backup og meta

ဘေဘီလေးမှာပေါက်တဲ့ ရေကျောက် သက်သာစေဖို့


Aye Thi Mon မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးမှာပေါက်တဲ့ ရေကျောက် သက်သာစေဖို့

    ရေကျောက်ဆိုတာက ကလေးတွေမှာ တော်တော်လေးအဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ ရေကျောက်က ရေယုန်ဗိုင်းရပ်စ် တစ်မျိုးဖြစ်တဲ့ varicella-zoster virus ကြောင့် ဖြစ်ရတာပါ။ အသက် ၁၂ နှစ်အောက် ကလေးအများစုမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့။ ရေကျောက်ဖြစ်တဲ့အခါ ကလေးက အဖျားတက်ပြီး ခန္ဓာကိုယ်အနှံ့မှာ ယားယံတဲ့ အနီရောင် အဖုအပိမ့်တွေ ထွက်လာပါမယ်။ ဒီပြဿနာကို ဖေဖေမေမေတို့အနေနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    ရေကျောက်ပေါက်တဲ့အခါ ဘေဘီလေးမှာ ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲ ………

    ရေကျောက်ပေါက်တဲ့အခါ စဖြစ်ကာစမှာ ဘေဘီလေးမှာ

  • အဖျားရှိမယ်
  • ခေါင်းကိုက်မယ်
  • လည်ချောင်းနာမယ်
  • ဗိုက်အောင့်မယ် စတဲ့လက္ခဏာတွေက ရက်အနည်းငယ်ကြာဖြစ်ပါလိမ့်မယ်။ ဒီလိုကနေတဖြည်းဖြည်း ကိုယ်အပူချိန်က ၁၀၁ ဒီဂရီဖာရင်ဟိုက် ကနေ ၁၀၂ ဒီဂရီဖာရင်ဟိုက်ရှိလာပါလိမ့်မယ်။  အဲ့ဒီနောက်မှာတော့ ဗိုက်၊ ရင်ဘတ် နဲ့ မျက်နှာတို့မှာ ယားယံတဲ့ အနီရောင်အဖုအပိမ့်တွေဖြစ်လာပါလိမ့်မယ်။ ဒီလိုကနေ ခန္ဓာကိုယ် နေရာအနှံ့ကို ပြန့်သွားပါလိမ့်မယ်။ ဦးရေပြား၊ ပါးစပ်အတွင်းပိုင်း၊ လက်မောင်း၊ ခြေထောက်တွေ နဲ့ ခန္ဓာကိုယ်အနှံကိုပေါ့။
  • အဖုအပိမ့်တွေဟာ စဖြစ်ကာစမှာ အနီရောင်အဖုသေးသေးလေးတွေဖြစ်ပြီး ဝက်ခြံ ဒါမှမဟုတ် အင်းဆက်ကိုက်ခံရတဲ့အရာလေးတွေနဲ့ ခပ်ဆင်ဆင်ပါ။ ဒီလိုအခြေအနေနဲ့ ၂ ရက်ကနေ ၄ ရက်လောက်အထိကြာနိုင်ပါတယ်။ ဒီလိုကနေမှာ အရည်ကြည်ဖုလေးစဖြစ်လာပါလိမ့်မယ်။ ဒီအရည်ကြည်ဖုတွေပေါက်သွားတဲ့အခါမှာ အနာလေးတွေလို စဖြစ်လာပါလိမ့်မယ်။ ဒီလိုကနေ အနာတွေဖြစ်လာပြီး ခြောက်သွားတဲ့အခါ အညိုရောင် အနာဖေးတွေ ဖြစ်လာပါလိမ့်မယ်။ ကိုယ်ခံအားနည်းတဲ့ ကလေးငယ်လေးတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။

    ရေကျောက်ဖြစ်စေတဲ့ အကြောင်းအရင်းက ဘာများလဲ………

    ရေကျောက်က varicella-zoster virus (VZV) ကြောင့်ဖြစ်ရတာပါ။ ကလေးတွေမှ မဟုတ်ပါဘူး လူကြီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်ရေကျောက်ပေါက်တာက တစ်ခါဖြစ်ပြီးရင် နောက်တစ်ခေါက်က မဖြစ်တော့သလောက်ပါပဲ။ အကြောင်းကတော့ ကိုယ်တွင်းကို ရေကျောက်ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး ဝင်ရောက်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကနေ ပဋိပစ္စည်း(antibody) တစ်မျိုးကိုထုတ်ပေးပါတယ်။ ဒီ ပဋိပစ္စည်းလေးတွေက ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်ပေးတဲ့အပြင် နောက်တစ်ကြိမ် ရေကျောက်ထပ်မပေါက်တော့အောင်လည်း ကာကွယ်ပေးပါတယ်။ ကလေးတွေအများစုဟာ ရေကျောက် ကာကွယ်ဆေး ထိုးရတာကြောင့် အသက်အရွယ်ရလာတဲ့အခါ ရေကျောက်ဖြစ်နိုင်ခြေက မရှိသလောက်ပါပဲ။

    ရေကျောက် ဘယ်လိုကူးစက်နိုင်လဲ………..

    ရေကျောက်က ကူးစက်တတ်ပါတယ်။ ကလေးအများစုက ရေကျောက်ပေါက်နေတဲ့ မွေးချင်းတွေ သူငယ်ချင်းတွေဆီကနေ ကူးကြတာပါ။ ကူးစက်ခံရပြီးတဲ့နောက် ၂ ပတ်လောက်ကြာမှ ရောဂါလက္ခဏာ စပြလေ့ရှိတာပါ။

    • ရောဂါပိုးကူးစက်ခံထားရသူ နှာချေချောင်းဆိုးတာကနေတဆင့် လေထဲမှာပါလာတဲ့ droplets တွေကနေတဆင့် ကူးစက်တတ်ပါတယ်။
    • ချွဲတွေ၊ သွားရည် နဲ့ အရည်ကြည်ဖုလေးတွေကနေ ထွက်လာတဲ့ အရည်တွေကနေတဆင့်လည်း ကူးစက်နိုင်ပါတယ်။
    • ရေကျောက် ကူးစက်နိုင်ခြေအများဆုံးအခြေအနေက အနီရောင်အဖုအပိမ့်လေးတွေကနေ အရည်ကြည်ဖုလေးတွေ ဖြစ်မလာခင် ၂ ရက်လောက်အလိုမှာပါ။ ကာကွယ်ဆေး မထိုးထားသူတွေဆီကိုသာ ကူးစက်တာဖြစ်ပြီး ကာကွယ်ဆေးထိုးထားသူတွေကိုတော့ မကူးစက်နိုင်ပါဘူး။

    ရေကျောက်က ကူးစက်လွယ်တာကြောင့် ကလေးမှာ ရေကျောက်ဖြစ်နေချိန်မှာ အိမ်မှာပဲ သက်တောင့်သက်သာ နားနေစေသင့်ပါတယ်။ ရည်ကြည်ဖုတွေ အားလုံးခြောက်သွားပြီး တစ်ပတ်လောက်ကြာမှ ကျောင်းပြန်တက်စေသင့်ပါတယ်။

    ရေကျောက် ကာကွယ်လို့ရလား…………

    ကာကွယ်လို့ရပါတယ်။ လူအများစုမှာ ရေကျောက်ဖြစ်ရတဲ့ အကြောင်းအရင်းက ရေကျောက်ကာကွယ်ဆေး မထိုးထားတာကြောင့်ပါ။ ရေကျောက်ကာကွယ်ဆေးကို

    • ဘေဘီလေး ၁၂ လ ကနေ ၁၅ လအတွင်းမှာ ပထမအကြိမ်
    • ဘေဘီလေး ၄ နှစ် ကနေ ၆ နှစ်အတွင်းမှာ ဒုတိယအကြိမ် ထိုးနှံပေးဖို့လိုပါမယ်။

    ၆ နှစ်အထိဆေးတစ်ကြိမ်မှမထိုးရသေးဘူးဆိုရင် ၆ နှစ်ပြည့်တဲ့အခါ ဆေးနှစ်ကြိမ်လုံး ထိုးပေးလို့ရပါတယ်။ တကယ်လို့ ကလေးက ဒီကြားထဲမှာ ရေကျောက်ပေါက်ပြီးသွားပြီဆိုရင် ဆေးမထိုးပေးရင်တောင် နောက်ထပ်မဖြစ်တော့ပါဘူး။ ဒီလိုပြောရတာက ရေကျောက်ဖြစ်တဲ့အချိန်မှာ ကိုယ်တွင်းကနေထုတ်ပေးတဲ့ ပဋိပစ္စည်းက တစ်သက်တာအတွက် ကာကွယ်ပေးပြီးသားဖြစ်သွားတာကြောင့်ပါ။

    ဘယ်လို သက်သာအောင် လုပ်ပေးမလဲ………..

    ဘေဘီလေးမှာ ရေကျောက်ပေါက်တဲ့အခါ ယားယံတာ နဲ့ မအီမသာမဖြစ်စေဖို့အတွက်

    • ရေခဲဝတ်လေးကပ်ပေးပါ
    • ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ
    • အုတ်ဂျုံကို ရေနွေးနွေးလေးစိမ်ပြီး ရလာတဲ့ အရည်နဲ့ ရေချိုးပေးပါ
    • ရေကိုခြောက်စေဖို့ဆိုရင် တဘက်စနုနုလေးနဲ့ တို့သုတ်ပေးပါ
    • calamine lotion လေးလိမ်းပေးလို့ရပါတယ် (မျက်လုံးတဝိုက်ကိုတော့ မလိမ်းပါနဲ့)

    မကုတ်ဖဲ့မိစေဖို့

    ကလေးကို ရေကြည်ဖုတွေကို မကုတ်ဖဲ့မိစေဖို့

    • လက်အိတ်လေး ဝတ်ထားပေးပါ
    • လက်သည်းတွေညှပ်ပေးပါ
    • လက်တွေကို သန့်ရှင်းအောင် ထားပေးပါ

    ပါးစပ်ထဲမှာပေါက်နေတဲ့ ရေကြည်ဖုလေးတွေ သက်သာစေဖို့

    တကယ်လို့ ဘေဘီလေးက ပါးစပ်ထဲမှာ ရေကြည်ဖုလေးတွေဖြစ်နေမယ်ဆိုရင်

    ရေကျောက်ပေါက်နေတဲ့ကလေးကို အကိုက်အခဲပျောက်ဆေးတိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။

    ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသရမလဲ……….

    ရေကျောက်ပေါက်တာက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အခုလို လက္ခဏာတွေဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသ သင့်ပါတယ်။

  • အဖျားက ၄ ရက်လောက်ကြာတဲ့အထိ မပျောက်ဘဲရှိနေမယ်
  • ချောင်းအရမ်းဆိုးမယ်
  • အသက်ရှူရခက်နေမယ်
  • အဖုအပိမ့်တွေကနေ ပြည်ထွက်မယ်
  • အဖုအပိမ့်တဝိုက်မှာ နီမြန်းနေမယ်၊ နွေးနေမယ်၊ ရောင်ရမ်းနေမယ်
  • ခေါင်းအရမ်းကိုက်မယ်
  • ခေါင်းမူးနေမယ် (ခေါင်းမထောင်နိုင်အောင် မူးနေမယ်)
  • အလင်းရောင်ဒဏ် မခံနိုင်ဘူးဖြစ်နေမယ်
  • လမ်းမလျှောက်နိုင်တာမျိုး ဖြစ်မယ်
  • အာရုံတွေရှုပ်ထွေးနေမယ်
  • အော့အန်မယ်
  • အရမ်းဖျားနာမယ်
  • လည်ပင်းကြီးတောင့်နေမယ် ဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသပေးပါ။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement