backup og meta

ပန်းသီးရှာလကာရည် သောက်ရင် သတိထားသင့်တဲ့အချက် (၆) ချက်

ပန်းသီးရှာလကာရည် သောက်ရင် သတိထားသင့်တဲ့အချက် (၆) ချက်

အကျိုးကျေးဇူးများတယ်ဆိုပြီး ပန်းသီးရှာလကာရည် က အတော်လေးခေတ်စားသွားသေးတယ်နော်။ အဆီလည်းကျတယ်၊ နှလုံးအတွက်ကောင်းတယ်၊ အသားလှတယ်၊ အဆိပ်အတောက်သန့်စင်ပေးတယ် စတဲ့အစွမ်းအာနိသင်တွေရှိတယ်။ ဒါ့ကြောင့် ရတဲ့နေရာက အပြေးအလွှားသွားဝယ်ပြီး နေ့တိုင်းသောက်ကြလေရဲ့။

ပန်းသီးရှာလကာရည် မှာ ကျန်းမာရေးအကျိုးကျေးဇူးတွေများတာ မှန်ပါတယ်။ ဒါပေမယ့် “ဆရာ မပြ နည်းမကျ” ဆိုသလို အသုံးပြုတဲ့နည်းလမ်းမှန်ကန်မှ ဒီအစွမ်းတွေကိုရရှိနိုင်မှာပါ။ နည်းလမ်းမှားခဲ့ရင်တော့ ကျန်းမာရေးအကျိုးကျေးဇူးတွေမရမယ့်အပြင် အန္တရာယ်ပါဖြစ်စေနိုင်တာ သတိထားသင့်တဲ့အချက်ပါ။

သူက အဆီကျစေနိုင်တယ်၊ နှလုံးကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတဲ့အချက်နဲ့ မြန်မြန်ပိန်ချင်သူတွေက ရေတောင်မရောဘဲ နေ့တိုင်းသောက်ချနေကြတာ ကြောက်စရာပါ။ ဒီလိုသောက်မယ်ဆို ပန်းသီးရှာလကာရည်မှာပါတဲ့ အက်စစ်ကြောင့် အစာရေမျိုနဲ့ အစာအိမ်ကို ဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် သူနဲ့ပတ်သက်ပြီး သိထားသင့်တာက ပမာဏမလွန်ကဲစေဘဲ ရေရောသောက်ရမှာဖြစ်တယ်။ ချက်ချင်းအဆီကျပြီး ပိန်မှာမဟုတ်ဘူး။ အကျိုးကျေးဇူးတွေကို ဖြည်းဖြည်းချင်းပဲ ရနိုင်မယ်ဆိုတာပါပဲ။ ပန်းသီးရှာလကာရည် ရဲ့ ကျန်းမာရေးအာနိသင်တွေကို ရချင်တယ်ဆို သတိထားသင့်တဲ့အချက်လေးတွေကို ဆက်ပြီးဖတ်ကြည့်ပါဦး။

ပန်းသီးရှာလကာရည် သောက်ရင် သတိထားသင့်တဲ့အချက် (၆) ချက်

(၁) အစာစားပြီးတာနဲ့ သောက်လိုက်တယ်

ဒါမှန်တယ်လို့ ထင်ပါသလား။ အစာကြေတယ်၊ အဆီတွေ ချေဖျက်တယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဒါပေမယ့် ပန်းသီးရှာလကာရည်ကို အစာမရှိချိန်မှာ သောက်တာ သူ့ရဲ့အစွမ်းအာနိသင်တွေကို ပိုရနိုင်တဲ့နည်းအမှန်ပါ။ ရေတော့ရောရမှာပေါ့နော်။ အစာစားပြီးမှ သောက်မယ်ဆို ကိုယ့်စားလိုက်တဲ့ထဲမှာ သူ့အာနိသင်ကို အားလျော့စေတဲ့ အစားအစာတွေပါတယ်ဆိုရင် မထူးတော့ဘူးလေ။ ကျွမ်းကျင်သူတွေကတော့ သူ့ကိုသောက်ပြီး မိနစ် ၂၀လောက်နေမှ အစားစားသင့်တယ်လို့ အကြံပြုထားပါတယ်။

(၂) အငွေ့ရှူတယ်

နှာစေးနှာပိတ် သက်သာတယ်၊ ခေါင်းကိုက်သက်သာတယ်ဆိုပြီး ပန်းသီးရှာလကာရည်ပါတဲ့ ရေနွေးငွေ့နဲ့ ရှူသွင်းတာက ကောင်းတဲ့နည်းလမ်းမဟုတ်ပါဘူး။ ပန်းသီးရှာလကာရည်က အစာခြေစနစ်နဲ့ နှလုံးကျန်းမာရေးအတွက် ကောင်းတယ်ဆိုလည်း အဆုတ်အတွက်တော့ လုံးဝမကောင်းပါဘူး။ ရိုးရိုးရေငွေ့နဲ့တောင် အဆင်မပြေတာ အက်စစ်ပါတဲ့ ဒီရေငွေ့ဆို ပိုထိခိုက်နိုင်ပါတယ်။

ပန်းသီးရှာလကာရည် သောက်ရင် သတိထားသင့်တဲ့အချက် (၆) ချက်

(၃) တစ်ကျိုက်တည်းသောက်ချပါ

ရေတွေ ရောထားတယ်ပဲဆိုဆို သူ့မှာ အက်စစ်ဓာတ်က အများကြီးပါနေတုန်းပဲလေ။ ဒါ့ကြောင့် သွားကြွေလွှာကို မပျက်စီးစေဖို့ ပိုက်နဲ့စုပ်တာ၊ နည်းနည်းချင်းသောက်တာတွေမဟုတ်ဘဲဖျော်စပ်ပြီးသားအရည်ကို တစ်ကျိုက်တည်း သောက်ချတာ ကောင်းပါတယ်။ သူ့ကို သောက်တဲ့အချိန်နဲ့ သွားတိုက်တဲ့အချိန်ကိုလည်း အနည်းဆုံး မိနစ် ၃၀လောက်ခွာဖို့ အကြံပြုထားပါတယ်။

(၄) စသောက်ကာစမှာ အများကြီးထည့်သောက်တယ်

စပြီးသောက်တဲ့ကာလမှာ နည်းနည်းပဲသောက်ပြီး ကျင့်ယူပါ။ နောက်မှ တိုးတိုးပြီးသောက်ပါ။ ဥပမာ စသောက်ချိန် ဘာမှမဖြစ်ဘူးဆိုရင်တောင် တစ်ခါသောက်ရင် ရေတစ်ဖန်ခွက်မှာ ထည့်ဖျော်တာ လက်ဖက်ရည်ဇွန်းလေး၂ ဇွန်းထက်မကျော်ပါနဲ့။ အကျင့်ရပြီး ဗိုက်ထဲပူတာ၊ လောင်တာမဖြစ်ဘူးဆိုမှ တိုးပြီးသောက်ပါ။ စစချင်းမှာ များများထည့်မိရင် အစာလမ်းကြောင်းမှာ ပူလောင်ပြီး ဗိုက်အောင့်တတ်ပါတယ်။

(၅) အိပ်ရာမဝင်ခင် သောက်တယ်

မစားခင်သောက်တာတော့ ဟုတ်နေပေမယ့် မအိပ်ခင်သောက်တာ မလုပ်သင့်ပါဘူး။ သောက်ပြီး ချက်ချင်းတန်းအိပ်တာက အစာရေမျိုအတွက် မကောင်းတဲ့အကျိုးဆက်တွေဖြစ်လာစေနိုင်တယ်။ ရေရောထားတယ်ဆိုတာတောင် လှဲအိပ်လိုက်တဲ့အခါ အက်စစ်နဲ့ထိတွေ့မိတဲ့ အစာရေမျိုမှာ ထိခိုက်စေနိုင်ပါတယ်။ ဘယ်အချိန်မှာပဲသောက်သောက် သူ့ကိုသောက်ပြီး မိနစ် ၃၀ အတွင်း လှဲမအိပ်ရပါဘူး။

ပန်းသီးရှာလကာရည် သောက်ရင် သတိထားသင့်တဲ့အချက် (၆) ချက်

(၆) အစာအိမ်ရောဂါပိုးရှိနေရင် သောက်တယ်

Helicobacter pylori ဘက်တီးရီးယားရှိနေတဲ့အချိန်မှာ ပန်းသီးရှာလကာရည် ကို သောက်ရင် မသက်သာဘဲ ပိုဆိုးစေနိုင်ပါတယ်။ ဘက်တီးရီးယားကြောင့် အစာအိမ်အနာဖြစ်စေရတဲ့အထဲ ပန်းသီးရှာလကာရည်ရဲ့အက်စစ်ကြောင့် ပိုဆိုးစေတာပါ။ အစာအိမ်ပြဿနာရှိနေရင် မသောက်ပါနဲ့။

ပြောကြတဲ့အတိုင်း တကယ်လည်းအကျိုးကျေးဇူးများတဲ့ ပန်းသီးရှာလကာရည် က အသားအရေနဲ့ ဆံသားကျန်းမာရေးအတွက်ပါ ကောင်းကျိုးတွေရှိနေတာပါ။ ဒါပေမယ့် သူ့ကိုသောက်သုံးတာပဲဖြစ်ဖြစ်၊ ဆံသားအတွက် ဦးရေပြားမှာသုံးတာပဲဖြစ်ဖြစ် အချိုးအဆမှန်ကန်စွာနဲ့ ရေရောဖြစ်အောင်ရောပါ။ တန်သလောက်ထက် ပိုများရင် ထိခိုက်မှုရှိစေနိုင်တဲ့ ဆေးဖက်ဝင်ပစ္စည်းဖြစ်နေလို့ ဒီအချက်လေးတွေနဲ့ သတိချပ်နိုင်ကြပါစေလို့ အကြံပြုလိုက်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.rd.com/health/wellness/apple-cider-vinegar-mistakes/

Accessed June 5, 2019.

https://timesofindia.indiatimes.com/life-style/health-fitness/photo-stories/caution-never-do-these-6-things-while-drinking-apple-cider-vinegar/photostory/64584400.cms

Accessed June 5, 2019.

ယခုပုံစံ

25/02/2021

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်သန့်စင်ဆေးရည်အသုံးပြုတဲ့အခါ ဘာတွေသတိထားသင့်လဲ

သတိထားသင့်တဲ့ ဗီတာမင် ဒီ အဆိပ်သင့်ခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/02/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement