မိဘအတွက်မှ စိတ်ချမ်းသာစရာမကောင်းပါဘူး။ ဒီဆောင်းပါးမှာတော့လေနာဝေဒနာအကြောင်းနဲ့ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုကာကွယ်လို့မရလဲဆိုတာတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
လေနာဖြစ်နေတယ်ဆိုတဲ့ လက္ခဏာများ
ကလေးဆိုတာကတော့ ငိုမှာပါပဲ။မွေးကင်းစကလေးငိုတာကရောဂါကြောင့်မဟုတ်ပါဘူး။ ကလေးသဘာဝအတိုင်း ငိုတာပါ။မွေးကင်းစကလေးငယ်တွေဟာ တစ်နေ့ကို ၂ နာရီလောက်ကို ငိုတတ်ကြပါတယ်။
ဒီအချက်လေးတွေရှိနေရင် ကလေးမှာလေနာဖြစ်နေတာဖြစ်နိုင်ပါတယ်။
- အကြောင်းအရင်းမရှိဘဲ ငိုနေတာ။ ဆာတာလည်းမဟုတ်၊သေးခံညစ်ပေနေတာမျိုးလည်းမဟုတ်ဘဲ ငိုနေရင်
- ညနေတိုင်းအချိန်မှန်ငိုနေတာကနေ့တိုင်းဖြစ်နေခဲ့ရင်
- တစ်နေ့ကို ၃နာရီလောက်ငိုတာက တစ်ပတ်ကို ၃ ရက် ဒါမှမဟုတ် ၃ ရက်ကျော်လောက်အထိငိုနေမယ်ဆိုရင်
- အသံက ပုံမှန်မဟုတ်ဘဲ အာခေါင်ခြစ်ပြီးအော်ငိုနေရင်
- ဘယ်လိုမှချော့လို့မရဘဲဖြစ်နေရင်
အခြားလက္ခဏာများ
- လက်သီးကို ဆုပ်ရင်းငိုနေရင်
- သူရဲ့လက်ရောခြေထောက်ရောကို ဗိုက်ဆီကိုကွေးညွတ်ထားရင် ခပ်ကွေးကွေးပုံသဏ္ဍာန်နဲ့ ငိုနေရင်
- ဗိုက်ထဲကလေပွနေတာမျိုးဖြစ်နေရင်
- မျက်နှာနီရဲပြီးငိုနေရင်
- ဗိုက်ကြွက်သားလေးတွေတင်းနေရင်
ဘာကြောင့်လေနာဖြစ်ရတာလဲ
ကလေးတွေမှာလေနာဖြစ်ရတဲ့အကြောင်းအရင်းကိုဘယ်သူမှတိတိကျကမသိသေးပါဘူး။ ကလေးတွေရဲ့ အူတွေကသေသေချာချာမဖွံ့ဖြိုးသေးတာကြောင့်ဖြစ်နိုင်သလို မိခင်နို့အပြင် ကလေးတွေကို တိုက်ကျွေးတဲ့ အာဟာရမှုန့်တွေထဲမှာ ကလေးနဲ့ ဓါတ်မတည့်တဲ့အရာတွေပါဝင်နေတာကြောင့်ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ နို့နဲ့ဓါတ်မတည့်တဲ့အခါမျိုးမှာလည်း ကလေးတွေမှာ လေနာဖြစ်သလို လက္ခဏာတွေပြတတ်ပါသေးတယ်။
ကိုယ်ဝန်ဆောင်ကာလအတွင်းဆေးလိပ်ေသာက်သုံးတဲ့မိခင်တွေရဲ့ ကလေးငယ်တွေမှာလေနာဖြစ်နိုင်ခြေက ပုံမှန်ထက် နှစ်ဆလောက်ပိုနေတတ်ပါတယ်။ မိခင်နို့ပဲတိုက်တိုက် နို့မှုန့်ပဲတိုက်တိုက်လေနာဖြစ်နိုင်ခြေက အတူတူပါပဲ။
ဘယ်လိုစောင့်ရှောက်မှုပေးမလဲ
လေနာဝေဒနာက ကလေး ၃ လအရွယ်လောကမှာ သူ့ဘာသာအလိုလိုဖြစ်လာတတ်တဲ့ဝေဒနာပါ။ ကလေးလေနာကိုစောင့်ရှောက်ပေးနိုင်မယ့် နည်းလမ်းအချို့တော့ရှိပါတယ်။ ဒါတွေကတော့ –
လေထိုးလေအောင့်သက်သာစေမယ့်ဆေးတစ်မျိုးမျိုးတိုက်ရပါမယ်။ဆရာဝန်နဲ့တိုင်ပင်ပြီး လေအောင့်ပျောက်စေနိုင်တဲ့ဆေးတိုက်ကျွေးပေးလို့ရပါတယ်။
Probiotics-Probiotics ဆိုတာက အစာခြေလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေကို ထိန်းညှိရာမှာကူညီပေးတဲ့ အရာတစ် ခုပါ။ ကလေးတွေမှာလေနာဖြစ်ရတဲ့အကြောင်းအရင်းက သူတို့ရဲ့အစာခြေလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားတွေ မျှမျှတတ မရှိတာကြောင့်ဖြစ်ပါတယ်။ကလေးငယ်ကို ဝေဒနာကင်းဝေးစေဖို့ဆိုရင်တော့ အစာခြေလမ်းကြောင်းကို အထောက်အကူပြုပေးပြီးခန္ဓါကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အကျိုးပြုဘက်တီးရီးယားတစ်မျိုးဖြစ်တဲ့Lactobacillus reuteri bacteriaကို ထည့်သွင်းထုတ်လုပ်ထားတဲ့ အစာခြေစနစ်ကျန်းမာစေတဲ့ဆေးတစ်မျိုးမျိုးကိုတိုက်ကျွေးပေးလိုက်ပါနော်။
ကလေးကို သက်သာစေအောင်ဆေးတစ်ခုခုတိုက်မယ်ဆိုရင် ဆရာဝန်နဲ့အရင်တိုင်ပင်တာအကောင်းဆုံးဖြစ်ပါမယ်။
ကလေးကိုလေနာသက်သာစေနိုင်မယ့် အခြားနည်းလမ်းများ
ကလေးငိုနေတာကိုထိုင်ကြည့်နေဖို့ဆိုတာက မိဘတွေအတွက်တော့ တော်တော်လေးမလွယ်တာပါ။ တချို့မိဘတွေကျတော့လည်း ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေတတ်ပါတယ်။ အခုပြောပြမယ့်နည်းလမ်းတွေက ကလေးငယ်ကိုလေနာမဖြစ်အောင် အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်ပါလိမ့်မယ်။
- ကလေးကို အစားအစာတွေကျွေးတဲ့အချိန်မှာ မတ်မတ်လေးထားပေးပါ။
- ကလေးကို တစ်ခါကျွေးရင်နည်းနည်းနဲ့ အကြိမ်ရေများများကျွေးပေးပါ။ ဒီလိုလုပ်ပေးတာက ကလေးငယ်မှာလေနာဝေဒနာဖြစ်ပေါ်နိုင်ခြေကိုလျော့ပါးစေနိုင်ပါတယ်။
- ကလေးငယ်ကိုကျွေးမွေးနေတဲ့ အာဟာရမှုန့်တွေနဲ့နို့မှုန့်တွေကို စမ်းပြီးပြောင်းကျွေးကြည့်ပါ။
- ကလေးကိုနို့တိုက်ရာမှာ အသုံးပြုနေတဲ့ နို့ဗူးတွေ၊နို့သီးခေါင်းတွေကိုပြောင်းသုံးကြည့်ပေးပါ။ ဒီနည်းလမ်းလေးတွေကလည်းကလေးငယ်ကိုလေနာသက်သာအောင်လုပ်ဆောင်ပေးပါလိမ့်မယ်။
- ကလးကိုလေနာသက်သာစေဖို့က စိတ်အေးလက်အေးဖြစ်အောင်လုပ်ပေးဖို့လည်းလိုအပ်ပါလိမ့်မယ်။
- ကလေးကို တိတ်ဆိတ်ငြိမ်သက်တဲ့အခန်းထဲမှာ လှဲလျောင်းစေတာမျိုး
- စောင်လေးနဲ့ထွေးပေးထားတာမျိုး
- ပေါင်ပေါ်မှာမှောက်လျက်သားလေးထားပြီးလေထုတ်ပေးတာမျိုး
- ကလေးကို နှိပ်နယ်ပေးတာမျိုး ဗိုက်ကိုရေနွေးပုလင်းခပ်နွေးနွေးလေးနဲ့ကပ်ပေးတာမျိုး
- ရေနွေးနဲ့ရေချိုးပေးတာမျိုးတွေလုပ်ပေးလို့လည်းရပါသေးတယ်။
ဒီလိုအခြေအနေမျိုးတွေဖြစ်ရင် ဆရာဝန်နဲ့ပြသပေးဖို့လိုပါမယ်
- ကလေးကဝမ်းပျက်နေပြီး ဝမ်းထဲမှာသွေးပါလာရင်
- အစားမှန်မှန်စားနေပေမယ့် ကိုယ်အလေးချိန်တိုးမလာရင်
- အဖျားက ၁၀၀.၄ ထက်ကျော်နေရင်
- အန်နေရင်
- ဖျားပြီးအီနေရင်
- တက်တက်ကြွကြွမရှိဘဲ ကလေးကပုံမှန်ထက်ငြိမ်နေရင် ဆရာဝန်နဲ့ချက်ချင်းပြသဖို့လိုပါလိမ့်မယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-baby-poop-tool]