backup og meta

ဝေဒနာအဖြစ်ပြောင်းလဲသွားတဲ့ မိဘတို့ရဲ့ချစ်ခြင်းမေတ္တာ


Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝေဒနာအဖြစ်ပြောင်းလဲသွားတဲ့ မိဘတို့ရဲ့ချစ်ခြင်းမေတ္တာ

    လောကကြီးမှာ အချစ်နိုင်ဆုံးသူတွေက မိဘတွေပါနော်။ အခြားသူကိုမကြည့်နဲ့ ကိုယ့်ကိုယ်ကိုယ်ကြည့်နော်။ ခုချိန်ထိ ကိုယ့်အကြိုက်တွေကိုသိပြီး ကိုယ့်စိတ်တိုင်းကျဖြစ်အောင် အလိုက်တသိကိုယ့်ကိုလုပ်ပေးနေတာက မေမေ၊ ကြိုက်တတ်တာလေးတွေကို ဝယ်လာပေးတတ်တာက ဖေဖေဟုတ်။ ပြောချင်တာက သားသမီးတွေအပေါ်မှာ မေတ္တာတရားအကြီးမားဆုံးက မိဘတွေဆိုတာပါ။ ငယ်စဉ်ကတည်းကစလို့ သားသမီးတွေကို လုပ်ပေးခဲ့သမျှတိုင်းဟာ မေတ္တာတရားအပြည့်နဲ့ပါ။ တကယ်လို့ ကလေးမှာ ထိခိုက်ခဲ့မယ်ဆိုရင်တောင် ဒါက စေတနာအမှားတွေလို့သာပြောပါရစေ။

    ဝေဒနာအဖြစ်ပြောင်းသွားတဲ့ မိဘတို့ရဲ့ ချစ်ခြင်းမေတ္တာ

    မိဘတိုင်းက ကိုယ့်သားသမီးကိုချစ်တယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ ဒီလိုချစ်တဲ့စိတ်ကြောင့်ပဲ သားသမီးတွေလိုသမျှကို ဘာမဆိုဖြည့်ဆည်းပေးမိကြတယ်လေ။ လိုချင်သမျှကိုဝယ်ပေးတယ်၊ စားချင်သမျှကိုဝယ်ကျွေးတယ်ဆိုတာမျိုးပေါ့။ ဒီလိုဝယ်ကျွေးလိုက်တဲ့အခါ ကလေးက ပျော်သွားရင် ရင်ထဲမှာ အတိုင်းမသိပီတိဖြစ်မိတယ်ဟုတ်။ ဒီပီတိက အဓွန့်ရှည်ဖို့ဆိုရင် ကလေးကို မုန့်ဝယ်ကျွေးတဲ့အခါ ကလေးနဲ့တည့်တာဖြစ်ဖို့ကိုလည်း ဂရုစိုက်ရပါမယ်။

    ဒီလိုပြောရတာ အကြောင်းရှိပါတယ်။ အခုနောက်ပိုင်းဈေးကွက်ထဲမှာ ကလေးတွေကြိုက်အောင်လုပ်ထားတဲ့ အချိုကဲကဲ၊ အငန်ကဲကဲနဲ့ အရောင်အသွေးလှလှပပမုန့်တွေက ကလေးတွေကို လိုအပ်တဲ့အာဟာရတွေမရစေဘဲ အချိုများတာကြောင့် ဒါမှမဟုတ် အငန်များတာကြောင့် ရောဂါတွေတိုးလာစေနိုင်ပါတယ်။ ကလေးတစ်ယောက်ဟာ ငယ်ငယ်ကတည်းက အာဟာရပြည့်ဝအောင်စားမှ လိုအပ်တဲ့ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးမှုကိုရစေမှာဖြစ်သလို အရွယ်ရလာတဲ့အခါမှာလည်း အဝလွန်တာနဲ့ ဆီးချို၊သွေးတိုးလိုမျိုး နာတာရှည်ရောဂါတွေခံစားရမှုကနေကင်းစေတော့မပေါ့။

    ကိုယ်ကျွေးလိုက်တဲ့အစားအစာတွေက ကလေးအတွက်အာဟာရမဖြစ်ဘဲ ဘေးဖြစ်မယ်ဆိုရင်တော့ ဘယ်မိဘမှမကျွေးချင်လောက်ဘူးဆိုတာ အမှန်ပါ။ ဒါပေမယ့် ကလေးက ငယ်တုန်းသာမိဘခွံ့တာကိုစားတာလေ။ အရွယ်လေးရောက်လာလေလေ သူတို့စားချင်တာမှ ပါးစပ်ကိုဟပြီး အားရပါးရစားတတ်ကြတာလေ။ ငယ်စဉ်ကတည်းကအကောင်းဆုံးဖွံ့ဖြိုးမှ ကျန်းမာပျော်ရွှင်သူတစ်ယောက်အဖြစ်ကြီးပြင်းလာမှာပါ။

    ချစ်ခြင်းမေတ္တာတွေကနေဖြစ်ပေါ်လာတဲ့ပီတိတွေအဓွန့်ရှည်စေဖို့

    ကလေးကို ပျော်စေချင်လို့ဖြည့်ဆည်းပေးလိုက်တဲ့အရာတိုင်းက ကလေးအတွက် မေတ္တာတရားနဲ့ဖြစ်ပြီး ဒီစေတနာမေတ္တာတွေက ဝေဒနာတွေရဲ့ အရင်းခံမဖြစ်စေဖို့ဆိုရင် ကလေးကိုငယ်စဉ်ကတည်းက အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့အတွက် ကလေးလည်းကြိုက် အာဟာရလည်းဖြစ်အောင် ကိုယ်တိုင်ပြင်ဆင်ကျွေးမွေးပေးလို့ရပါတယ်။

    ကလေးတစ်ယောက် ရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါအကောင်းဆုံးဖွံ့ဖြိုးစေဖို့ဆိုရင် ကလေးစားမယ့် အာဟာရတွေထဲမှာ

    ပရိုတင်း– ကိုယ်ခံအားကောင်းစေဖို့၊ အရိုးနဲ့ကြွက်သားတွေအကောင်းဆုံးဖွံ့ဖြိုးစေဖို့အတွက်အရေးပါပါတယ်။ ကြီးထွားဖွံ့ဖြိုးဖို့အရှိန်ယူနေတဲ့အချိန်မှာ မဖြစ်မနေလိုအပ်မယ့် အာဟာရတစ်ရပ်ပါ။ အနီရောင်အသား၊ ကြက်သား၊ ငါး၊ ဥအမျိုးမျိုး၊ အခွံမာသီး၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းတွေကနေရရှိနိုင်ပါတယ်။

    ဗီတာမင် C – အရေပြားပြဿနာကင်းစေဖို့၊ ကိုယ်ခံအားကောင်းစေဖို့အတွက်အရေးပါပါတယ်။ ဖျားနာမှုကင်းကင်းနဲ့ အကောင်းဆုံးကြီးထွားလာစေဖို့ အရေးပါတဲ့ ဗီတာမင်တစ်မျိုးပါ။ လိမ္မော်သီး၊ အချဉ်ဓာတ်ပါတဲ့အသီးတွေ၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊အာလူး၊ ဖရဲသီး၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ဟင်းနုနွယ်၊ သင်္ဘောသီး၊ သရက်သီးတို့က ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပါတယ်။

    ဗီတာမင် A – အရွယ်တိုင်းအတွက်အရေးပါပါတယ်။ အမြင်အာရုံကျန်းမာစေသလို အရေပြားကိုလည်းကျန်းမာစေပါတယ်။ ကူးစက်ရောဂါတွေကနေလည်း အထိရောက်ဆုံးကာကွယ်ပေးပါတယ်။ မုန်လာဥနီ၊ ကန်စွန်းဥ၊ တရုတ်ဇီးသီး၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ ငါးကြီးဆီ၊ ကြက်ဥအနှစ်တို့ကနေ ရရှိနိုင်ပါတယ်။

    ကာဗိုဟိုက်ဒရိတ်ဒါကတော့ အရေးပါတဲ့ အာဟာရအုပ်စုတွေထဲကတစ်ခုပေါ့။ ခန္ဓာကိုယ်အတွက် အင်အားဖြစ်စေတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့လိုအပ်သလို တစ်ရှူးတွေအသစ်ဖြစ်ပေါ်စေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးပါတယ်။ ပေါင်မုန့်၊ ထမင်း၊ Cereals၊ အာလူး၊ ကန်စွန်းဥတို့ကနေရရှိနိုင်ပါတယ်။

    အဆီခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေဖို့ လိုအပ်တဲ့ဓာတ်တစ်မျိုးပါ။ အဆီဆိုတိုင်း မကောင်းတာမဟုတ်ပါဘူး အကျိုးပြုအဆီတွေက ကလေးတစ်ယောက်ကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံးကြီးထွားဖွံ့ဖြိုးစေဖို့ ထောက်ပံ့ပေးပါတယ်။ အဆီပြည့်နို့၊ ဟင်းချက်ဆီသန့်၊ အနီရောင်အသား၊ ငါး၊ အခွံမာသီးတွေ ကနေရရှိနိုင်ပါတယ်။

    ကယ်လ်ဆီယမ် – အရိုးတွေနဲ့သွားတွေအကောင်းဆုံး သန်မာစေဖို့လိုအပ်ပါတယ်။  သွေးခဲစေဖို့ထောက်ပံ့ပေးသလို၊ အာရုံကြောတွေ၊ ကြွက်သားနဲ့ နှလုံးလုပ်ငန်းဆောင်တာတွေ ကောင်းမွန်စေဖို့အတွက်လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ နို့၊ချိစ်၊ ဒိန်ချဉ်၊ ရေခဲမုန့်၊ ကြက်ဥအကာ၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ တို့ဟူးတို့ကနေရရှိနိုင်ပါတယ်။

    သံဓာတ် – ခန္ဓာကိုယ်အနှံ့ကဆဲလ်တွေဆီ သွေးစီးဆင်းရောက်ရှိမှုကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ သွေးအားနည်းရောဂါမဖြစ်အောင် ကာကွယ်ပေးသလို အာရုံစူးစိုက်မှုကောင်းစေပြီး တက်ကြွလန်းဆန်းသူလေးအဖြစ် အရွယ်ရောက်လာစေမှာပါ။ အနီရောင်အသား၊ အသည်း၊ ကြက်သား၊ ဂျုံ၊ ပဲအမျိုးမျိုး၊ အခွံမာသီးတွေမှာပါဝင်နေပါတယ်။

    ဖောလိတ် – ကလေးရဲ့ဆဲလ် ကျန်းမာစွာနဲ့ဖွံ့ဖြိုးလာစေဖို့ အရေးပါပါတယ်။ ဉာဏ်ရည်ဖွံ့ဖြိုးစေဖို့နဲ့ သွေးအားကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ကောက်နှံတစ်ခုလုံးပါတဲ့ cereals၊ ပဲနီလေး၊ ကုလားပဲ၊ ကညွတ်၊ ဟင်းနုနွယ်၊ ဗိုလ်စားပဲ တို့ကနေရရှိနိုင်ပါတယ်။

    အမျှင်ဓာတ် – ဝမ်းမှန်စေသလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝအောင်ကျွေးပေးတာက ကလေးကို အသက်ကြီးလာတဲ့အခါ ကလေးကို နှလုံးရောဂါ နဲ့ ကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ရာရောက်ပါတယ်။ ကောက်နှံတစ်ခုလုံးပါတဲ့ cereals၊ ကုလားပဲ၊ ပဲနီလေး၊ ဗိုလ်စားပဲ၊ အစေ့အဆန်တွေ နဲ့ အခွံမားသီးတွေကျွေးပေးတာက ကလေးကို အမျှင်ဓာတ်ကြွယ်ဝစွာရရှိစေမှာပါ။

    ဒါကြောင့် ဖေဖေမေမေတို့အနေနဲ့ သားသမီးတွေ အပေါ်ထားတဲ့ စေတနာက ဝေဒနာအဖြစ်မပြောင်းလဲစေဖို့အတွက် ကလေးကို အာဟာရဖြည့်တင်းပေးတဲ့အခါ အချိုနဲ့ အငန်ကဲတဲ့အစားအစာတွေအစား အခုပြောတဲ့အာဟာရဓာတ်တွေပါဝင်နေတဲ့ အစားအစာတွေကိုကျွေးပေးပါနော်။ ဒါဆိုရင်တော့ ချစ်ခြင်းမေတ္တာတွေကို အကောင်းဆုံးဖော်ပြရာရောက်မှာဖြစ်သလို ချစ်ခြင်းမေတ္တာတွေကလည်း ဝေဒနာအဖြစ်မပြောင်းတော့ဘူးပေါ့…………..

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement