brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သရက်စေး လောင်ခဲ့ရင်

သရက်သီးတွေ လှိုင်လှိုင်သီးလို့ သရက်သီး ခူးရမယ့်အချိန်တောင် ရောက်လာပြီနော်။ အစိမ်းကို ငံပြာရည်၊ ငရုတ်သီးမှုန့်နဲ့စားစား၊ ငပိလေးကင်ပြီး ပုစွန်ခြောက် ဆီချက်၊ မြေပဲထောင်းလေးနဲ့ အရသာရှိရှိ သုပ်စားစား၊ ငရုတ်သီး အစိမ်းမှုန့် ဆားလေးနဲ့ တို့စားစား စားကောင်းတဲ့ သရက်သီးလေးကို ခူးတဲ့အချိန်မှာ အဖြစ်များတဲ့ ပြဿနာတစ်ခုရှိပါတယ်။ အစေးလောင်တာပါ။ ဝယ်စားတဲ့သူက ပြဿနာ မရှိပေမယ့် ကိုယ်တိုင် အပင်ကနေ ခူးစားမယ့် သူလေးတွေဆိုရင်တော့ မျက်လုံးထဲ အစေးဝင်တာမျိုး၊ လက်ကို သရက်စေး လောင်တာ၊ မျက်နှာပေါ် အစေးကျတာ၊ အရေပြားကို အစေးလောင်တာတွေ ခံစားရနိုင်ပါတယ်။ ဒီလိုမျိုး သရက်စေး လောင်ခဲ့ရင် ဘယ်လို လုပ်ရမလဲဆိုတာကို ပြောပြပေးပါမယ်။

သရက်စေး လောင်ခဲ့ရင်

သရက်စေး ဆိုတာ ဘာလဲ………..

သရက်စေး ဆိုတာက သရက်သီးကို ခူးလိုက်တဲ့အခါ အကိုင်းကနေရာ သရက်သီး အညှာလေးကနေပါ ထွက်လာတဲ့ အရည်လေးတွေပါ။ ကိုင်မိပြီး ရေမဆေးဘဲ အတော်ကြာထားမိလိုက်ရင်ကို အရေပြားမှာ ပူလာနိုင်ပါတယ်။ လတ်လတ်ဆတ်ဆတ် ခူးလိုက်တဲ့အခါတိုင်း သရက်စေးတွေ အများကြီးထွက်တာကို မြင်ရမှာပါ။ အစေးက မွှေးပေမယ့် အစေးလောင်ရင်တော့ အခက်ပါ။

သရက်စေး လောင်ခဲ့ရင်

သရက်သီးကို ခူးလိုက်တဲ့အခါ မတော်တဆ ဆိုသလို သရက်စေးလောင်နိုင်ပါတယ်။ လက်နေစလို့ မျက်နှာ အရေပြားတွေမကျန် ထိမိ လောင်မိနိုင်သလို အခန့်မသင့်ရင် မျက်လုံးထဲဝင်တာမျိုး အထိဖြစ်နိုင်ပါတယ်။ ဒီ သရက်စေးလောင်တာက ဆေးခန်းသွားပြရလောက်တဲ့အထိ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာမဟုတ်ပေမယ့် ခံရခက်တာတော့ အမှန်ပါ။

သရက်စေး အရေပြားကို လောင်တဲ့အခါ 

သရက်စေး မျက်လုံးထဲ ဝင်ခဲ့မယ်ဆိုရင်

  • မျက်လုံးထဲမှာ ပူမယ်
  • တဆစ်ဆစ်နဲ့ အောင့်မယ်
  • စပ်ဖျဉ်းဖျဉ်း ဖြစ်မယ်

သရက်စေးလောင်တာအတွက် အိမ်တွင်းကုထုံး

ဒီတော့ သရက်သီး ခူးရင်း သရက်စေး လောင်ခဲ့ရင်

ရေဆေးချပါ

သရက်စေးလောင်တဲ့အခါ အရင်ဆုံးလုပ်ရမှကြ ရေဆေးချလိုက်ဖို့ပါ။ ဒါမှ သရက်စေး လောင်တာ အရမ်းမပြင်းထန်မှာပါ။ ရေကို လောင်းချပြီး ဆေးရပါမယ်။ နှစ်ဆေးတာမျိုး မလုပ်ရပါဘူး။ အကြောင်းက သရက်စေးမှာ လောင်ကျွမ်းစေနိုင်တဲ့ အက်ဆစ်ဓာတ်ပါဝင်နေတာကြောင့်ပါ။

မျက်လုံးထဲ ဆိုရင်တော့

ရေသန့်သန့်ကို ခွက်တစ်လုံးထဲထည့်လို့ မျက်လုံးကို ပိတ်လိုက်ဖွင့်လိုက်လုပ်ပါ။ မျက်လုံးထဲမှာ ပူတယ်ဆိုတဲ့ ခံစားရမှု မသက်သာမချင်း ဆက်တိုက်လုပ်ပေးပါ။

ရေအေးဝတ် ကပ်ပါ

တဘက်စသန့်သန့်လေးကို ရေခဲရေစွတ်ပြီး သရက်စေးလောင်တဲ့နေရာကို ကပ်ပေးပါ။ ၁ မိနစ်လောက်ပေါ့။

ဆား နဲ့ witch hazel

Witch hazel နဲ့ ဆားတို့ကို အချိုးကျ ရောစပ်ပြီး ရလာတဲ့ အရောကို သန့်စင်ထားတဲ့ သရက်စေးလောင်တဲ့ နေရာပေါ်ကို လိမ်းပေးလို့ရပါတယ်။ နာကျင်ရောင်ရမ်းမှုကို အထိရောက်ဆုံး သက်သာစေနိုင်မှာပါ။

witch hazel

Tea tree oil နဲ့ ရှားစောင်းလက်ပပ်

ရှာစောင်းလက်ပပ် အတွင်းက ဂျယ်လီသားကို ခြစ်ယူပါ။ စတီးဇွန်း တစ်ဇွန်းစာ ရှားစောင်းလက်ပပ် ဂျယ်လီသားကို Tea tree oil လက်ဖက်ရည်ဇွန်း တစ်ဝက်စာနဲ့ရောစပ်လို့ သန့်စင်ထားတဲ့ သရက်စေးလောင်တဲ့ အပေါ်ကို လိမ်းပေးရုံပါ။ အနာကို ဘက်တီးရီးယားတွေ မဝင်အောင် ကာကွယ်ပေးသလို အစိုဓာတ်ဖြည့်ပေးပြီး စပ်ဖျဉ်းဖျဉ်းဖြစ်တာကို သက်သာစေမှာပါ။

အအေးခံထားတဲ့ လက်ဖက်ခြောက်အိတ်

အသုံးပြုပြီးသား လက်ဖက်ခြောက်အိတ်ကို ရေခဲသေတ္တာ အခဲကန့်ထဲကို ထည့်ပြီး သန့်စင်ထားတဲ့ သရက်စေးလောင်တဲ့ နေရာမှာ ကပ်ပေးရုံပါ။ တစ်နေ့ကို ၃ ကြိမ်လောက်အထိ လုပ်ပေးလို့ရပါတယ်။

Fuller’s earth နဲ့ နနွင်း

Fuller’s earth နဲ့ နနွင်းတို့ကို ဆတူရောလို့ ရေနည်းနည်းနဲ့ ခပ်ပျစ်ပျစ်လေးဖျော်ပေးပါ။ ပြီးရင်ရလာတဲ့ အနှစ်ကို သန့်စင်ထားတဲ့ သရက်စေးလောင်တဲ့ နေရာမှာ လိမ်းပေးပါ။ အသားအရေကို အစိုဓာတ် ဖြည့်ပေးပြီး ပိုးမဝင်အောင် ကာကွယ်ပေးပါတယ်။

ပျားရည်

ပျားရည်ကတော့ အသားအရေရဲ့ မိတ်ဆွေပါ။ အစိုဓာတ်ဖြည့်ပေးသလို ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။ သန့်စင်ထားတဲ့ သရက်စေးလောင်တဲ့နေရာပေါ်မှာ ခပ်ပါးပါးလေး လိမ်းပေးရုံပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Aye Thi Mon · 19/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။