ကလေးတွေဟာဆောင်းရာသီမှာ နှုတ်ခမ်းခြောက်တာ၊ ကွဲတာ၊မျိုးတွေခံစားရနိုင်ပါတယ်။ ဒါပေမယ့် နှုတ်ခမ်းထောင့်နားလေးတွေမှာ နီရဲနေတာ၊ရောင်ရမ်းနေတာ၊ ကွဲအက်သလိုလေးတွေဖြစ်နေမယ်ဆိုရင်တော့ ကလေးကဆောင်းရာသီ အအေးဒဏ်ကြောင့်နှုတ်ခမ်းခြောက်တာမဟုတ်ပါဘူး။ ကျီးကန်းပါးစပ်ဖြစ်တာပါ။
ဒီလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်
ကလေးမှာ အခုလိုမျိုးလက္ခဏာလေးတွေ ခံစားနေရမယ်ဆိုရင် ကလေးက ကျီးကန်းပါးစပ်ခံစားနေရတာပါ။ အများဆုံးတွေ့ရနိုင်တာကတော့ နှုတ်ခမ်းထောင့်လေးတွေမှာ နီရဲရောင်ရမ်းတာမျိုးဖြစ်နိုင်ပါတယ်။ နှုတ်ခမ်းထောင့်တစ်ဖက်တည်းမှာ ဒါမှမဟုတ် နှစ်ဖက်စလုံးမှာ –
- သွေးလေးတွေစို့နေမယ်
- နှုတ်ခမ်းသားလေးတွေ ခပ်ဖောင်းဖောင်းဖြစ်နေမယ်
- ကွဲအက်နေမယ်
- အရေပြားတင်းနေမယ်
- ယားယံနေမယ်
- နာနေမယ်
- နီရဲနေမယ်
- အပေါ်ယံအရေပြားလန်နေမယ်
- ရောင်ရမ်းနေမယ် ဆိုရင်တော့ ကျီးကန်းပါးစပ်ခံစားနေရတာအသေအချာပါပဲ။
ဒီအချက်တွေကြောင့်ဖြစ်နိုင်ပါတယ်
ကလေးတွေမှာ ဒီလိုအချက်တွေရှိနေမယ်ဆိုရင် ကျီးကန်းပါးစပ်ဖြစ်နိုင်ခြေပိုများနေပါတယ်။
- ကလေးက မွေးရာပါဆီးချိုရောဂါခံစားနေရမယ်ဆိုရင်
- တံထွေးအထွက်များမယ်ဆိုရင်။ တစ်ချိန်လုံးတံထွေးနဲ့ထိတွေ့နေမယ်ဆိုရင်
- ကိုယ်ခံအားနည်းမယ်ဆိုရင်
- အာဟာရချို့တဲ့မယ်ဆိုရင်
- သွေးအားနည်းရောဂါရှိမယ်ဆိုရင်
- သွားဖုံးရောဂါရှိနေမယ်ဆိုရင်
- ကလေးက နှုတ်ခမ်းကို လျှာနဲ့ ခဏခဏသပ်မယ်ဆိုရင်
- နှုတ်ခမ်းအရမ်းခြောက်နေမယ်၊ ကွဲနေမယ်ဆိုရင်
- နို့တွေခဏခဏအန်မယ်
- နို့စို့တိုင်းနို့တွေစီးကျနေမယ်
- ကလေးက လက်ခဏခဏစုပ်မယ်
- နို့သီးခေါင်းစို့မယ်
- နှုတ်ခမ်းကို ဓာတ်မတည့်တာတစ်ခုခုနဲ့ ထိတွေ့မိမယ်ဆိုရင်
ဒါတွေအပြင် မှိုနဲ့ ဘက်တီးရီးယားတွေကူးစက်ခံရမယ်ဆိုရင်လည်း ကလေးမှာ ကျီးကန်းပါးစပ်ခံစားရနိုင်ပါတယ်။ ကလေးငယ်မှာ သံဓာတ်နဲ့ ဗီတာမင် Bလျော့နည်းနေမယ်ဆိုရင်လည်း ကလေးက ကျီးကန်းပါးစပ်ခံစားရနိုင်ပါတယ်။
ကျီးကန်းပါးစပ်မဖြစ်အောင်ဘယ်လိုဂရုစိုက်မလဲ
ကျီးကန်းပါးစပ်ဖြစ်စေတာက မှိုနဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့်
- ကလေးကို ဘက်တီးရီးယားနဲ့ မှိုပိုးတွေကနေ အတတ်နိုင်ဆုံးကာကွယ်ပါ။
- တစ်ကိုယ်ရေသန့်ရှင်းရေးကိုဂရုစိုက်ပါ။
- သွေးအားနည်းရောဂါမဖြစ်စေဖို့အတွက် ကလေးကို သံဓာတ်အားဖြည့်ပေးပါ။
- ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေသင့်တင့်မျှတအောင်ကျွေးမွေးပေးပါ။
- ကလေးကို ခံတွင်း၊သွားဖုံး၊ သွားနဲ့ နှုတ်ခမ်းတို့ကိုနေ့စဉ်သန့်စင်ပေးပါ။
- တွေ့ကရာပါးစပ်ထဲကောက်မထည့်အောင်ဂရုစိုက်ပါ။
- ချိုလိမ်နဲ့ နို့ဘူးတွေကိုသေချာဆေးကြောပါ။
- ကလေးခံတွင်းသန့်ရှင်းရေးသုံးပစ္စည်းတွေကို သေချာသန့်စင်အောင်ထားပါ။
- ကလေးကို နှုတ်ခမ်းခြောက်သွေ့ကွဲအက်တာမျိုးမဖြစ်အောင် ရေဓာတ်ပြည့်ဝနေဖို့ ဂရုစိုက်ပါ။
ဒီအချက်လေးတွေကို ဂရုစိုက်လုပ်ပေးမယ်ဆိုရင်တော့ ကလေးက ကျီးကန်းပါးစပ်လို့ခေါ်တဲ့ နှုတ်ခမ်းထောင့်လေးတွေ ကွဲအက်နာကျင်တဲ့ဝေဒနာကနေကင်းဝေးသွားမှာပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။